" အရိုးတွေကိုပစ်ပြီး အရွက်တွေကို ခြင်းတောင်းထဲထည့်လေ အစ်မ... ဘယ်နှယ့်ကြောင့် အရွက်တွေကို အောက်ပစ်ချနေရတာလဲ အစ်မရဲ့ "
မီးဖိုခန်းထဲဝင်လာတဲ့ အငယ့်အသံကြောင့် ငွေမှုန် အတွေးလွန်နေရာကနေ ပေါင်ပေါ်က ဝါးဗန်းလေးကို ငုံ့ကြည့်လိုက်သည်။ ခြွေထားတဲ့ ချဉ်ပေါင်ရွက်တွေက ကြမ်းပြင်မှာ အပုံလိုက်ကျနေပြီး အရိုးတွေကတော့ ဗန်းထဲမှာ အခန့်သားရယ်မလို့ ငွေမှုန်ပျာပျာသလဲနဲ့ ပစ်ထားမိတဲ့ အရွက်တွေကို ဗန်းထဲကောက်ထည့်ရသည်။
" အယောင်ယောင်အမှားမှားနဲ့ ဘာဖြစ်နေတာလဲ အစ်မ ... တစ်ခုခုဖြစ်လို့လား "
" ဟင် . မဖြစ် . မဖြစ်ပါဘူး အငယ်ရဲ့ ... အစ်မက ဘာဖြစ်ရမှာလဲ "
ဒင်္ဂါးက အစ်မငွေမှုန်ကို စူးစိုက်ကြည့်လိုက်သည်။ ခေါင်းကိုအတင်းငုံ့လို့ ပစ်ချထားတဲ့ ဟင်းရွက်တွေကောက်ထည့်နေတာကိုက မူမမှန်နေတာဖြစ်သည်။ မျက်နှာကလည်း ရဲနေသေးတာကြောင့် ဒင်္ဂါး မီးဖိုချောင်ထဲကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အစ်မငွေမှုန် ဘုန်းကြီးကျောင်းကနေ ပြန်လာတာဆိုတော့ နေပူလို့များ ပါးတွေရဲနေလေသလား။
" အစ်မရေ ... ဗိုက်ဆာလို့ဗျ ... ထမင်းကြမ်းခဲရှိသေးလား "
ဒင်္ဂါးတို့မောင်နှမနှစ်ယောက် မီးဖိုခန်းထဲမှာရှိနေတုန်း အပြင်ကနေ ပြန်လာတဲ့ခွေးပုကလည်း အသံတဆာဆာပေးလို့ ဝင်လာသည်။
" ရှိတယ် မောင်ခွေးပု ... အစ်မ ကြက်ဥကြော်ပေးရမလား "
" ရတယ် အစ်မ ... ရှိတာနဲ့သာကျွေး "
" အော် ဟဲ့ . ခဏလေးပါ မောင်ခွေးပုရယ် ... အစ်မ ကြက်ဥကြော်ပေးပါ့မယ် "
အစ်မငွေမှုန်က ပြောပြောဆိုဆိုနဲ့ ဟင်းရွက်ဗန်းကိုချပြီး ကြက်ဥကြော်ဖို့ ပြင်နေတာကြောင့် ခွေးပုလည်း ဆက်မပြောတော့ပဲ မီးဖိုခန်းထဲမှာချထားတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်။
" ဘယ်ကနေ ပြန်လာတာလဲ ကိုခွေးပု ... နဖူးမယ်လည်း ချွေးတွေနဲ့ "
ဒင်္ဂါးကမေးရင်း ခွေးပုဘေးမှာ ဝင်ထိုင်သည်။ ဒင်္ဂါးပြောလိုက်တော့ ပုဆိုးခါးပုံစကိုဖြည်ရင်း နဖူးကချွေးတွေကို ပင့်သုတ်နေတဲ့ ခွေးပုက စကားပြောဖို့ အားယူလိုက်ဟန် သက်ပြင်းတစ်ချက်ကို အရင်ချသည်။
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
Genel Kurguရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024