Chapter 19: ပြန်လည်ညှိနှိုင်းခြင်းဟဲ့ရှောင်ယွင် လည်း ထိုဘူးထဲမှဖိနပ်ကိုထုတ်ယူပြီး သူ(မ)၏ခြေထောက်နှင့်တိုင်းကြည့်လိုက်သည်။ တကယ့်ကို သူ(မ)စီးနေကျအရွယ်အစားပင်ဖြစ်သည်။ ဝေ့ကျန့်ဝေ့ က သူ(မ)၏ဖိနပ်ဆိုဒ်ကို မည်သို့မည်ပုံသိသွားမှန်းမသိပေ။ သူ့လိုလူကြီးလူကောင်းတစ်ယောက်က ဖိနပ်ဆိုင်တွင် အမျိုးသမီးစီးဖိနပ်သွားဝယ်သည့်မြင်ကွင်းကိုမြင်ချင်စမ်းပါဘိ။
ယခု လက်ရှိခေတ်ရေစီးကြောင်းအရ ဖိနပ်၏အသွင်အပြင်မှာခေတ်ဆန်လွန်းပြီး ဖက်ရှင်ကျသည်ဟုဆိုရမည်။ သိုးမွေးများပါဝင်သည့်အပြင် ဒေါက်ခုံအမြင့်လေးကလည်း ဖိနပ်၏အသွင်ကိုပိုမိုထူးကဲစေသည်။ စီရင်စုနယ်မြေတွင် ပင် ဤသို့သောဖိနပ်မျိုးစီးသူကို ဟဲ့ရှောင်ယွင် တစ်ယောက်စနှစ်ယောက်စသာမြင်ဖူးသည်။ ကျေးလက်ဒေသတွင် မူ ဤဖိနပ်နှင့်ခပ်ဆင်ဆင်ဖိနပ်မျိုးကိုပင်မတွေ့ရချေ။ သူ(မ)သာ ဒီဖိနပ်ကြီးစီးပြီးအပြင်လျှောက်သွားလျှင် တစ်ရက်အတွင်း တပ်ရင်းတစ်ခုလုံး၏ပြောစရာဖြစ်ကုန်တော့မည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် စျေးကြီးပြီးအဆင့်အတန်းမြင့်သည့်ပုံပေါ်နေသောကြောင့်ပင်။
ဝေ့ကျန့်ဝေ့ က သူ(မ)ကိုလက်ဆောင်ပေးချင်လျှင်လည်း ဒီအတိုင်း အနက်ရောင်ပိတ်သားဖိနပ် ဝယ်ပေးလိုက်လို့ရရဲ့သားနဲ့။ ထိုဖိနပ်ကမှ လက်တွေ့အသုံးတည့်ပြီးအကြမ်းခံဦးမည်။ ထိုသို့တွေးနေသည့်တိုင် ဝေ့ကျန့်ဝေ့ ဝယ်လာပေးသည့် ဖိနပ်နှင့်စာအုပ်ကိုဗီရိုထဲတွင် ဂရုတစိုက်ထည့်သိမ်းနေမိသည်။
ဝမ့်ချွန်ဟွားမှာ မီးဖိုချောင်ထဲတွင် ဂျယ်လီလုပ်နေသည်။ ဟဲ့ရှောင်ယွင် ရောက်လာချိန်တွင် အနက်ရောင်ဂျယ်လီများကို အတုံးသေးသေးလေးများအဖြစ်လှီးဖြတ်ထားပြီး ပန်းကန်လုံးတစ်ခုထဲသို့ထည့်ထားပြီးဖြစ်သည်။
"အမေ...ဂျယ်လီလုပ်ကျွေးဖို့ဘယ်လိုစဥ်းစားမိတာလဲ"
"ညဥ်းရဲ့ဒေါ်ဒေါ်ကျန်းက...ဟိုနေ့တုန်းက...ကလေးတွေကိုဂျယ်လီလုပ်ကျွေးတယ်လေ
ရှောင်ဟန်ကအဲဒါစားပြီးစားမြုံ့ပြန်လို့မဆုံးတော့ဘူး...ငါ့ကိုလည်း တဂျီဂျီပူဆာနေလို့လုပ်ကျွေးလိုက်တာ"

YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.