part_16

728 90 47
                                    

အပိုင်း_၁၆

.....

ဇာပနအခမ်းအနားအတွက် မင်ဂယူက တာ၀န်ယူပေးရပြီး ဆွန်းဂွမ်၏အစ်မနှစ်ယောက်က ကြက်သေသေနေကြ၏။ မလှုပ်မယှက်နဲ့ငြိမ်နေကြပြီး ဖြစ်သွားသမျှကို အလျှင်မမီတော့ ဂန္ဓမာပွင့်ဖြူဖြူတွေအုပ်မိုးခံထားရတဲ့ မောင်လေးရဲ့ခေါင်းတလားကိုသာ တွေတွေလေးစိုက်ကြည့်နေကြရှာသည်။ ၀န်ဝူးကတော့ ဇာပနကိုလာတဲ့ ဆေးရုံကမိတ်ဆွေတွေကို ဧည့်ခံပေးရပြီး အစ်မနှစ်ယောက်ရဲ့အခြေနေကိုလည်း နာရီ၀က်တစ်ခါလောက်လှမ်းကြည့်ရသည်။ ငိုချလိုက်မှ စိတ်ပေါ့သွားမည်ဖြစ်ပါသော်လည်း မငိုကြပဲ တင်းခံထားတဲ့ အစ်မတွေအစား ၀န်ဝူးရင်မှာလည်း တင်းကြပ်ရ၏။ ထို့ကြောင့် ခေါင်းတလားရှေ့က အစ်မတွေထံသွားလို့ ..

"မနက်ဖြန်ဆိုရင်ပဲ ကလေးကိုမြေချရတော့မှာ...၊ စကားလေးပြောပြီး နှုတ်ဆက်လိုက်ပါဦးလား"

‌စိတ်မကောင်းလွန်း၍ ငိုသံယှက်နေခဲ့ပါသော ၀န်ဝူးစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အစ်မနှစ်ယောက်သည် ဆွန်းဂွမ်၏ရုပ်အလောင်းလေးကို ခေါင်းတလားဖွင့်၍ ထကြည့်ကြ၏။

ပျောက်သွားပြီး သုံးရက်နေမှပြန်တွေ့ခဲ့လို့ ရေစာဖြစ်ခဲ့ရသော ခန္ဓာအစိတ်အပိုင်းအချို့မှာ မြင်ဖို့မရဲ၊ ခေါင်းလုံးလုံးလေးရဲ့ဆံပင်တွေသာ အလွမ်းပြေထိတွေ့ခွင့်ရပြီး ၀မ်းဗိုက်က မဖြည်ရသေးသော ချုပ်ရိုးချည်မျှင်အနက်ရောင်တို့က ဟိုတစ်စ၊ ဒီတစ်စ။

"ငါတို့မောင်လေးက ၀ဋ်ကျွတ်သွားတာ...။ သူ့ခန္ဓာကိုယ်ကို သူကအရင်ထားခဲ့တာမို့ ဒီနာကျင်မှုတွေအကုန်လုံးကို ခံစားလိုက်ရမှာမဟုတ်ဘူး...ဘယ်လောက်တောင်တော်လိုက်လဲ... ။ ဟင် ဟုတ်တယ်မလား.."

မျက်ရည်ဟာ ပိုးပိုးပေါက်ပေါက်ကျနေပါလျှက် မျက်နှာကတော့ တစ်ချက်မမဲ့တဲ့ အစ်မကြီးရဲ့စကားကို ၀န်ဝူးအကောင်းဆုံးအားတင်း၍ ခေါင်းငြိမ့်ထောက်ခံပေးလိုက်ရသည်။

"အမေတို‌့တော့ ပျော်နေတော့မှာပဲ၊ ငါတို့အငယ်ဆုံးလေးက သူတို့ဆီအရင်ရောက်လာလို့.."

ထပ်မံဆိုလာသော အစ်မငယ်ရဲ့စကားမှာတော့ ၀န်ဝူးအားတင်းဖို့ မစွမ်းသာတော့ပြီ၊ ထိန်းထားတဲ့ကြားကအီကနဲ ငိုချလိုက်မိတော့ အစ်မတွေမြင်ရင် စိတ်မကောင်းမှာစိုး၍ အပြင်ကို ခပ်သုတ်သုတ်ထွက်လာလိုက်ရ၏။

PartnerWhere stories live. Discover now