Unicodeမွှေးပျံ့သင်းကြိုင်သော ကြာပန်းပွင့်များ ၊ အထူးစီရင်ထားသော အမွှေးနံ့သာများ ၊ ကြည်လင်သော သောက်တော်ရေများ၊ နတ်ဩဇာဆွမ်းတော်များ နှင့်တကွ ကြာရိုးဖြင့်ရက်လုပ်သော ကြာသင်္ဃန်း ၊ ပန်းပေါင်းစုံဖြင့်ရက်လုပ်ထားသော ပန်းမွေ့ယာတို့အား တန်ခိုးစွမ်းအားတို့ဖြင့် အဆန်းတကြယ် အစီအရီ ကပ်လှူပူဇော်ထားသော မဟာမုနိရုပ်ပွားတော် မြတ်ကြီး ရှေ့ဝယ် ဝတ္တထရာပြည် နဂါးဘုရင် နှင့် မိဖုရားတို့ သည် ရိုသေစွာ ဦးခိုက်ကန်တော့လျက် တောင်းဆုပြုနေကြသည်။
"တပည့်တော်တို့ဟာ တရားထူး တရားမြတ် မရနိုင်တဲ့ စတုမဟာရာဇ်ဘုံက နဂါးများဖြစ်သော်လည်း အလှူအတန်း ကုသိုလ်ကောင်းမှုများစွာပြုလုပ်ရာမှာတော့ လက်မနှေးခဲ့ကြပါဘုရား....
တပည့်တော်တို့ ပြုဖူးသမျှ ကောင်းမှုကံစေတနာအဖြာဖြာတို့ကြောင့် ဘုန်းကံကြီးမားသော သားသမီးရတနာလေး တစ်ယောက် အမြန်ဆုံး ပိုင်ဆိုင်ခွင့်ရပါရစေ အရှင်ဘုရား....."ထိုသို့တောင်းဆုပြုပြီး အဆုံးသတ်တွင် မိဖုရားကြီးသည် ထုံးစံအတိုင်း မျက်ရည်ကျကာ ကျိတ်ငိုလေ၏။
နှစ်သန်းပေါင်းများစွာ ဥပုသ်နေ့တိုင်း ဝတ်မပျက် လာရောက် တောင်းဆုပြုခဲ့ပြီး အလှူဒါနများစွာပြုကာ သူတစ်ထူးတို့အပေါ်တွင် အမြဲစိတ်ကောင်းစေတနာထားခဲ့သော်လည်း သူ(မ) တို့မှာ ယခုထိ ဆုတောင်းမပြည့်နိုင်သေးပေ။
ထိုသို့တွေးမိတိုင်း ကိုယ့်အဖြစ်ကိုယ် သနားမိသဖြင့် မိဖုရားသည် ဝမ်းနည်းပူဆွေးကာ မချိတင်ကဲငိုယိုနေတတ်သည်။
"ဘယ်ဘဝကဝဋ်ကြွေးကြောင့် ဒီလောက်တောင်မှ ခက်ခဲနေပါလိမ့် .....သားသမီးလေး တစ်ယောက်လောက်ကိုသာ ပိုင်ဆိုင်ရရင် ရူးမတတ်ချစ်မိမှာပဲ...."
မိဖုရား သန္တာဝတီ က ရေရွတ်သလို ညည်းတွားလိုက်သည်။
နတ်နဂါးအရှင်က နှစ်သိမ့်သလို ပြုမူလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးချကာ ဘုရားကျောင်းဆောင်ထဲမှ အတူထွက်လာခဲ့ကြသည်။
မဟာမုနိ စေတီတော်မြတ်၏ ဘုရားပရဝုဏ်ထဲတွင် ကြီးမားသောအင်ကြင်းပင်ကြီးတစ်ပင်ရှိပြီး ထိုအပင်မှ အင်ကြင်းပန်းတို့သည် သားသမီးရတနာ ရစေသော အဆောင်အဖြစ် ဝတ္တထရာနတ်နဂါးပြည်တွင် အယူအဆ ရှိသောကြောင့် ဝတ္တထရာ မိဖုရားသည်လည်း ဘုရားဝတ်ပြုပြီးတိုင်း တစ်ပွင့်ခူးယူပြီးပြန်လေ့ရှိသည်။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...