Unicode
" အဓိပတိ နှင့် ကျွန်ုပ် မလိခ အပြန်အလှန်အကြား ထပ်တူညီသောချစ်ခြင်းများသည် ဘဝဆက်တိုင်းသက်ရောက်ပါစေသား"
အခုရက်ပိုင်းတွေမှာ ကောင်းကောင်းအိပ်မပျော်လို့ ထင်ယောင်ထင်မှားတွေမြင်နေတာ ဒါမှမဟုတ် ထပ်ပြီး အိမ်မက်ထပ်မက်နေတာများလားလို့ အဓိပတိက အရင်ဆုံးတွေးလိုက်မိသည်။
အိမ်မက်လည်းမဟုတ် ထင်ယောင်ထင်မှားလည်း မဟုတ်ဟု သေချာအတည်ပြုပြီးသွားသည့်အချိန်တွင် နဂိုကတည်းက တုန်ယင်နေသော သူ့လက်သည် ထိုသစ်ရွက်လေးကို ကျိန်စာတစ်ခုလို လန့်ဖျန့်ကာ လွှတ်ချလိုက်လေသည်။
"အားးး......မ... မဖြစ်နိုင်ဘူး....."
မေးဖျားများတုန်ယင်ကာ သူ့နထင်နှစ်ဖက်ကို လက်များဖြင့်ဖိလျက် သွေးရူးသွေးတန်း အော်လိုက်မိသည်။
ထို့နောက် ထိုသစ်ရွက်လေးအားပြန်ယူကာ နောက်တစ်ခေါက်ထပ်ဖွင့်ကြည့်မိသည် ။ မြင်ရသည်က အတူတူပင်ဖြစ်ပြီး သူ့နှုတ်မှ ဘာစကားမျှထွက်မလာတော့ပါ ။ ထိုအစား မျက်ရည်ပူများသာ စီးကျလာလေသည်။ ရက်စက်မှု သရဖူဆောင်းပြီး တန်ခိုးအာဏာ ကြီးမားသော
ပဏိတ္တထရာ၏ ဧကရာဇ် ဘုရင်ကြီး အရှင် အဓိပတိသည် ကလေးငယ်လေးလို မြေပေါ်ထိုင်ချကာ ရှိုက်ကြီးတငင် ဝမ်းနည်းပက်လက်ငိုယိုလေတော့သည်။လွန်ခဲ့တဲ့ လပိုင်းက ဒီသစ်ပင်ကြီးအောက်မှာ မလိခ ကို မြပုဏ္ဏမီနဲ့ မိတ်ဆက်ပေးတုန်းက မလိခ ဘာပြန်ဖြေခဲ့ပါလိမ့်ဟု ပြန်စဥ်းစားလိုက်သည်။ ခပ်ယဲ့ယဲ့ပြုံးနေသော သူ(မ) မျက်နှာလေးမှ လွဲ၍ ဘာမှ မမှတ်မိတော့ပါ။ နုံနဲ့အားနည်းသော မလိခ လေး သည် သူ့နှုတ်မှထွက်သော နှလုံးသားနုနုကိုဓါးဖြင့်အစိမ်းလိုက်မွှန်း သလိုစကားများကို ဘယ်လို အင်အားနဲ့ များတောင့်ခံထားခဲ့သလဲ မတွေးရဲတော့ပေ။
တစ်ဘဝလုံးနှင့်လဲလို့ရလျှင်လဲချင်မိသည့် သူ(မ) ဆုတောင်းလေးသည် ဤသို့ဖြစ်နေလိမ့်မည်ဟု အဓိပတိ တစ်ခါမှ မတွေးခဲ့မိပါ။
ရူးရူးမိုက်မိုက် ကလေးမလေး၏ ဖြူဖြူစင်စင် အကြင်နာမေတ္တာများသည် သူ့ထက်ပင်သာလွန်နေသေးသလား ထင်ရသည်။
သူ့မိဘများပင် ထိုသို့ချစ်ခြင်းမျိုး မပေးခဲ့ဖူးပါ။
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...