Unicode
မီးရောင် မှိန်မှိန်လေးများ အခန်းပတ်လည်ထွန်းထားကာ အမွှေးနံ့သာသင်းသင်းလေးတစ်မျိုး ပျံ့နှံ့နေသော အသံလုံ အိပ်ခန်းတစ်ခုဝယ် ၆ ကြိုးတပ်ကျောက်သားတူရိယာအား ဖြူသွယ်သော ပေါင်တံလေးများပေါ်တွင်ထောင်ကာ ကမာခွံငယ်လေးဖြင့်တီးခတ်နေသော အမျိုးသမီးငယ် ၂ ဦးက ကကွက်ပို၍မြူးကြွစေရန် တီးလုံးတစ်ခုပြောင်းလိုက်သည်။
ဗုံတိုလေးများကို တီးနေသူ ၂ဦးနှင့် ပုလွေမှုတ်သူ မိန်းမပျိုလေး၊ လင်းကွင်းငယ်လေးအား လက်တစ်ဖက်မှ ကိုင်ကာ အခြားလက်တစ်ဖက်က ငွေရောင်တုတ်ချောင်းလေးဖြင့် တီးခတ်ကာ တေးသီချင်းသီကြွေးနေသော မိန်းမပျို အစရှိသူတို့ကလည်း ထိုစောင်းသံနှင့်လိုက်ဖက်စွာပင် တီးမှုတ်သီဆိုနေကြသည်။
ရတနာများကဲ့သို့ ပြစ်မျိုးမဲ့မထင် လှပသော ကချေသည် မိန်းမပျို ၅ ဦးတို့က ၄င်းတို့အပေါ်ယစ်မူးတိမ်းညွှတ်လာစေရန် စည်းချက်နှင့်အညီ ညှို့အားပြင်းရှ မြူးကြွစေသော လိင်အသားပေးကကွက်များဖြင့် သူ(မ)တို့၏ ရင်သားနှင့် တင်သားများကို လှုပ်ခါကာ အရှင် အဓိပတိအား ကပြဖျော်ဖြေနေသည်။
အရောင်စုံ ကျောက်မျက်များတွဲလောင်းချ စီခြယ်ထားသော
ငွေမှင်ရောင်အဝတ်အစားများကြား သူ(မ) တို့၏ ရင်သားများများမှာ လှုပ်လီလှုပ်လဲ့ ရုန်းကြွနေကြသည်။သူမတို့၏ ရင်ညွန့်၊ ဗိုက်သား၊ ပေါင်တံနှင့် ခြေတံသွယ်သွယ်လေးများအား လှစ်ဖော်ထားပြီး အက ကဝေပူးနေသည့်အလား အလှတရားတို့က ယစ်မူးဖွယ်ရာပင်။
စည်းချက်နှင်အညီ သေးကျဥ်သောခါးလေးများနှင့် စွင့်ကားသောတင်ပါးလေးများအား ကော့ကောက်ခါရမ်းလိုက်တိုင်း တွဲလောင်းကျနေသော ရောင်စုံကျောက်မျက်လေးများ အချင်းချင်းပွတ်တိုက်မိပြီး ချလွင် ချလွင် မြည်သောအသံလေးများက တစ်မျိုးစွဲမက်ဖွယ်ကောင်းလှသည်။
ထို မိန်းမပျိုလေးများ အားလုံးတို့ အရှင့်၏ ကိုယ်လုပ်တော် ဖျော်ဖြေရေးအဖွဲ့ပင်ဖြစ်သည်။ဇာပုဝါရှည်များ တွဲလောင်းချကာ ကာရံထားသော ကြီးမားကျယ်ပြန့်သည့် စက်ဝိုင်းပုံစံ ကျောက်သားကုတင်ကြီးပေါ်ရှိ ထူထဲလှသော မွေ့ယာကြီးပေါ်တွင် ပိုးချည်ဖြင့် သေသပ်ခမ်းနားစွာရက်လုပ်ထားသောညအိပ်ဝတ်ရုံလွှာကို ဝတ်ဆင်ထားသူ အရှင်အဓိပတိက သူ့ရှေ့တွင် ကပြဖျော်ဖြေကာ ပျော်တော်ဆက်နေသောအဖွဲ့အား အာရုံမရပဲ အကြောင်းအရာတစ်ခုဆီသာအတွေးရောက်နေ၏။
![](https://img.wattpad.com/cover/375500514-288-k421861.jpg)
YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...