မှားယွင်းသော အထောက်အထား
ယွင်ဖန်းသည် စွင်းယွမ်၏ ခြိမ်းခြောက်မှုကို စိတ်ထဲအထိ ယူမထားခဲ့ဘဲ နောက်တစ်နေ့မှာ သောကြာနေ့အား ကုန်ဆုံးရန် တက်ကြွစွာဖြင့် ကျောင်းကို စောစောရောက်သွားလေသည်။
သို့သော်လည်း မနက်ပိုင်းစာဖတ်ချိန်ပြီးသည်အထိ ရိချန်းလျန်၏ ခုံနေရာက အလွတ်ဖြစ်နေခဲ့တာကြောင့်သူက ကျိရှုမော့ဆီသွားကာ မေးလိုက်သည်။
"ရိချန်းလျန် ဘာလို့မလာသေးတာလဲ?"
ပေါင်မုန့်လိပ်ကို တမြုံမြုံစားနေသူ ကျိရှုမော့က ခေါင်းလှည့်ကာ ရိချန်းလျန်၏ ထိုင်ခုံကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မပီမသရေရွတ်လာ၏။
"ငါလည်း မသိဘူး"
ဤကိစ္စကြောင့် ယွင်ဖန်းမှာ တစ်မနက်လုံး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရသည်။ သူက နေ့လည်ခင်းအားလပ်ချိန်တွင် ရှင်းနန်လမ်းကြားကို သွားဖို့ စီစဉ်ထားခဲ့ပေမဲ့ နောက်ဆုံး ကိုယ်ပိုင်စာကြည့်ချိန်အတွင်း လောင်ဖုန်း ခေါ်တာကို ခံလိုက်ရသည်။
"မင်းရဲ့အမေ ကျောင်းဝင်ပေါက်မှာ မင်းကို စောင့်နေတယ်။"
လောင်ဖုန်းက သူ့ပုခုံးကိုပုတ်လိုက်သည်။
"သွားလိုက်ဦး"
ယွင်ဖန်း ပဟေဠိဖြစ်သွားကာ ကျောင်းဝင်ပေါက်ဆီသွားလိုက်တော့ သူ့ကို လက်ဝှေ့ယမ်းပြနေသည့် ထန်ရိကို တွေ့လိုက်ရသည်။
ထန်ရိက ပွင့်ရိုက်ဆင်ဂါဝန်ကို ဝတ်ထားကာ ဆံပင်လိပ်ထား၏။ သူမထံမှ ရေမွှေးနံ့ဖျောဖျော့လေးကိုတောင် ရနေခဲ့သေးသည်။
သူက သူမကို ရှုပ်ထွေးမှုစွာ ကြည့်လိုက်၏။
"အမေ ဒိတ်သွားလုပ်မလို့လား?"
ထန်ရိက သူ့စကားကြောင့် ရှက်သွေးဖြာသွားခဲ့ကာ သာသာလေးရိုက်လိုက်သည်။
" ကလေးဖြစ်ပြီး ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာတုန်း။ အမေက သားကို စိတ်ပညာရှင်ဆီ ခေါ်သွားမလို့လေ။"
ယွင်ဖန်း၏ စိတ်ရှုပ်ထွေးမှုက ပိုတောင်နက်ရှိုင်းသွားရသည်။ ထို့နောက်မှာ ထန်ရိက သူမစကပ်အား အနည်းငယ် အဆင်မပြေဟန်ဖြင့် ဆွဲချနေတာကို မြင်လိုက်ရသည်။
YOU ARE READING
အချိန်မီလေး...[ဘာသာပြန်]
Romanceစာရေးသူ : ကွေးဟုန်လော့ရွှယ် အမျိုးအစား : Yaoi/Danmei/BL, Reincarnation, Modern,Sweet,Campus