နွေအကုန်မိုးကသည်းကြီးမည်းကြီးရွာသွန်းနေသည်မို့ တောင်ပေါ်ရွာလေးတစ်ခုလုံး မိုးမည်းရဲ့ကြီးစိုးမှုအောက်ငြိမ်ဝပ်နေရသည်။
တစ်ရွာလုံးမိုးသံလေသံတွေကြားငြိမ်ကုတ်နေပေမယ့် မငြိမ်သက်နိုင်ပဲ သောကပရိဒေဝတွေနဲ့ ကြွပ်စီကြွပ်စီဖြစ်နေသော မီးရောင်မှိန်ပျပျနဲ့အိမ်တော်တစ်ခုအတွင်းမှာတော့
"နွီအာ...အားတင်းထားပါဦး ရီဖေးကိုယ်တိုင် သမားတော်သွားပင့်တယ်လေ..အားတင်းထားဦးနော်''
သမီးဖြစ်သူကိုအားတင်းထားဖို့ပြောနေရပေမယ့် သခင်မကြီးရဲ့မျက်နှာမှာကိုက စိုးရိမ်သောကကြောင့် အားအင်ကုန်ခမ်းချင်နေပြီ။
မျက်ဝန်းအိမ်က မျက်ရည်တာကျိုးမကျလာစေရန်လည်း မနည်းတောင့်ခံနေရသည်။အခန်းအပြင်မှ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သားမက်ပြန်အလာကိုလှမ်းလှမ်းမျှော်နေရှာသော သခင်ကြီးရဲ့ရင်ထဲမှာလည်း မီးတောက်နေပြီဆိုတာအိမ်စေတွေအားလုံးရိပ်စားမိသည်။
တစ်အိမ်လုံး ယောက်ယက်ခတ်စိုးရိမ်ပူပမ်နေရစေတဲ့ သခင်မလေးကတော့ အိပ်ယာထက်မှာ အသက်ကို မနည်းလုရှူနေရှာသည်။
ခါးအောက်အိပ်ယာအခင်းဟာလည်း မကြာခဏသွေးတွေရွှဲရွှဲစိုနေတာမို့ လဲပေးရတာခဏခဏသခင်မလေးရောဂါက လမစေ့တဲ့ကလေး သားအိမ်ထဲတင်ပျက်ကျနေတဲ့ရောဂါဟု အရပ်လက်သည်ပြောစကားအရသိရပြီး
တောင်ခြေမြို့က နာမည်ကြီးသမားတော်ကိုသွားပင့်ဖို့ အကြံပြုတာကြောင့် သခင်လေးကိုယ်တိုင် တပ ည့်၁ယောက်နဲ့ မဆိုင်းမတွတောင်အောက်ဆင်းသွားတာဖြစ်သည်။"ဟိုမှာ အားလီပြန်လာပြီသခင်ကြီး''
မိုးထဲရေထဲ အူယားဖားယားပြေးဝင်လာသော အားလီက သခင်ကြီးခြေရင်းအရောက် ပုံကျသွားကာ
"သ..သခင်ကြီး''
"အားလီ မင်းသခင်လေးရော..ရီဖေးရော..သမားတော်နဲ့နောက်ကလိုက်လာလား''
မေးသာမေးရသည် သားမက်ဖြစ်သူထွက်သွားချိန်က အဲ့လောက်မကြာသေးတာမို့ တောင်ခြေကနေပြန်ရောက်နိုင်သေးချိန်မဟုတ်။