ဒီတစ်ပတ်လုံး ကျောင်းမှာစာကောင်းကောင်းမသင်ဖြစ်။
ကျောင်းသားကျောင်းသူတွေ ရုန်းစု ရုန်းစုနဲ့ အလုပ်ရှုပ်နေကြသည်။ရှင်းလန်တို့လိုအခန်းခေါင်းဆောင်တွေမှာလည်း မနားရ။
ရီဖေးကဆို ရှင်းလန်နဲ့ပင်သိပ်မျက်နှာချင်းဆိုင်ချိန်မရ။"ရီဖေး ညစာ...''
"ရှင်းလန် မင်းထွက်စားနှင့်တော့ ငါမနက်ဖြန်အတွက် ဆိုင်ခန်းတွေခင်းထားတဲ့ဆီလိုက်စစ်ရဦးမယ် ''
ရှင်းလန် နှုတ်ခမ်းလေးစူထော်သွားသည်။
ဒီကျောင်းသားပွဲတော်ကြီးမြန်မြန်လုပ်ပြီးသွားမှနားအေးမည်။
မဟုတ်ရင် ရှင်းလန် ရီဖေးနဲ့မျက်နှာချင်းဆိုင်လို့မရ။
ရှင်းလန်ကိုလည်း စာမသင်ပေးအားတော့။
ညဆိုလည်း ဘတ်စ်ကတ်ဘောပြိုင်ပွဲအတွက်၊ဈေးရောင်းပွဲအတွက်၊ဖျော်ဖြေရေးကဏ္ဍအတွက်နဲ့ သူ့အလုပ်တွေချည့်လိုလိုဖြစ်နေသည်။ခိုင်းကောင်းတိုင်း စွတ်ခိုင်းနေကြသည့် ကျောင်းအုပ်ချုပ်ရေးပိုင်းကိုလည်း အမြင်ကတ်လာမိသည်။
ရီဖေးကို ပညာသင်ဆုနဲ့ခေါ်တာမှဟုတ်ရဲ့လား ကျောင်းအခိုင်းအစေအဖြစ်ခေါ်ထားတာလားတွေးရလေပြီ။
ရီဖေးကို ရှင်းလန်နည်းတူ ကျောင်းလခပေး၍သာတက်စေချင်တော့သည်။ရှင်းလန် စူပုတ်ပုတ်နဲ့ ညစာထွက်မစားပဲ အိပ်ပစ်လိုက်သည်။
"မေကွေ့... .ထပါဦး ဒီမှာ လောင်ပေါ်ကြိုက်တဲ့ဆိုင်က အသားကင်တွေဝယ်လာတယ်''
"လောင်ကုန်း အရမ်းနောက်ကျတာပဲ''
မေကွေ့ ချစ်ခင်ပွန်းကိုချွဲနွဲ့မိသည်။
အခုတလော ခင်ပွန်းဖြစ်သူအသစ်များတွေ့နေလေသလားမသိ။ အိမ်ပြန်ခဏခဏနောက်ကျတတ်သည်မို့ မေကွေ့ အတွေးတွေနဲ့ပူလောင်နေရသည်။"နှစ်ကုန်ခါနီးမို့ စာရင်းတွေချုပ်နေရလို့ပါကွာ...ကိုယ်လည်း ပင်ပမ်းတာပေါ့..လာထ စားလိုက်ပါဦး''
"လောင်ကုန်း...''
"ပြောလေ အချစ်ရဲ့''
"ရှင် အသစ်တွေ့နေတာတော့မဟုတ်ပါဘူးနော်''
"လောင်ပေါ်ရယ်...ကိုယ်ကအဲ့လိုလုပ်မယ့်လူမျိုးလား ကိုယ့်မယားလေးကိုဒီလောက်ချစ်တဲ့ဟာ''