ရီဖေးနဲ့ရှင်းလန် အခန်းထဲဝင်လာတော့ ယွမ်ယွမ်က ပြူးပြူးပြဲပြဲလိုက်ကြည့်လေသည်။
ရှင်းလန်က စပ်စုတော့မည့်သူမထံမကြည့်မိအောင်နေပြီး ရီဖေးကတော့ လွယ်အိတ်ကိုထိုးထည့်ကာ မှောက်အိပ်လေပြီ။
ဒီကောင် ဘာလို့ဒီလောက်အိပ်ချင်နေရလည်းဆိုတာ သူ့ရဲ့နှစ်ရက်တာပင်ပမ်းမှုကိုကြည့်ရုံနဲ့ ရှင်းလန်သဘောပေါက်သွားပြီမို့ သိပ်အပြစ်မမြင်တော့။
"ထန်ရှင်းလန်''
"ဘာလဲ''
ထင်တဲ့အတိုင်း ရီဖေးမှောက်တာတွေ့တာနဲ့ ရှင်းလန်အနားရောက်ချလာချေပြီ။
"နင်နဲ့လောင်သကအတူလာတာလား နင်တို့ရင်းနှီးသွားပြီလား''
"သူနဲ့ငါက တစ်ခန်းထဲနေတာပဲဟာ ဒီလိုပဲထွက်လာဖြစ်တာပေါ့''
"ဒါဖြင့်မရင်းနှီးကြသေးဘူးပေါ့''
ရှင်းလန်က ဘာမှဆက်မပြောပဲ ရှိ၊လို၊ပို ဇယားကိုအဆင်သင့်ပြင်နေလိုက်သည်။
"ဒါနဲ့ နင်အရင်တစ်ပတ်လုံးကျောင်းပျက်နေတာ စာတွေကူးပြီးပြီလား''
စပ်စုမက ထိုမျှနဲ့မရပ်တန့်
"အင်း...''
ရှင်းလန်က ထပ်ရမည့် စာစီစာကုံးစာအုပ်ကိုထုတ်ရင်း တရုတ်သမိုင်းကြောင်းစာအုပ်က ပြုတ်ကျသွားတာမို့ ယွမ်ယွမ်ကငုံ့ကောက်ပေးပြီး စာအုပ်ကိုလှန်ကြည့်ကာ
"ဟင်...ဒီလက်ရေးက လောင်သ လက်ရေးပဲ.. သမိုင်းကြောင်းအရှည်ကြီးတွေကို.လောင်သ နင့်ကိုကူးပေးထားတာလား..ထျန်းနာ''
ယွမ်ယွမ့်အသံစူးစူးကြောင့် ရီဖေးက ခေါင်းထောင်ကာကြည့်လာတာမို့ ယွမ်ယွမ်သူ့ပါးစပ်သူအုပ်ကာ
ရှင်းလန်ထံ ဟုတ်လား ဟူသည့်အကြည့်နဲ့ကြည့်သည်။"ပေးစမ်းပါ...''
ရှင်းလန်က ကိုယ့်စာအုပ်ကိုယ်ပြန်ဆွဲယူကာ လွယ်အိတ်ထဲထိုးထည့်သည်။
ရှင်းလန်လွယ်အိတ်ထဲမှာ ရီဖေးလက်ရေးနဲ့စာအုပ်တွေအများကြီးကျန်သေးတာများ ဒီစပ်စုမသိရင်ဘယ်နှယ့်နေမည်မသိ။