အနုပညာအလုပ်တွေကို ခဏရပ်ဆိုင်းတော့မယ်ဆိုပြီး ဂျဲန်းနီဘက်က ဖုန်းဆက်ကာပြောလာတော့ သူ့ရဲ့လက်ရှိကျန်းမာရေးအခြေအနေအပေါ် ဂျီဆူးအနေနဲ့ စိုးရိမ်ပူပန်ရသည့် စိတ်တွေဟာ တဆစ်ထိုး တိုးဝင်လာခဲ့ရသည်။ အိမ်မှာလည်းညမရှိဘူးဆိုတော့ လီဆာ့နဲ့ အတူတူနေမှန်း သိလိုက်ရတာကြောင့် ဂျဲန်းဆီသို့ အကျိုးအကြောင်းမေးရန် လီဆာ့ရဲ့ အိမ်သို့ အရောက်လာခဲ့မိပြန်သည်။ခြံတံခါးရှေ့ရောက်တော့ ဂျဲန်းနီဆီ ဖုန်းတွေ ဆက်နေပေမယ့် မကိုင်။ သုံးလေးခါလောက် ဆက်တိုက်ခေါ်နေပေမယ့် ဖုန်းက လုံးဝမကိုင်။ နားထဲ ဂျဲန်းနီရဲ့ဖုန်းသံ သဲ့သဲ့ကိုကြားလိုက်ရ၍ ခြံတံခါးပေါက်ကို အသေအချာ စူးစမ်းကြည့်လိုက်တော့ စေ့ရုံလေးသာ စေ့ထားတာကြောင့် ဒီတိုင်း တွန်းဖွင့်ပြီးသာ ဝင်လာခဲ့လိုက်တော့သည်။
"ဟယ် ဘုရားရေ။ ဂျဲန်းနီ !!!! "
ခြံထဲရှိ ခုံတန်းလျားလေးဘေးက မြက်ခင်းပြင်ပေါ်မှာ လဲကျနေတဲ့ ဂျဲန်းနီကိုမြင်လိုက်ရတော့ ဂျီဆူးဖြင့် အရမ်းကို ထိတ်လန့်သွားရသည်။
အနားကိုအပြေးသွားလိုက်ပြီး ဂျဲန်းနီရဲ့ဖြူဖျော့နေတဲ့ ခန္ဓာကိုယ်လေးကို မနိုင့်တနိုင်ဖြင့် ပွေ့ချီကာ အိမ်ထဲသို့ဝင်ခဲ့လိုက်ရသည်။ ဧည့်ခန်းထဲရောက်တော့ ဆိုဖာသို့ ဖြေးညင်စွာ ချလိုက်ရသည်။
"ဂျဲန်း ဂျဲန်း သတိထားဦးလေ"
ပါးလေးကို ပုတ်ရင်း ခေါ်နေပေမယ့် သတိရမလာတဲ့ ဂျဲန်းနီကြောင့် ရင်ဘတ်နားသို့ ကပ်ကာ နှလုံးခုန်သံကို နားထောင်ကြည့်မိတော့ အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။ ကြည့်ရတာ အရင်ကလို အမောဖောက်ပြီး သတိမေ့သွားတာပဲနေမှာ။
ဂျဲန်းဟာ သိပ်ကိုခေါင်းမာလွန်းသည်။ ရောဂါကို စနစ်တကျနဲ့ အသေအချာ မွေးမြူနေလေသလား ထင်မှတ်ရလောက်အောင် သွေးအေး ပေါ့ဆလွန်းသည်။ ဖြူဖျော့နေတဲ့ ဂျဲန်းရဲ့မျက်နှာကိုကြည့်ရင်း စိတ်ထဲကနေ ဆူပူနေမိတာ အခါခါ။
ရုတ်တရက် ခေါင်းထဲဝင်လာတဲ့အတွေးတစ်ခုကြောင့် ဂျဲန်းတို့ရဲ့အိပ်ခန်းထဲဝင်ကာ သူသောက်နေကျ ဆေးဗူးကို ဓာတ်ပုံရိုက်ပြီး ဆေးသုံးလုံးကို ပလစ်စတစ် အိတ်အသေးလေးထဲ ထည့်ကာ အပြင်ဘက်သို့ ခပ်မြန်မြန်လေး ပြန်ထွက်ခဲ့လိုက်သည်။
YOU ARE READING
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}