Extra Zay
(2)
"ဒုက္ခပါပဲ…."
ကိုယ့်ဘက်က ပြတ်သားပြလိုက်တော့ သူမလေး က အစ်ကို ဆိုတဲ့ အကြောင်းပြချက်မျိုးဖြင့် တန်ပြန် စစ်ထိုးတော့သည်..။
ကိုယ်က မင်း အစ်ကိုဖြစ်ချင်တာမှ မဟုတ်တာပဲ..။
ညီမလေး တစ်ယောက်လို အနားမှာ ဂရုစိုက် ပြန်တော့ ကိုယ်က မင်းရဲ့ ဟင်းလက်ရာတွေကို စွဲလမ်းသလို မင်းကိုလည်း ပိုစွဲလမ်းလာတယ်လေ..။
ဒါပေမဲ့ ချစ်ရတဲ့ ကောင်မလေး ပြန်မဲ့ အချိန် ကိုယ်ကတော့ မာမီ့ကို ဆေးကုဖို့ နိုင်ငံခြားကို လိုက်သွားခဲ့ရတယ်..။
ကိုယ်တို့ရဲ့ မဆုံနိုင်ခြင်းတွေက ရင်နာစရာ အကောင်းသားပဲ..။
.
"မာမီ လက်ခံနိုင်တဲ့ အရည်အချင်း ရှိရင် ရပြီမလား…"
"ရတယ်…"
"ငြိမ်းငြိမ်းရတယ်မလား…"
"အဟွင်း…ရတာပေါ့သားရဲ့…အတွင်းသိ အဆင်းသိပဲ…အဲ..မိဘမစုံမလင်ဖြစ်နေတာတော့…"
"မာမီ…"
"အိုကေ…အိုကေ…ငြိမ်းငြိမ်းကတော့ သိပြီးသားမို့ ခွင့်ပြုလိုက်မယ်…"
"…………."
ဆေးတစ်ခါသွင်းဖို့အရေး အငယ်ဆုံး သား ကို အကြပ်ကိုင်နေတဲ့ မာမီ့ကို အပြစ်တင်လို့ မရခဲ့ပါ…။
အစ်ကိုကြီးရဲ့ အိမ်ထောင်ရေး ဆိုးကျိုးတွေကြောင့် မာမီက ရောဂါသည် ဖြစ်ခဲ့ရတာလေ..။
ကိုယ် လုံးဝ မတက်နိုင်တော့ဘူး….သီတာလေးရယ်..။
ကိုယ် တကယ် မခံစားနိုင်ဘူး..။
ကိုယ် ရင်နာလိုက်တာ….။
သူစိမ်း တစ်ယောက်ကို လက်ထပ်လိုက်ရတာထက် စာရင် အစစ အရာရာ သိနေသည့် ငြိမ်းကိုပဲ အကူအညီတောင်းရတော့မည်..။
ဇေယျ မူးနေအောင် သောက်ပြီး ငြိမ်းငြိမ်းဆီကို ဖုန်းဆက်လိုက်သည်..။
"မိငြိမ်း…"
"ဇေ..…"
"အင်း…ငါ့ကို တစ်ခု ကူညီပါလား.."
"ပြောလေ…"
"နင်…ငါ့ကို လက်ထပ်ပါလား…"
"ဟမ်…"
"နင် ပြောဖူးတယ်လေ….အပျိုကြီး လုပ်မယ်ဆို…ငါတို့ ဟန်ဆောင် လက်ထပ်ရအောင်ဟာ…မာမီ့ စိတ်တိုင်းကျ လက်ထပ်ရအောင်…နော်…ကူညီမယ်မလား.."
"ဟင်း…ဘယ်လို ဖြစ်နေတာလဲ ဇေရယ်….နင်နဲ့ သီရိ က ပိုလိုက်ဖက်တာပါ…သူက အိမ်မှု ကိစ္စ လည်း ကျွမ်းကျင်တယ်…ကြင်နာတက်တယ်…ဖြူစင်တယ်…နင့်အပေါ်လည်း ရိုသေတယ်…နောက်ပြီးနင့်ကိုလည်း သံယောဇဉ် ရှိပုံရတယ်…နင်လည်း သူ့ကို ချစ်တယ်မလား…"
"ကျစ်…ထားလိုက်စမ်းပါ…အိမ်မှု ကိစ္စ ကျွမ်းကျင်တာ ဘာလုပ်ရမှာလဲ…မီးဖိုချောင် ကိစ္စ ငွေပေးဖြေရှင်းလို့ရတယ်….လက်ထပ်တယ်ဆိုတာ….ငါနဲ့ အရည်အချင်းတူတဲ့ သူမျိုးပဲ ဖြစ်ရမယ်…ဒီကောင်မလေး က ဘာကောင်းလဲ..ငါ့ကို ကားနေ့တိုင်းစီးချင်တယ်ပြောတယ်…အိမ်လည်း လိုက်လည်ချင်တယ်တဲ့…ရိုးသားတဲ့ မိန်းကလေး တစ်ယောက် ပြောရမဲ့စကားမျိုးလား..ပိုင်ဆိုင်တာတွေ တွက်ချက်ပြီး မှ ချည်းကပ်လာတာပဲ…"
"ဟယ်…နင် ဒါတော့ လွန်သွားပြီ..သီရိ ဘယ်လောက် ရိုးသားလည်း ငါ ကောင်းကောင်းသိတယ်…"
ဇေယျ မျက်ရည်တွေကို သုတ်ပစ်လိုက်ကာ အံကြိတ်လိုက်မိသည်..။
ငါ က ပိုသိတာပါ ငြိမ်းရယ်…ဒါပေမဲ့…..ငါ…သူ့ကို ခဏတော့ စွန့်လွှတ်ရလိမ့်မယ်..။
မာမီ နဲ့ သူ ထိပ်တိုက်တွေ့ရင် သူ့ အရှက်နဲ့ သိက္ခာကို ထိခိုက်မှာ စိုးလို့ပါ..။
"နေပါဦး….ဘာလို့ ငါနဲ့ လက်ထပ်ရမှာလဲ….အန်တီတို့ကပြောလို့လား.."
"ဟုတ်တယ်…ငါ့ကို အတင်းအကြပ်ကြီးစီစဉ်နေတာပဲ…."
"ဟွင်း….ဒါဖြင့် ဟန်ဆောင်လက်ထပ်ရမယ် ဆိုပါတော့…"
"အင်း…ကူညီပါဟာ…"
"အေးလေ…နင်လည်း ငါ့ကို ကူညီခဲ့တာ အများကြီးပဲ…လက်ထပ်ပြီးရင်တော့ ငါ့စိတ်ကြိုက်ပဲ နေမှာနော်…"
"ဟန်ဆောင် လက်ထပ်တာပဲ နင့်သဘောပါ.နင် နစ်နာမှ စိုးရိမ်တာပါ…"
"သွားစမ်းပါ…..ငါကကျောင်းဆက်တက်ဦးမှာ….နင့် နှလုံးသားတော့ သနားစရာပဲ ဇေရယ်…"
"ငါ့မှာ နှလုံးသား မရှိပါဘူး.."
"သြော်…ဟား..ဟား…ဒါဖြင့် နင့်ရင်ဘတ်က တက်တူးကြီး က ဘာတုန်း…"
ဇေယျ သက်ပြင်း တစ်ချက်ချလိုက်မိသည်..။
မပိုင်ဆိုင်နိုင်သေးပေမဲ့ ဒီတက်တူးကိုတော့ ကိုယ် တစ်သက်လုံးသိမ်းထားမှာပါ မိန်းကလေးရယ်..။
.
လွတ်လပ် မှု ကို ရဖို့ အတွက် တစ်ခါတလေ အရိုးသားဆုံး လိမ်ညာမှုတွေ ပြုရတယ်တဲ့..။
ဘာပဲ ဖြစ်ဖြစ် သူစိမ်းတစ်ယောက်ထက် စာရင် ငြိမ်းငြိမ်းနဲ့ ခုလို နေရတာ စိတ်သက်သာသည်.။
မာမီတို့ စိတ်ကြိုက်လက်ထပ်ပွဲ စီစဉ်ခဲ့ပြီး ပျော်ရွှင်နေတဲ့ ဇနီးမောင်နှံ အသစ်စက်စက် အဖြစ် နေပြရသည်..။
ဓာတ်ပုံတွေ တင်လိုက်တိုင်း အဝေးက ကောင်မလေး မမြင်ပါစေနဲ့လို့ ဆုတောင်းနေမိသည်..။
အိမ်ထောင်ရေး ဆိုတာထက် မိဘ ကို ဖျော်ဖြေပေးတဲ့ ရုပ်သေးရုပ်လေးတွေပါပဲ..။
မာမီိတို့နဲ့ ရင်းနှီးပြီးသား ငြိမ်းငြိမ်းကြောင့် ဇေတို့ သပ်သပ် နေလို့ရသွားသည်..။
သူတစ်ခန်း ကိုယ်တစ်ခန်း နေခဲ့ကြပေမဲ့ သူငယ်ချင်း မောင်နှမလို ပုံမှန် အတိုင်း ရင်းနှီးပါသည်..။
"ဇေ…"
"ဟင်…"
"သီရိ ကို ခေါ်ထားမယ်နော်…နောက်ဆုံးနှစ်လေ…"
"………."
ဇေယျ မျက်ဝန်းထဲက အဖြေကိုသိသွားတဲ့ ငြိမ်းက ခပ်တိုးတိုး ရယ်ပြီး လက်ထဲက ဘောပင် အဖုံးနဲ့ ပစ်ပေါက်တော့ ရှောင်လိုက်ရသည်..။
"ဒီတစ်ခါတော့ သေချာကြိုးစားနော်.."
ဇေယျ ခေါင်းရမ်း လိုက်ပေမဲ့ ရင်ဘတ်ထဲမှာ လှုပ်ရှားမှု ပြင်းထန်နေပါသည်..။
.
မင်းကို တွေ့တိုင်း ကိုယ့်ရင်ခုန်သံတွေကြောင့် ရူးတော့မယ် သီရိရယ် လို့ ကိုယ် ၀န်ခံချင်လိုက်တာ..။
မျက်နှာချင်း ဆိုင် တွေ့တိုင်း ကိုယ့် နှလုံးသားကို ကိုယ် ကြောက်လို့ ငြိမ်းငြိမ်းကိုသာ ရှာဖွေနေမိသည်.။
မင်း ဘက်က ရိုးသားစွာ အလုပ်တွေ ကူပေးနေတာ သိပေမဲ့ ကိုယ့်မှာတော့ မူးရင်း ရူးရတော့မည်..။
ကိုယ်က မင်းကို တစ်နေ့မမေ့ပဲ ချစ်နေရသူလေ..။
ကိုယ်လေ…မင်းကို တွေ့တိုင်း လက်လွှတ်ဆုံးရှုံးရမှာ စိုးရိမ်တယ်..။
အပိုင်သိမ်းလိုက်ဖို့တောင် ကြံစည်လာမိတယ်..။
မင်းရဲ့ ဖြူစင်လွန်းတဲ့ နှလုံးသား ကိုယ့်ကြောင့် ခံစားရမှာကို ကြောက်လာတယ်..။
မင်းနဲ့ မနီးစပ်အောင် ကိုယ့်ဘက်က ဆင်ခြင်နေပေမဲ့ မင်းရဲ့ ပုံရိပ်တွေကို ထိုင်ကြည့်ရင်း ကိုယ့်ရဲ့ အားလပ်ချိန်တွေ ကုန်နေခဲ့တယ်..။
မျက်လုံးလို မဟုတ်ပဲ မကြည်မလင်သည့် ကင်မရာတွေနဲ့ ဖမ်းယူထားတဲ့ ပုံရိပ်တွေကို ကြည့်ရင်း ကိုယ့်မှာ မင်းရဲ့ လှုပ်ရှားနေတာလေး က အစ မြတ်နိုးနေမိတယ်ကွယ်…။
.
မင်း အခုတလော ဖြိုးသူနဲ့ အရမ်းရင်းနှီးလာသလိုပဲ..။
ကိုယ် စိတ်ပူလိုက်တာ..။
ကိုယ် ထင်သလို မဖြစ်ဖို့ ဆုတောင်းရင်း ကိုယ့်မှာ ရင်တွေ ပူနေရတယ်..။
နှလုံးသားကလည်း ပြောင်းဆန်နေအောင်ပါပဲ..။
မင်း နှလုံးသားထဲမှာ ကိုယ်ပဲ အမြဲရှိနေမယ်လို့ ယူဆထားခဲ့တာလေ..။
ကိုယ်သာ ဂရုမစိုက်တက်ရင် မင်းပခုံးလေး ကိုင်လှုပ်ပြီး မေးလိုက်ချင်ရဲ့..။
ကိုယ့်အပေါ်မှာ မြတ်နိုးကြင်နာတက်တဲ့ မျက်ဝန်းလေးတွေ မတွေ့ရတာကြာပြီ..။
ဖြိုးသူကို တွေ့တိုင်း ပြောင်းလဲသွားတက်တဲ့ မင်းမျက်ဝန်းလေးတွေကိုလည်း သတိထားမိတာ ကြာပြီ..။
မင်း ကိုယ့်ကို အရူးလုပ်နေတာလား…သီတာလေးရယ်..။
"ဟဲ့…ငါ့ညီမက သီရိ ဟဲ့…သီတာ မဟုတ်ဘူး…သီတာ ဆိုရင်တော့ နင့်မှာ ပြိုင်ဘက် ရှိနေတယ်နော်….ဒဿလား ရာမ လား…"
"ငါ က ရာမ ပေါ့…"
"ရာမကြောင့် သီတာ သေတာလေ…"
"ဟာ…နင်ကလည်း…"
"ဒဿ လုပ်ပေါ့…"
"ဒဿ က သီတာ ချစ်တာမှ မခံရတာဟာ…"
"ဒါပေမဲ့ အချစ်သူရဲကောင်းပဲလေ…နင်က အဲလို ဖြစ်ချင်လို့ ခုချိန်ထိ မပြောသေးတာမလား…"
"………."
ငြိမ်းငြိမ်းနဲ့ ပြောခဲ့တာတွေ သတိရတော့ ကိုယ် နှလုံးသားထဲက နာမည်လေးကို တောင် မတမ်းတပဲ မေ့ပစ်ထားမိတယ်…။
ကိုယ် ရာမ လည်း မဖြစ်ချင်ဘူ..ဒဿ လည်း မဖြစ်ချင်ဘူး…မင်း ချစ်တဲ့ ယောက်ျား တစ်ယောက်ပဲ ဖြစ်ချင်တယ်..။
.
"ကျွန်တော် ၀ယ်ပေးမယ်လေ.."
"ရတယ်…"
"………."
ဇေယျ တန်းစီရင်း မိနစ်နှစ်ဆယ်လောက် စောင့်ပြီးမှ နာမည်ကျော် ice cream ရသည်..။
အိမ်ကို ပြန်ရောက်တော့ ရေခဲမုန့်ပေးလိုက်ချိန် ကြောင်တောင်တောင်လေး ဖြစ်နေတဲ့ ကောင်မလေးကြောင့် ပြုံးမိသည်..။
ဖြိုးသူကို ရင်းနှီးလာတဲ့ ကောင်မလေး က ခုတော့ ခွံ့တောင် ကျွေးနေပြီလား..။
ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ရင်း ကိုယ့်စိတ်တွေ တုန်လှုပ်ကုန်ပြီကွယ်..။
မင်းနဲ့ ဖြိုးသူ အဲလိုတွေ ရင်းနှီးနေတာ ကိုယ် တကယ်မကြိုက်ဘူး..။
.
"ကျစ်…"
မင်း အခုတလော ကိုယ့်အပေါ် စိမ်းကားလာတယ်..။
ကိုယ့် အနားကိုတောင် ရောက်မလာတော့ဘူး..။
ဖြိုးသူ့ အတွက်တော့ ညပိုင်းစောင့် တံခါးဖွင့်ပေးတယ်..။
ထမင်းပြင်ပေးတယ်..။
သူနဲ့ ဆို မင်း ရယ်မောနေတာပဲ..။
ကိုယ်နဲ့ကျတော့ ရှောင်ဖယ်ဖယ်..။
ကိုယ့်ဘက်က နီးစပ်ဖို့ ကြိုးစားနေချိန် မင်းက ဝေးဝေးကို ပြေးနေတော့တာပဲ…သီရိရယ်..။
ကိုယ့်ဘက်က ကြိုးစားမှုတွေကို မင်းက အသိအမှတ်မပြုဘူး..။
လျစ်လျူရှုထားတယ်..။
ကိုယ် တကယ် စိတ်တိုတယ်…။
မင်း အပေါ် ကိုယ်က ကြင်နာပေးသလောက် မင်းကတော့ ဥပက္ခာပြုရက်တယ်….။
မင်း ပါးစပ်က ကိုငယ်ဆိုတာချည်းပဲ ကြားနေရတာ ကိုယ် တကယ် ခံပြင်းတယ်..။
ဒါကြောင့်…မင်းကို ကိုယ် နဲ့ ရင်းရင်းနှီးနှီး စကားပြောစေချင်လို့ အလုပ်တွေ နားပြီး အပြန်ကို ၀င်ခေါ်တယ်..။
မင်း ထင်ရက်လိုက်တာ..။
ဖြိုးသူ နဲ့ ဆိုရင် ညနေ ည မရှောင်ပဲ အပြင်ထွက်တက်တဲ့ မင်းက ကိုယ့်ကို ကျတော့ မိုးချုပ်နေပြီ တဲ့..။
ကိုယ့်သိက္ခာတွေ ကိုယ့်မာနတွေကို မင်းထိပါးတာပဲ..။
ကိုယ့်မှာ မင်းခံစားရမှာ ကို ငဲ့ပြီး ကိုယ့် နှလုံးသားကို ခုချိန်ထိ ဒဏ်ခတ်ထားရတာ…။
မင်း အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မြတ်နိုးခြင်းတွေကို မင်းစော်ကားရက်တယ်….သီရိရယ်…။
ကိုယ် အရမ်းစိတ်တိုတာပဲ..။
ဒါပေမဲ့ မင်းရဲ့ မျက်၇ည်တွေကို ကိုယ် အကြောက်ဆုံးပဲ..။
ကိုယ့်နှလုံးသားမှာ ဆူးလို ခံစားရတဲ့ မင်း မျက်ရည်တွေကြောင့် ကိုယ် ရှေ့ဆက်မတိုးတော့ဘူး.။
ဖွင့်ပြောမယ်လို့ ရည်ရွယ်ထားပေမဲ့ မင်းက အိပ်ချင်ယောင်ဆောင်နေတယ်လေ..။
ကိုယ်..ဒီလောက် မယုတ်မာပါဘူး..။
ဒါပေမဲ့ မင်းက ဖြိုးသူကိုပဲ အားကိုးနေတယ်..။
ကိုယ်ကတော့ မင်း အမြင်မှာ အိမ်ထောင်ရှိရဲ့နဲ့ အပိုင်ကြံဖို့ ကြိုးစားနေတဲ့ ဗီလိန်ဖြစ်သွားခဲ့ပြီ ထင်ပါရဲ့..။
ကိုယ် ကျေနပ်ပါတယ်….အဖြစ်မှန် တွေကို သိတဲ့ တစ်နေ့ မင်း ကိုယ့်အချစ်တွေကို နားလည် လာပါလိမ့်မယ်..။
.
"အဟွင်း…"
ကိုယ်ချစ်လိုက်တာ…သီရိရယ်..။
သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကလေးလေး တစ်ယောက်လို မျက်လုံးပြူးပြီး ရယ်နေလိုက်တာ..။
မင်းရဲ့ အပြုံးလေးတွေကို ကိုယ် အချစ်ဆုံးပါပဲ..။
ကိုယ့်ကားကို တွေ့တာနဲ့ မင်းရဲ့ အပြုံးလေးတွေ ပျောက်ဆုံးသွားတော့ ရင်နာနာ နဲ့ပဲ စောင့်နေရတယ်..။
မင်း ပြောတော့ ကိုယ့်ကားနဲ့ အမြဲ သွားချင်တယ်ဆို..။
ခုတော့ ကိုယ့်နဲ့ အတူတူ ကား စီးဖို့ ကို မင်း ကြောက်တက်နေပြီလား.။
ကိုယ် မင်းအပေါ် ဘာတွေ များ အခွင့်အရေး ယူမိခဲ့လို့လဲ..။
မင်း သိက္ခာ အတွက် စဉ်းစားပြီး ကိုယ် အများကြီး ထိန်းသိမ်းခဲ့ပေမဲ့ မင်းဘက်ကတော့ ရှောင်ဖယ် စ ပြုလာပြီ..။
ကိုယ် က မင်း ကြောင့် အရက်သမား ဘ၀ကို ရောက်လာသလို မင်းကလည်း ကိုယ့်ကို အရက်သမားမို့ ကြောက်တက်လာတယ် ထင်ပါရဲ့..။
မင်း နဲ့ ဝေးရရင်တော့ ကိုယ်သေသွားမလားပဲ..။
.
မင်း အတွက် ကိုယ် လက်ဆောင်ပေးတာကိုတော့ မင်းငြင်းရက်တယ်.။
ဖြိုးသူကိုကျတော့ နောက်ကလိုက်ပြီး စကားပြောနေတယ်..။
ကိုယ် ဘယ်လို နားလည်ရမလဲ..။
ကိုယ် စိတ်ကူးထဲမှာတောင် ကြောက်နေတဲ့ အခြေအနေ ဖြစ်လာမှာ ကိုယ် စိုးရိမ်တယ်..။
မင်းလည်း ကိုယ့်ကို ချစ်သလို ကိုယ်လည်း မင်းကို ချစ်တယ်လေ..။
ကိုယ် မင်းကို နားမလည်တော့ဘူး..။
မင်း နဲ့ ဖြိုးသူကြောင့် ကိုယ်တော်တော် ပင်ပန်းနေပြီ..။
ခြံထဲ မှာ တစ်ယောက်လက်ကို တစ်ယောက်ကိုင်နေတော့ ကိုယ် တကယ် တုန်လှုပ်သွားတယ်.။
အပေါ်ထပ် ကို ခေါ်လိုက်တော့ ဆူးစူးနေတာတဲ့..။
ကိုယ် ထုတ်ပေးမယ်ဆိုတော့ မင်းပြောတာ ထုတ်ပြီးပြီတဲ့လေ..။
ကိုယ် မယုံဘူး..။
ကိုယ်ထင်တဲ့အတိုင်းပဲ..။
ဖြိုးသူကို ကျတော့ ယုံယုံကြည်ကြည် ဆူးထုတ်ပေးခိုင်းတယ်..။
ကိုယ့်မှာ မင်းအတွက် စိုးရိမ်ရပေမဲ့ မင်းကတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကိုတောင် မယုံတော့ဘူးလားကွာ..။
မင်းရဲ့ လက်ကလေး က ဆူးကိုပဲ ကိုယ် စိတ်ဝင်စားခဲ့တာပါ..။
အခွင့်အရေး ရပြီဆိုတဲ့ ယုတ်မာတဲ့ အကြံမျိုးမရှိခဲ့ဘူး..။
ဒါပေမဲ့ မင်းရက်စက်တယ်..။
ကိုယ်က တစ်ခုလပ် အရက်သမားမို့လို့လား..။
ကိုယ် နဲ့ အဝေးဆုံးကို ပြေးထွက်ဖို့များ ကြိုးစားနေသလား သီရိရယ်…။
ကိုယ့်မှာတော့…။
.
"အမယ်…အထူးတလည်ပါလားဟ.."
"နင်သိပါတယ်…ငြိမ်းရာ…"
"သွပ်…သွပ်…သနားစရာလေး…."
သီရိ အတွက် လက်ဆောင်ဘူးလေး ကိုယ်တိုင် ပြင်ဆင်နေတော့ ငြိမ်းငြိမ်းက ဝေဖန်သည်..။
ကိုယ်ခံနိုင်ပါတယ်..။
ကိုယ်က အားနည်းချက်တွေနဲ့ ချစ်နေရသူလေ..။
မင်းအတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ လက်ဆောင်လေး ပေးဖို့ ကိုယ့်မှာ ရင်တွေ ခုန်လိုက်ရတာ..။
မင်းကတော့ မွေးနေ့မှာတောင် ခြံတံခါးကိုချည်း ကြည့်နေတော့တာပဲလား…။
ကိုယ်ကလည်း သိလို့ကို ညနေပိုင်း ဖြိုးသူကို လွှတ်လိုက်တာလေ..။
မင်းရဲ့ အာရုံစိုက်မှုလေး နည်းနည်း ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ..။
ဒါပေမဲ့….ကိုယ်ထင်သလို မဖြစ်ခဲ့ပါဘူး..။
မင်း ရဲ့ နှုတ်ခမ်းတွေ မျက်လုံးတွေက ဖြိုးသူ အတွက်ပဲ တည်ရှိနေတာလား….ဟမ်..။
ကိုယ် စိတ်တိုတို နဲ့ မင်းကို တစ်ခုခု လုပ်ပြီး မေးပစ်ချင်လိုက်တာ..။
ဖြိုးသူကို တွေ့တော့မှ မွေးနေ့ရှင် က ပြုံးဖော်ရတော့တယ်…။
ကိုယ် အပင်ပန်းခံပြီး အလုပ်ပျက်ခံပြီး စီစဉ်ထားသမျှ အလကားပါပဲ..။
လက်ဆောင် မပေးပါဘူးလို့ ပြောနေတဲ့ လူနောက်ကို ပြေးလိုက်သွားတာပဲလား..။
ဘာလက်ဆောင်မို့လို့ မင်း ဒီလောက် ပျော်နေတာလဲ..။
ကိုယ်ပေးလိုက်တဲ့ ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဆွဲကြိုးလေးကိုတော့ မင်း သတိတောင် မရဘူး..။
ငြိမ်းငြိမ်းက ကိုယ့်ကို သနားစရာ သတ္တ၀ါ တစ်ကောင်လို ကြည့်နေပြီ.။
ကိုယ်တကယ် နာကျင်တယ်..။
ဟွန့်….ကိုယ် မယှဉ်နိုင်ခဲ့တဲ့ လက်ဆောင် ပစ္စည်းက လမ်းဘေးမှာ ရောင်းနေတဲ့ ခေါင်းချည်ကွင်းတဲ့လား..။
ကိုယ် တကယ် အိပ်မပျော်ဘူး….။
.
ကိုယ် နဲ့ အတူတူ သွားတဲ့အချိန်လေးမှာတောင် မင်း ခဏခဏ သက်ပြင်းခိုးချနေတယ်..။
ဒါပေမဲ့ ကိုယ် ပျော်ပါတယ်…။
မင်းမှာ ရွယ်တူ သူငယ်ချင်း ကောင်လေးတွေ ရှိမလားတော့ ကိုယ် စိတ်ပူတယ်…။
ဒီနေ့ သေချာ တဲ့ အဖြေ တစ်ခု ရတော့ ကိုယ် တကယ် စိတ်ချမ်းသာသွားတယ်..။
ဖြိုးသူက မင်းရဲ့ တစ်ဦးတည်းသော ယောက်ျားလေး သူငယ်ချင်းတဲ့လေ..။
ကိုယ့်အတွက်တော့ ဒီအဖြေ စကားက မျှော်လင့်ချက် အိပ်မက်တွေပေါ့ကွာ..။
အိမ်ကို ရောက်တာနဲ့ အခန်းထဲ ၀င်သွားတက်တဲ့ မင်းကို အရမ်းလွမ်းတယ်..။
ကိုယ့်ရဲ့ အချစ်စည်းမျဉ်း အရ မင်းအခန်းထဲမှာတော့ ကင်မရာ တပ်ခွင့်မရှိဘူးလေ..။
ဒီတော့ ကိုယ်လွမ်းရင်လည်း မင်း ကို တစ်နေရာက တိတ်တိတ်လေး ထိုင်ကြည့်လို့မရတော့ဘူး..။
ကိုယ့်ရဲ့ မျက်စိရှေ့မှာ ရှိနေတဲ့ ပုံစံကွက်တွေ…ဧည့်ခန်း မီးဖိုချောင် ထမင်းစားခန်း နဲ့ ၀ရန်တာ ကို မင်းမှ ရောက်မလာတော့ပဲ..။
မင်း တစ်နေကုန် အခန်းထဲမှာ နေပြီး ကိုယ့်ကို တမင်ရက်စက်နေတာလား..။
ကိုယ်တို့ ပိုရင်းနှီးအောင် ကြိုးစားတယ်….။
အလုပ်တွေကိုလည်း မင်းကို ခေါ်သွားချင်တယ်..။
မင်း နဲ့အချိန်ကြာကြာ တူတူ ရှိနေချင်တယ်..။
မင်းကို အနားမှာ ထားပြီး တစ်နေ့ကုန် ကိုယ်သွားတဲ့နေရာကို လျှောက်ခေါ်သွားချင်တယ်..။
နိင်ငံခြားသားတွေ နဲ့ အတူတူ ထိုင်ရရင် မင်းစိတ်ရှုပ်မှာစိုးလို့ သီးသန့် ထားခဲ့တယ်..။
မင်း ကို စားစေချင် တဲ့ အစားအသောက်တွေ ကိုယ်မှာပေးခဲ့တယ်..။
ဒါပေမဲ့…..မင်းက အကြောင်းပြချက် တစ်ခုနဲ့ ကိုယ့်ဆီကနေ ရှောင်ပြေးတယ်..။
နောက်နေ့ မှ ကိုယ်သိလိုက်ရတယ်..။
မင်း အိမ်ပြန်ပြီး စာကျက်နေတာ မဟုတ်ဘူး..သီရိ..။
မင်း နှုတ်ဖျားမှာ အမြဲ ကြီးစိုး နေတဲ့ ကိုငယ် နဲ့ အတူတူ လျှောက်လည်နေကြတာတဲ့လေ..။
ကိုယ့်အပေါ် မင်းသစ္စာဖောက်သလို ခံစားရတယ်…။
.
ကိုယ် က နိုင်ငံရပ်ခြား ရောက်နေပေမဲ့ သိပ်မလွမ်းရပါဘူး..။
ဘာလို့လဲ ဆိုတော့ မင်းက တစ်အိမ်လုံးကို ပတ်နေတယ်လေ..။
ဝရန်တာ မှာ ရပ်နေတဲ့ မင်းနဲ့ ထမင်းစားခန်းက မင်း မတူပြန်ဘူး..။
သနပ်ခါးလေး လိမ်းပြီး ခြံထဲက အပင်တွေလည်း ရေလောင်းလိုက်သေးတယ်..။
အိမ်မှာ တွေ့ခွင့်မရပေမဲ့ ကိုယ် မရှိတဲ့ အချိန်မှ မင်းရဲ့ လှုပ်ရှားမှုလေးတွေ အသက်ဝင်လာတော့တယ်..။
ကိုယ် အိမ်မှာ မရှိတဲ့ ရက်တွေမှာ မင်း အခန်းထဲ မှာ တစ်နေကုန် မနေပါလား..။
ကိုယ့်ကို ရှောင်နေချင်တာ သိသာတာပဲ..။
နိုင်ငံခြားရောက်နေတဲ့ အချိန် ဖြစ်နေတော့ အမှန်တရားက ကိုယ့်အတွက် နည်းနည်း ချိုသွားတယ်..။
မင်း ရဲ့ ပုံရိပ်တွေကို ကိုယ် အလွမ်းပြေ ကြည့်ခွင့်ရှိနေတယ်လေ..။
ဖြိုးသူ ကို ရန်စပြီး ရယ်နေတက်တဲ့ အခိုက်အတန့် က လွဲလို့ ကိုယ့်အတွက် အတော်လေး အဆင်ပြေပါတယ်..။
.
"ဟဲ့….ဇေ….ဘာဖြစ်တာလဲ…."
"……….."
"ကောင်းတယ်….ကောင်းတယ်…..ငါ နိုင်ငံခြား သွားရင်..နင်တော့ ဘယ်လို ဖြစ်မလဲ မတွေးရဲဘူး…"
"မသွားနဲ့ပေါ့ဟာ…"
"သွားမှာပဲ…"
"နင်….နင် သွားရင်….သီရိလည်း ပြန်သွားလိမ့်မယ်…"
"ဟယ်..ဒီယုန်မြင်လို့ ဒီခြုံထွင်နေတာပဲ….နင် ပြောတော့ ဖွင့်ပြောမယ်ဆို…"
"ငါ….မပြောရဲဘူး….သူ မုန်းသွားမှာ ကြောက်တယ်…အကြံသမားလို့ ထင်မှာလည်း ကြောက်တယ်….ပြီးတော့…ပြီးတော့ ငါက လက်ထပ်ထားဖူးတဲ့သူလေ….သူ့အတွက် နစ်နာ မှာ…စိုးရိမ်တယ်…ဟင့်…"
"ဒုက္ခပါပဲ….ငိုစရာလား…စိတ်ညစ်လိုက်တာဟယ်….ပြောစရာ ရှိရင် မြန်မြန် ပြောတော့နော်…."
"ငါ…"
"နင့် ရဲ့ အဖြစ်မှန်တွေကို ငါလည်း ကူပြောပေးပါမယ်ဟာ….ဒါပေမဲ့ ငါ့မျက်နှာနဲ့ လာနေပြီး ငါ့ ညီမလေးလို ဖြစ်နေတော့ ပြောလို့ သိပ်မကောင်းဘူး…နင် သဘောပေါက်တယ်မလား…"
"အင်း…..ငါ….သူစာမေးပွဲပြီးရင် သေချာ ဖွင့်ပြောမယ်…."
"'ဒီလိုပဲ ဟိုရွေ့..ဒီရွေ့နဲ့…ဟိုက ပြန်သွားဦးမယ်…"
"ပြန်သွားတာ တော်သေးတယ်….နင့်မောင် မ သွားမှာပဲ စိုးရိမ်နေတယ်…."
"အမလေး….ရွယ်တူလို ခင်နေတာပါဟာ….အငယ်လေး ကို ငါ မေးကြည့်သေးတယ်…မဟုတ်ပါဘူးတဲ့…."
"ဟုတ်လို့လည်း မရဘူးဆိုတာ ပြောထား…"
"မသိရင် သူပိုင်တာ ကျနေတာပဲ…"
"ငါ မပိုင်သေးပေမဲ့ ဘယ်လို သဘောထားလဲ နင် အသိဆုံးပါ…ငြိမ်းငြိမ်းရယ်…"
"အေးပါဟယ်…ဖွင့်ပြောရင် ရင်ဘတ်က တက်တူးကြီးပါ ထုတ်ကြွားဦးနော်…ကြွေသွားအောင်လို့လေ…"
"စိတ်ချ….အဲ..ဒါပေမဲ့..သူ လက်ခံမယ်လို့ နင် ထင်လားဟင်…"
"မပြောတက်ဘူး…အရင်တုန်းက သံယောဇဉ် ရှိတာတော့ သိတယ်လေ….ဒါပေမဲ့ ခုနောက်ပိုင်းကျတော့ ဆင်ခြင်သွားတာ ဖြစ်မှာပေါ့…မြန်မာလော့ဂျစ်အရဆိုရင် ဒုတိယမိန်းမ မဖြစ်ချင်ကြဘူးလေ….ဒါပေမဲ့စိတ်မပူပါနဲ့ ငါတို့ ဟန်ဆောင်နေတာကို သေချာ ပြောပြမှာပါ….အရိုးဆွေးနေပြီ ဖြစ်တဲ့ နင့် အချစ်တွေကို သူသိသွားရင် လက်ခံပါလိမ့်မယ်.."
"အဲလိုပဲ ဖြစ်ပါစေ…"
အရက်တွေ မူးအောင် သောက်ပေမဲ့ ကိုယ် တကယ် ဆုတောင်းနေပါတယ်..။
မင်း ကျောင်းတက်နေတဲ့ တစ်လျှောက်မပြောခဲ့ဘူး ဆိုတာ ကိုယ့်စကားကြောင့် အိမ်က ထွက်သွားတာမျိုး..။
ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားမှာ မျိုး တွေ လျှောက်စိုးရိမ်နေလို့ပါ..။
ခုတော့ စာမေးပွဲ ရက် ကို ကိုယ် ရင်ခုန်စွာ စောင့်နေတယ်..။
.
"ကြာလိုက်တာ…."
ဇေယျ မျှော်လင့်ချက်တွေဖြင့် စာမေးပွဲ ပြီးမဲ့ အချိန်ကို စောင့်နေရတာ ရှည်ကြာလွန်းပါသည်..။
ကိုယ်တိုင် အပို့အကြို လုပ်ပေးနေပေမဲ့ ခိုးကြည့်ရုံဖြင့် ကျေနပ်နေရသည့် အဖြစ်က လွတ်မြောက်ချင်နေပြီ..။
ဒီနေ့ ကိုယ် အချိန်အကြာကြီး စောင့်ပေမဲ့ မင်း ကို မတွေ့တော့ စိတ်ပူတယ်..။
ဘယ်ရောက်သွားလဲ…ဘယ်သူနဲ့ သွားလဲ ဆိုတာ ကိုယ့်မှာမေးခွန်းတွေ အများကြီးနဲ့ တုန်လှုပ်ခဲ့တယ်..။
ဖြိုးသူ ကို နယ်ကို သွားခိုင်းထားတော့ မင်း ဘယ်သူနဲ့ ဘယ်ကို သွားနေတာလဲ..။
ကိုယ့်မှာ နေရာတိုင်းကို လိုက်ရှာတယ်..။
တွေ့တဲ့ သူတိုင်းကို မေးမိတယ်…။
နောက်ဆုံးမှ အိမ်ကို သတိရတယ်..။
ကိုယ် က မင်းနဲ့ ပတ်သက်လာရင် စဉ်းစားတွေးခေါ်နိုင်စွမ်းတောင် မရှိပါဘူး သီရိရယ်..။
ကိုယ် စိတ်တွေပူပြီး အရူးတစ်ယောက်လို ဖြစ်ခဲ့ရပေမဲ့ မင်း က တော့ ကိုငယ်နဲ့ တူတူ ပြန်လာတာ ဆိုတဲ့ စကားကို လွယ်လွယ်ပြောရက်တယ်..။
ကိုယ့်မှာတော့ အရူးတစ်ယောက်လိုပါပဲ..။
ကိုယ် မကျေနပ်ဘူး..။
မခံစားနိုင်ဘူး..။
မင်း နဲ့ ဖြိုးသူ ပေါင်းပြီး ကိုယ့်ကို စော်ကားနေသလိုပဲ…။
အရူးတစ်ယောက်ကို ကလေး တစ်ယောက်ကို ရန်စ နေကြသလို ခံစားရတယ်..။
ကိုယ့် နှလုံးသားကို ကစားနေကြသလိုပဲ..။
ကိုယ် ဒေါသ တွေ မီးတောက်ကုန်တယ်…။
ခံစားချက်တွေ ပြင်းထန်တော့ ပေါက်ကွဲထွက်ကုန်တယ်…။
ဒါပေမဲ့ မင်း က နေမကောင်းလို့ ခေါ်တာပါလို့ ပြောတော့ ကိုယ့် နောင်တရတယ်..။
ကိုယ် မှားသွားခဲ့ပြီ…။
ကိုယ့်ရဲ့ ဂရုစိုက်မှု တွေကို မင်း အထင်လွဲသွားပြီ ဆိုတာ ကိုယ်သိလိုက်ပါတယ်..။
မင်းတို့ နှစ်ယောက် ညနက်တဲ့အထိ ခြံထဲမှာ စကားပြောနေကြတယ်..။
ကိုယ် ဘယ်လောက် စိုးရိမ်ရလဲ သိလား..။
မင်းတော့ ကိုယ့်ကို မုန်းသွားပြီလား တွေးရင်း စိတ်ပူတယ်..။
နောက်ပြီး လူလွတ်နှစ်ယောက် ခြံထဲမှာ ထိုင်စကားပြောသင့်တဲ့ အချိန် မဟုတ်တော့ဘူးလေ..။
ဒါပေမဲ့ ကိုယ့်မှာ တားပိုင်ခွင့် မရှိခဲ့ဘူး..။
မင်း တို့ နှစ်ယောက် ကိုယ်စီ အခန်းတွေထဲ ၀င်သွားကြပေမဲ့ ကိုယ့်မှာ ၀ရန်တာ မှာ ရပ်နေမိဆဲ..။
ကိုယ် သက်ပြင်းချလိုက်တယ်..။
မနက်ဖြန် နောက်ဆုံးနေ့..။
ကိုယ့်အတွက် အဆုံးအဖြတ်ပေးမဲ့ နေ့…။
.
"ကိုယ်…မင်းကို ပြောစရာ ရှိတယ်….ကိုယ်လာကြိုမယ်…ခဏစောင့်ပါ…"
"ဟုတ်ကဲ့…"
ဒီစကားကို ကိုယ်ကြားပြီးတော့ ဆယ့်ငါးမိနစ် ဆိုတဲ့ အချိန် နဲ့ မင်းရဲ့ ဟုတ်ကဲ့ ဆိုတဲ့ အဖြေ ကို ကိုယ် ယုံခဲ့မိတယ်..။
သိပ်မဝေးတဲ့ ကော်ဖီဆိုင်ကနေ ကိုယ်တိုင် ကားမောင်းပြီး ကိုယ်ရောက်လာခဲ့တယ်..။
ဆယ့်ငါးမိနစ် အတိအကျမှာကိုယ်ရောက်လာခဲ့ပါတယ်…။
မင်းကို မတွေ့ဘူး..။
မင်း သူငယ်ချင်းတွေကိုလည်း မတွေ့ဘူး..။
အချိန်အတိအကျ မပြောလိုက်မိတော့ ကိုယ် မင်းကို စောင့်တယ်..။
နောက်ဆုံးနေ့မို့ သူငယ်ချင်းတွေနဲ့ ရှိနေမယ်လို့ ကိုယ်တွေးတယ်..။
မင်းကို ပြောဖို့ စကားလုံးတွေကို စီစဉ်ထားတယ်..။
ငြိမ်းငြိမ်းက လည်း ပြောသင့်သလောက် ပြောထားပြီးပြီ..။
မင်းစဉ်းစားဦးမယ်လို့ ပြောတယ် ဆိုတော့ ကိုယ့် အတွက် အခွင့်အရေး ရှိနေလို့ပေါ့..။
ကိုယ့် ရှပ်အကျီ င်္ အောက်မှာ ရှိနေတဲ့ တက်တူးနေရာလေးကို ကိုင်ရင်း ကိုယ်ပြုံးမိသေးတယ်..။
အချိန်အကြာ ကြီး မြိုသိပ်ထားရလို့ ကိုယ့် နှလုံးသားက လှုပ်ခုန်နိုးကြားနေပြီ..။
မင်းကို ချစ်တဲ့ အကြောင်းတွေကို ကိုယ် စာတွေ စီတယ်..။
မဖြစ်သေးဘူးလေ..။
ကိုယ်က မင်းထက် အသက်ကြီးတယ်….။
အစ်ကို ဆိုတဲ့ အတိုင်း အားကိုးထိုက်တဲ့ ယောက်ျား ပီသအောင် စကားကို ထိန်းပြောရမှာပေါ့..။
သိပ်ပြီးနုရွနေရင် ကလေးဆန်မှာ စိုးတယ်လေ..။
ကိုယ်စောင့်နေတယ်…တစ်နာရီ…။
နှစ်နာရီ..။
နှစ်နာရီ ခွဲ..။
အိုး..ဒါ ပုံမှန် မဟုတ်တော့ဘူး..။
ကျောင်းသားတွေ ထဲ မှာ မင်းကို လိုက်ရှာတယ်..။
မင်းသူငယ်ချင်းတွေ ကို လည်း ရှာတယ်.။
ကိုယ့်ခေါင်းတွေ မူးနောက်သွားတဲ့ အထိ ကိုယ် မင်းကို ရှာတယ်..။
မတွေ့ဘူး…။
မင်း နဲ့ ကိုယ် တစ်ယောက်နဲ့ တစ်ယောက် ရှာရင်း လွဲကုန်တာလား လို့ ကိုယ်တွေးမိတယ်..။
ကိုယ့်ကားဆီကို ပြန်သွားတယ်..။
နောက်ပြီး ကိုယ်ရင်ပူရင်း ထိုင်စောင့်နေမိပြန်တယ်..။
ကိုယ် တကယ် တုံးခဲ့ပါတယ်…။
အချစ်နဲ့ ပတ်သက်ရင်ပေါ့လေ…။
ကိုယ် အိမ်ကို ဖုန်းဆက်တော့ ညနေစောင်းနေပါပြီ..။
သားငယ် ပြောတာ မင်းရွာကို ပြန်သွားပြီတဲ့..။
ကိုယ့် တစ်ကိုယ်လုံး အားတွေ လွင့်ပြယ်သွားသလိုပဲ..။
ကိုယ် သက်ပြင်းချရုံပါပဲ..။
မင်း ပြန်သွားတာလည်း ကောင်းတယ်..။
ငြိမ်းငြိမ်းရဲ့ အကူအညီတောင်းပြီး မင်းကို ရွာမှာ လူကြီးစုံရာနဲ့ တောင်းရမှာပေါ့လေ..။
ကိုယ် ပြုံးမိသေးတယ်..။
မင်းကတော့ အံသြနေမှာပဲ..။
ရှေ့ရေးကို စဉ်းစားတက်တဲ့ လူကြီးတွေကတော့ ကိုယ်နဲ့ မင်းကို သဘောတူမှာပါ..။
မင်းလည်း တချိန်က သံယောဇဉ် နဲ့ မတက်သာရင် ခေါင်းညိတ်လိုက်မယ် ထင်ပါရဲ့..။
ကိုယ်…မင်းကို တန်ဖိုးထားပြီး တစ်သက်လုံးချစ်သွားမယ်..။
လူသိရှင်ကြား ကိုယ်တို့ လက်ထပ်ပွဲတွေ လုပ်မယ်..။
မင်း မျက်နှာမငယ်ရအောင် အတက်နိုင်ဆုံးကိုယ် ကြိုးစားမယ်…။
ကိုယ်လေ….စိတ်ကူးတွေနဲ့ ပျော်နေလိုက်တာ…။
"ဟလို….အေးပြော…ငြိမ်း…"
"ပြဿနာတော့ တက်ပြီ..ဇေ…"
"ဟမ်….ဘာဖြစ်လို့လဲ…"
"ဖြိုးသူ နဲ့ သီရိ ခိုးပြေးကြပြီ…"
"ဟမ်…ဘာ…ဘယ်လို…"
"နင် ဘယ်မှာလဲ…"
"လမ်း..လမ်းမှာလေ….ရွာပြန်တာဆို….မဟုတ်သေးပါဘူး..နင်သေချာလို့လား…"
"သေချာတယ်….ခုချိန်ထိ အိမ်မရောက်လို့ ဖုန်းဆက်လိုက်တာ….ဖြိုးသူ ကိုယ်တိုင် ပြောတာပဲ…"
"ဘာ…."
"ငါတောင်းပန်ပါတယ်ဟာ…ငါ သာ ကြိုသိခဲ့ရင် ဖြိုးသူကို တားမိမှာပဲ…."
"ကျစ်….ဘယ်…ဘယ်တုန်းက သွားကြတာလဲ…ဘယ်သူနဲ့လည်း…ကား ကော ရှိလား…."
"အိမ်ကို ပြန်လာသေးတယ်….အ၀တ်အိတ်တွေ ယူတယ် ရွာကို ပြန်ပို့မယ် ပြောသွားတယ်တဲ့…ရွာတော့ သွားမှာ မဟုတ်ဘူး…ကားယူသွားတော့ စုံစမ်းလို့ရမှာပါ…."
"တီ…."
ကိုယ် စုံစမ်းတော့ ဖြိုးသူကားက ချောင်းသာ ဘက်ကို ဆင်းသွားတယ်တဲ့..။
ကိုယ်လေ….အရူးတစ်ယောက်လိုပဲ ခရီးရှည်ကို ကိုယ် တစ်ယောက်တည်း မောင်းခဲ့တယ်..။
လမ်းမှာ ကိုယ်ငိုနေတာ ဘယ်သူမှ မသိဘူး..။
ရှက်စရာကောင်းလောက်အောင်ကို ကိုယ် ရှိုက်ငိုနေမိတယ်..။
ကိုယ့်ညီမလေး တစ်ယောက်…..ကိုယ့်သမီးလေး တစ်ယောက်…..ကိုယ်….ကိုယ် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ နောက်ကွယ်ကနေ စောင့်ကြည့်မြတ်နိုးနေတဲ့ ကလေးလေး တစ်ယောက် အခိုးခံလိုက်ရလို့ ပျောက်သွားသလိုပဲ..။
ကိုယ် ပူလောင်လိုက်တာ..။
မင်းအတွက် စဉ်းစားပေးတဲ့ စိတ်တွေကြောင့် ကိုယ့် အခုလို ဖြစ်ရတာ နောင်တရတယ်…။
မာမီ ဆေးရုံတက်နေလည်း အတိုက်အခံ လုပ်ပြီး ကိုယ် မင်းကို ဖွင့်ပြောလိုက်သင့်တယ်..။
ဒါမှ မဟုတ် ကိုယ့်အနားမှာ အချိန် အကြာကြီး ရှိနေချိန်..။
မင်း ရဲ့ မျက်ဝန်းလေးမှာ ကိုယ့်အတွက် သံယောဇဉ် အငွေ့လက်ကျန်လေးတွေ ကျန်နေသေးချိန်မှာ..။
မင်းကို ကိုယ် ထာဝရ အတွက် ရည်ရွယ်ပြီး ဖွင့်ပြောခဲ့ရမှာ..။
ကိုယ် မင်းကို တကယ် ဆုံးရှုံးမခံနိုင်ဘူး..။
ကိုယ် အရူးတစ်ယောက်လို အသည်းအသန်ငိုတယ်..။
မှောင်မိုက် အေးစက်နေတဲ့ အဝေးပြေးလမ်းမကြီးမှာ ကိုယ် အော်ဟစ်ပြီး ငိုတယ်…။
ကြယ်ရောင်တွေက ကိုယ့်ကို ပူလောင်စေတယ်..။
ကိုယ် ဘယ်သူကိုမှ စိတ်မဆိုးနိုင်သေးဘူး..။
ကိုယ့် နှလုံးသားရဲ့ နာကျင်နေတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ မင်း မျက်နှာကို တွေ့ရဖို့ အရေးပဲ ကိုယ့်ခေါင်းထဲ ရှိတယ်..။
အန္တရယ်များတဲ့ တောင်လမ်းတွေကို ကိုယ် အရှိန်ပြင်းပြင်း မောင်းတယ်..။
ကိုယ် ခရီးဆုံးကို ရောက်ခဲ့ပါတယ်..။
ကား ကိုလည်း တွေ့ခဲ့ပါတယ်..။
"ဒုန်း..ဒုန်း…"
"ကျစ်…ဘာလဲကွာ…"
"စိတ်လျော့ပါ အစ်ကို…ခဏ…ကျွန်တော် ခေါ်ပေးပါမယ်…"
"………….."
မို့အစ်နေတဲ့ ကိုယ့်မျက်လုံးတွေက အိပ်ချင်စိတ် မရှိဘူး..။
ခြောက်သွေ့ကွဲအက်လု ဖြစ်နေတဲ့ ကိုယ့်နှုတ်ခမ်းတွေက တင်းစေ့ ပိတ်ထားတယ်..။
နီကျင့်ကျင့် ဖြစ်နေတဲ့ မျက်လုံးကြောင့် ကိုယ့် မျက်ရိုး ကိုက်နေပြီ..။
တံခါး တစ်ချပ် လှစ် ခနဲ့ ပွင့်သွားတယ်..။
လူတစ်ယောက် က အိပ်ချင်မူးတူး ပုံစံနဲ့ထွက်လာတယ်..။
ပြီးတော့ နောက်တစ်ယောက်..။
နောက်ထပ် တစ်ယောက်..။
ဒီကောင်တွေကို ကိုယ် ကောင်းကောင်းသိတယ်..။
ဖြိုးသူရဲ့ ဆိုးဖော် မိုက်ဖော်တွေလေ..။
"သြော်….ကိုကြီး…."
"ဖြိုးသူ ဘယ်မှာလဲ…"
"သူ့စော် ကို မ ပြေးပြီ ကိုကြီး…"
"မင်းကို ငါ ဖြိုးသူ ဘယ်မှာလဲ မေးနေတာနော်…"
ကိုယ့်ရဲ့ မေးရိုးက ထောင်သွားပြီး ခပ်ဖြည်းဖြည်း မေးလိုက်တဲ့ စကားကြောင့် ကောင်လေး နှစ်ယောက် က မျက်နှာပျက်သွားတယ်..။
သူတို့ အထင် ကိုယ်က ဖြိုးသူ ကို လိုက်ရှာနေတယ်လို့ ထင်လိမ့်မယ်..။
တကယ်တော့ ကိုယ့်နှလုံးသားကို ကိုယ် နာနာကျင်ကျင် လိုက်ရှာနေရတာလေ..။
"ကျွန်တော်တို့ မသိဘူး….ချောင်းသာသွားမယ်ဆိုတော့ ကားယူသွားလို့ ပြောတယ်….အဝေးပြေးကားဂိတ်ကို ပို့ပေးခဲ့ရတယ်…ဘယ်သွားမလဲ မပြောဘူး…ဖုန်းလည်း ပိတ်ထားတယ်…"
"တောက်…."
"စိတ်လျော့ပါ…ကိုကြီးရာ….ဒီကောင့် စော်က ရည်ရည်မွန်မွန်လေးပါပဲ….အဆင်ပြေမှာပါ…ကိုကြီးတို့နဲ့လည်း ဆွေမျိုးတော်တယ် ထင်တယ်…"
"ဟုတ်ပါတယ်….စိတ်မပူပါနဲ့…ကောင်မလေး ကလည်း အတော် ချစ်ပုံပါပဲ…ဖြိုးသူ ကို ပြဿနာ မလုပ်လောက်ဘူး…"
"လူငယ်တွေပဲဗျာ….သီးချိန်တန်သီး…ပွင့်ချိန်တန်ပွင့်ပေါ့…နားလည်ပေးလိုက်ပါ ကိုကြီးရာ…ဟဲ…ဟဲ…"
ကိုယ့် လက်သီးကို ဆုပ်ရင်း ခေါင်းငိုက်ဆိုက်နဲ့ လှည့်ပြန်ခဲ့ရတယ်..။
အကောင်းစား ဟော်တယ် ကြီးမှာ ကိုယ် တစ်ယောက်တည်း တည်းခဲ့တယ်..။
အမြင့်ဆုံး နေရာ က ရေကူးကန်ထဲမှာ ရေစိမ်ရင်း ကိုယ့်အောက်က ပင်လယ်ကြီး ကို မက်မက်ရိုင်းရိုင်းတွေ အော်ဆဲပစ်တယ်..။
ကိုယ် အရက်တွေ မူးအောင် သောက်တယ်..။
မူးမူးရူးရူးနဲ့ မပတ်သက်ခဲ့ဖူးတဲ့ ခပ်ချောချော မိန်းမတွေနဲ့ ပျော်ပါးပစ်တယ်..။
ကမ်းခြေ မှာ လမ်းလျှောက်နေတဲ့ ကောင်မလေး တချို့ ကို ပါးစပ်သရမ်း ပြီး လျှောက်စ တယ်..။
အကင်တွေ တစ်ဗန်းလုံး ၀ယ်ပြီး …သဲထဲ မှောက်ပစ်တယ်....။
နောက်ပြီး…..ကိုယ် အခန်းထဲ ပြန်ရောက်လာချိန်….ကိုယ်တစ်ယောက်တည်း….ငိုတယ်…။
ကိုယ်ငယ်ငယ် တုန်းက အတိုင်း ရှိုက်ကြီးတငင် ကို ငိုတယ်..။
ဝမ်းပန်းတနည်း ငိုတယ်..။
ကိုယ့် ခွေးလေး သေတုန်းကလို..။
ကိုယ့် အရုပ်ကလေး ပျက်စီးသွားတုန်းကလို..။
ကိုယ် မြတ်နိုးတဲ့ အရာတစ်ခုကို ဆုံးရှုံးလိုက်သလို..။
မရှက်တမ်းကို ငိုတယ်…။
အော်ဟစ်ပြီး ငိုတယ်…။
အသံတိတ် အံကြိတ်ငိုတယ်..။
ကိုယ့်ကိုယ်ကို သနားလို့ ပိုငိုမိတယ်..။
ကိုယ်က တကယ်တော့ အရှုံးသမားပဲ..။
ကိုယ့်ကိုယ်ကို မုန်းလို့ ပိုငိုတယ်..။
ပင်လယ်ကြီးကို တိုင်တည်ပြီးမင်း ကို ချစ်တဲ့ အကြောင်းတွေ ပြောပြတယ်…။
မင်း ကို အလုခံလိုက်ရတဲ့ အကြောင်းတွေ ပြောပြတယ်..။
မင်း ရက်စက်တဲ့ အကြောင်းတွေ ပြောပြတယ်..။
နောက်ပြီး ကိုယ့်ကိုယ်ကို ကျိန်ဆဲတယ်..။
အသည်းကွဲတာ ဘယ်လို ခံစားရလဲ ကိုယ်မသိဘူး..။
အခု ကိုယ်ခံစားနေရတာ အသည်းကွဲ တာ မဟုတ်ဘူး..။
ကိုယ့်ရဲ့ နှလုံးသား ကြေမွ ပျက်စီးသွားတာပဲ..။
ကိုယ် ဆုံးရှုံးလိုက်ရတာ အရမ်းကြီးမားလွန်းတယ်..။
ကိုယ် တယုတယ စောင့်ကြည့် ဂရုစိုက် နေတဲ့ ပန်းပွင့်လေး အခိုးခံလိုက်ရသလိုပဲ..။
ပြီးတော့…ပန်းပွင့်လေး ကိုယ်တိုင်က လိုလားခဲ့တာတဲ့လား..။
ဒါဖြင့်…ကိုယ် က ဘာလဲ..။
.
"ဟင်….ဇေ….နင် ဘယ်သွားနေတာလဲ."
"ချောင်းသာ…"
"အိုး….ငါက စိတ်ပူနေလို့…"
"နင်လား…"
"ဟယ်….ငါ စာကိုပဲ စိတ်ဝင်စားပေမဲ့ကိုယ့်သူငယ်ချင်းကိုတော့ ဂရုစိုက်ပါတယ်ဟာ.."
ခုတင်ပေါ် ၀မ်းလျားမှောက် အိပ်လိုက်တဲ့ ဇေ့ အနားကို ငြိမ်းငြိမ်း ရောက်လာတော့ မျက်လုံးတွေ မှိတ်ပစ်လိုက်သည်..။
"ငါ တောင်းပန်ပါတယ်ဟာ….ဖြိုးသူကို မပြောပြမိဘူး…နင် ဘယ်လို ခံစားနေရလဲ ငါသိပါတယ်…"
"သွားစမ်းပါဟာ…ဘာ ခံစားရမှာလဲ…"
"ဟင်း….ဟန်မဆောင်ပါနဲ့..နင့် အကြောင်း ငါ ကောင်းကောင်းသိတယ်…"
"ကျစ်…ငြိမ်းငြိမ်း…နင် ယောက်ျားတွေ အကြောင်း သေချာမသိပါဘူး….ငါကသာ နင့်ကို တောင်းပန်ရမယ်…"
"ဟင်…ဘာဖြစ်လို့လဲ…"
"နင့် ကို ပွဲတက်မိန်းမ အဖြစ် အသုံးချခဲ့ပေမဲ့…ငါ့မှာ ကောင်မလေး ရှိတယ်…"
"ဟမ်…."
"ဟုတ်တယ်….ဟိုးအရင်တုန်းက ငါ နဲ့ အလုပ်တူတူ လုပ်တဲ့ ကောင်မလေးလေ….သူနဲ့ ငါ လက်ထပ်ထားတာ ကြာပြီ….မာမီတို့က အတင်းစီစဉ်တော့ ငါလည်း ကြံရာမရ.."
"နေပါဦး..နေပါဦး..နင် ထ ပြောစမ်းပါ…"
"ကျစ်…"
ဇေယျ ဆံပင်တွေ သပ်တင်ရင်း ငုတ်တုတ် ထထိုင်လိုက်တော့ ငြိမ်းငြိမ်းက မျက်ခုံးတွေ တွန့်ကာ ကြည့်နေသည်..။
ငါ သိတယ်…နင့်မာနကို ထိရင် နင်ငြိမ်နေမှာ မဟုတ်တော့ဘူး..။
"ပြောစမ်းပါဦး…နင်ယူထားတဲ့ မိန်းမ ကြောင့်ငါ့ကို ကာဗာ အဖြစ်သုံးတာလား.."
"…ဟုတ်တယ်…ငါတောင်းပန်ပါတယ်….နင် နိုင်ငံခြားသွားရင် သီရိ ကို ဆက်သုံးဖို့ပဲ…သူက လူကြီးတွေနဲ့ အဆင်ပြေမယ်ထင်ထားတာလေ….ခုတော့ ၀န်ခံရတော့မယ်…တော်ကြာ…နင် အထင်လွဲပြီး..တမျိုး မြင်နေမှာစိုးလို့ပါ…."
"နင့် ကာဗာ က …ငါ ပြီးတော့..သီရိ…ဟလား….ဖြန်း…"
"………."
ဇေယျ ပါးမှာ ထူပူသွားတော့ ဒေါသကြောင့် အံကြိတ်ကာ ခုတင်ပေါ်က ထရပ်လိုက်သည်..။
လက်ရွယ်ပြီးကာမှ ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်လာခဲ့ရသည်..။
ကိုယ် ရှက်တယ်…။
ရှက်လွန်းလို့ပါ သီရိရယ်..။
ကိုယ့်ယောက်ဖရဲ့ မိန်းမ က ကိုယ့်ရဲ့ အချစ်ဦး..အချစ်ဆုံး…ကိုယ့် နှလုံးသားတစ်ခုလုံး ဆိုတာ ကိုယ်ပဲ သိရင် လုံလောက်ပါပြီ..။
ကိုယ့်ရဲ့ ခံစားချက်တွေကို သိခဲ့တဲ့ ငြိမ်းငြိမ်းနဲ့ မင်းကို ကိုယ် မျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှက်တယ်..။
ကိုယ့်မုသားတွေက ကိုယ့်အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါရဲ့..။
ကိုယ့်ရဲ့ မရူမလှ အရှုံးတွေကို ဖြေသိမ့်ပေးပါလိမ့်မည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...