P_5 (U)

51.5K 6.3K 40
                                    

သဏ္ဍာန်ဆန်း အခု ရောက်နေတဲ့ နေရာက မေဂျာ ကျောင်းဆောင် တစ်ခုရဲ့ ခေါင်းမိုးထပ်မှာ ဖြစ်သည်။ အောက်ခြေက အရာမှန်သမျှကို အပေါ်ကနေ စီးမိုး‌ မြင်နေရသည့် အရပ်အဝန်း တစ်ခု။

လူတွေ လှုပ်ရှား သွားလာ နေတာတွေ သူမြင်သည်။ အထက်ကို မော့ကြည့်လိုက်တော့ ညနေခင်းရဲ့ ကောင်းကင်ပြာပြာက ငြိမ်းအေးလျက်သား။ အထပ်မြင့်တို့ ထုံးစံအတိုင်း လေပြည်က ပေါ့ပေါ့ပါးပါး မဟုတ်။ တိုက်ခတ်မှုက အနည်းငယ် တိုးတိုး‌ဝှေ့ဝှေ့။

ခေါင်မိုးထပ်မှာ အသုံးမပြုတော့သော ကျောင်းသုံးပစ္စည်း အချို့ကို သိမ်းဆည်းသည့် စတိုခန်းနဲ့ ရေစင်ကြီး တစ်ခုလည်း ရှိ၏။ သူက အဲ့ဒီ့ဘက် အခြမ်းရဲ့ ဝရံတာ အုတ်ဘောင်ပေါ်ကိုမှ တမင် ရွေး၍ ထိုင်နေတာဖြစ်သည်။

ချောင်ကျတဲ့နေရာ ထောင့်မျိုးမှာ နားကြပ်ကို နှစ်ဖက်လုံးထည့်၍ တစ်ယောက်ထဲ နေချင်၏။ ခေါင်းမိုးထပ်ကို တချို့ ကျောင်းသားတွေ မကြာခဏ ရောက်လာတတ်တာမို့ ဒီထောင့်နေရာလေးကသာ သူ့အတွက် ပိုအဆင်ပြေပါသည်။ ဘယ်သူမှ သူ့ကို မမြင်လေ ပို အေးချမ်းလေ ပါပဲ။

အုတ်ဘောင် ဆိုတာကလည်း ခေါင်မိုးထပ်ရဲ့ အရံအတား တစ်ခုပဲ ဖြစ်သည်။ သူက အဲ့ဒီ့ အစွန်အဖျား အုတ်ဘောင်ပေါ်မှာ ထိုင်နေပြီး ခြေနှစ်ဖက်ကိုတော့ အောက်မှာ တွဲလောင်း ချထားသည်။ လေဟာနယ် တစ်ခုက သူ့ခြေထောက် အောက်မှာ။ အနောက်ကနေ တယောက်ယောက် တွန်းလိုက်ရုံနဲ့ ဒီအထပ်မြင့်ကြီး ပေါ်ကနေ သူပြုတ်ကျ သွားနိုင်တဲ့ အနေအထားမျိုး။

နားထောင်နေတဲ့ သီချင်းကို နောက်တစ်ပုဒ် ပြောင်းရန် ခဏ ရပ်လိုက်စဉ် ကျောင်းခေါင်မိုးထပ်သို့ လူတချို့ တက်လာတဲ့ အသံအား ကြားလိုက်ရ၏။ ဘယ်သူလာလာ စိတ်မဝင်စားတာမို့ လှည့်မကြည့် ဖြစ်ဘဲ သီချင်းသာ ဆက်ရွေးနေလိုက်သည်။

"ကိုခန့်သော်ကြီးက အခု ငါ့ကို အတင်းတွေ လိုက်ကပ်နေတာနော် မိုင်း အဲ့ဒါ နင့်ကြောင့် ..."

မိုင်း ဆိုတဲ့ နာမည် ကြားလိုက်တာနဲ့ လူက  လှုပ်ရှားနေရာ ကနေ ငြိမ်သွားခဲ့ရသည်။ နားကြပ်ကြိုးကို ဖြုတ်လိုက်ကာ ခေါင်းကို အနည်းငယ် စောင်းပြီး လှည့်ကြည့်မိသည်အထိ။ ကျောင်းရဲ့ နာမည်ကျော် ကျောင်းသား အုပ်စုက ခေါင်မိုးထပ်မှာ စကားလာပြောနေ၏။
သူတို့ လေးယောက်လုံးက သူ့ကို မမြင်။ သူကတော့ သူတို့အုပ်စုကို ထောင့်ကွယ်ကနေ တစွန်းတစ လှမ်းမြင်နေရပါသည်။

သဏ္ဍာန်ဆန်းWhere stories live. Discover now