(Extra _ 3) U

44K 4.4K 350
                                    

မင်္ဂလာပွဲအား အတည်ပြုပြီး တစ်ရက်ခြား အကြာတွင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ဟာ အိစက်ညက်ညောနေတဲ့ နေရာအခင်းအကျင်း တစ်ခုမှာ ရှိနေမှန်း အလိုလိုသိနေသည်။ အထိအတွေ့ကို ခံစားမိ၏။ နားထဲမှာ တဝုန်းဝုန်းနဲ့ ရေသံလိုလို လေသံလိုလိုတွေလည်း ကြားနေမိသည်။ အသံတွေကြောင့်လား။ နိုးထချိန် တန်၍လားတော့ မသိ။ အိပ်ပျော်နေတဲ့ သဏ္ဍာန်ဆန်း တစ်ယောက် နိုးလာခဲ့ရသည်။
မျက်လုံးတွေကို အရင်ဆုံး ဖွင့်ကြည့်မိတော့ သူရှိနေတဲ့ နေရာ အရပ်အဝန်းဟာ သူအိပ်နေကျ အိပ်ခန်းတစ်ခု မဟုတ်ခဲ့ပါ။ မိုင်းနဲ့သူ နေထိုင်ရာ အိမ်ကြီးရဲ့ အခန်းတစ်ခုခုလည်း မဟုတ်ပေ။
ဒီအိပ်ခန်း ဒီအိပ်ရာဟာ သူနဲ့ ဘယ်လိုမှ မရင်းနှီးနေသော နေရာပါပဲ။

"ဒီနေရာက ဘာလဲ ...ငါဘာလို့ ဒီအခန်းထဲကို ရောက်နေရတာလဲ ..."

မနေ့ညက အိပ်ရာမဝင်ခင်မှာ မိုင်း‌ တိုက်တဲ့ နွားနို့တစ်ခွက်ကို သူသောက်ပြီး အိပ်ရာဝင်ခဲ့သည်။ အခုနိုးလာတော့ စိမ်းသက်တဲ့ နေရာပတ်ဝန်းကျင်တစ်ခုမှာ ဖြစ်နေ၏။ ဒါက ဘယ်လို အခြေအနေမျိုးလဲ။
ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ကြည့်တော့လည်း မနေ့ညက ဝတ်ထားတဲ့ ညအိပ်ဝတ်စုံ အတိုင်းပင်။ သူနဲ့အတူ အိပ်ယာဝင်ခဲ့တဲ့ မိုင်းကလည်း အခု နံဘေးတွင် ရှိမနေခဲ့။ အခန်းထဲမှာ ဆန်း တစ်ယောက်ထဲပါပဲ။ ခုတင်ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ နာရီဆီကို အကြည့်ရောက်တော့ အချိန်က နေ့လည်တစ်နာရီခန့်။

အခန်းပုံစံက ဟိုတယ်တစ်ခုခုရဲ့ အပြင်အဆင် ပုံစံနဲ့ တူနေသည်။ ဖွင့်ထားတဲ့ တံခါးချပ်ကြီး တစ်ခုရဲ့ အဖြူရောင် ခန်းစီးစ အရှည်ကြီးက တိုးဝင်လာတဲ့ လေပြေတို့ကြောင့် တလွင့်လွင့် ဖြစ်နေသည်။ တဝုန်းဝုန်း အသံတွေဟာလည်း ထိုတံခါးပေါက်ဆီကနေ ဖြတ်ဝင်လာခဲ့ပုံရသည်။
ကုတင်ပေါ်ကနေ ဆန်းက ဆင်းလာခဲ့ပြီး တံခါးပေါက် ဘက်ကို သွားလိုက်သည်။ တလွင့်လွင့် ဖြစ်နေတဲ့ အဖြူရောင် ခန်းစီးစကြီးရဲ့ အနောက်ဘက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းသည် သူ့ကို မျက်လုံးတွေ ဝိုင်းသွားစေသည်။

"ဟင် ဒါ ဒါက ဒီနေရာက ပင်လယ် ..."

မျက်စိရှေ့ကြီးမှာ ပြာလဲ့နေသော ပင်လယ်ပြင်ကြီးကို မြင်နေရလေပြီ။ တဝုန်းဝုန်း ကြားနေရတဲ့ အသံတွေက လှိုင်းပုတ်သံတွေ ဖြစ်နေခဲ့သည်။ ‌ဒီအခန်းဟာလည်း ဟိုတယ်တစ်ခုရဲ့ Sea view မြင်ရတဲ့ နေရာဖြစ်သည်။ သူအခု အိမ်မက်များ မက်နေသည်လား။ ပြီးခဲ့တဲ့ လကမှ ပင်လယ်ကို သွားချင်တယ်လို့ မိုင်းနဲ့ ပြောခဲ့ဖူးသေးသည်။
ဒါကိုများ သူစိတ်စွဲပြီး အိမ်မက် မက်နေခဲ့သည်လား။ ကိုယ့်လက်ကို လက်သည်းနဲ့ တစ်ချက် ဆွဲဆိတ်ကြည့်မိသေးသည်။

သဏ္ဍာန်ဆန်းWhere stories live. Discover now