P_9 (U)

51.1K 6.2K 89
                                    

လင်းထိန်တဲ့ မီးအလင်းလည်း မဟုတ်...မှိန်ပြလွန်းတဲ့ အလင်းရောင်လည်း မဟုတ်တဲ့ အလင်းရောင်ရယ် ...ငြိမ့်ငြိမ့်လေး စီးဆင်းနေတဲ့ သံစဉ်တချို့ရယ်...ယစ်မူးရီဝေနေတဲ့ လူ‌တွေရယ် ...။

Dance club မဟုတ်တဲ့ အရက်ဘား တစ်ခုမှာ လင်းရဝေနဲ့ ကောင်းသစ်လွင်တို့ ရောက်နေကြတာ ဖြစ်သည်။ အကြောင်းက သဏ္ဍာန်ဆန်းရဲ့ အချိန်ပိုင်း အလုပ်တွေထဲမှ တစ်ခုဖြစ်တဲ့ နေရာမို့။

ဒီနေရာက သာမန်အရက်ဘား တစ်ခုမဟုတ်။ နာမည်ကြီးပြီး ဈေးကြီးတဲ့ နေရာတစ်ခု။ ဘားတစ်ခုလုံးက စားပွဲတွေအားလုံး လူအပြည့် ဖြစ်နေခြင်းက ဒီနေရာရဲ့ ကျော်ကြားမှုကြောင့်ပဲ မဟုတ်လား။ ရောက်လာတဲ့ ဧည့်သည်တိုင်းကလည်း ပိုက်ဆံသုံးနိုင်တဲ့ သူတွေချည်း။

"ဘယ်မှာလဲ သဏ္ဍာန်ဆန်း ..."

ဆိုင်ထဲမှာ ဝန်ဆောင်မှု ပေးနေတဲ့ Waiter တွေအကုန်လုံးကို လိုက်ကြည့်ရင်း လင်းရဝေက ပြောလိုက်၏။ သူ့လိုပင် လိုက်ကြည့်နေတဲ့ ကောင်းသစ်လွင်ကလည်း ...

"ခဏစောင့်နေ လာလိမ့်မယ် ...သူ့ကို ငါတို့ဝိုင်းမှာ ဝန်ဆောင်မှုပေးဖို့ ငါစောစောက မန်နေဂျာကို ဘောက်ဆူးပေးပြီး သွားပြောထားတယ် ..."

"မင်းက အကွက်မြင်သားပဲ ...ဒီလိုလည်း လုပ်တတ်တာပဲလား..."

ရဝေက ကောင်းရဲ့ အကြံအစည် အကွက်မြင်မှုကို အထင်ကြီးသွားရ၏။

"ငါလေ ငါပါ ...အကွက် ကြိုမြင်တဲ့ နေရာမှာ နှစ်ယောက်မရှိတဲ့ ကောင်းသစ်လွင်လေ ..."

"အဲ့ဒါက မင်းလုပ်နေကြလေ clubတွေ barတွေမှာ..."

ရဝေက ရယ်ကျဲကျဲနှင့်။ clubတွေ barတွေကို သူတို့အုပ်စု လူစုံတက်စုံ သွားဖူးလာဖူးကြ၏။ များသောအားဖြင့် မကြာခဏ သွားတတ်တာက သူနဲ့ ကောင်းသစ်လွင်ပဲ ဖြစ်သည်။

"ဒီလိုပဲပေါ့ကွာ အတွေ့အကြုံတွေ ဆိုပေမယ့် အရင်က ကောင်မလေး လှလှလေးတွေ လွှတ်ပေးဖို့ မန်နေဂျာတွေကို ပြောရတာဟ ...အခုကျတော့ ယောင်္ကျားလေးတစ်ယောက်ကို လာခိုင်းဖို့ ပြောရတာ ...ဖီလင်ကြီးက တမျိုးကြီး ..."

ကောင်းက နှုတ်ခမ်းတွေကို မဲ့ပြီး အရက်ခွက်ကို ကောက်မော့လိုက်၏။ ရဝေကတော့ သူ့ကို ကြည့်ပြီး ရယ်နေလေသည်။

သဏ္ဍာန်ဆန်းWhere stories live. Discover now