P_18 (U)

46.2K 5.6K 246
                                    

"ဆန်း မင်းကိုငါ အကူအညီ တစ်ခုလောက် တောင်းစရာရှိလို့ ..."

အတန်းထဲမှာ စာထိုင်လုပ်နေတဲ့ သဏ္ဍာန်ဆန်းအနားကို ကြည်သာက လာကပ်ထိုင်ပြီး ပြောလိုက်တာဖြစ်သည်။ သူ့မျက်နှာက လိုတာထက်ပိုပြီး ပြုံးရယ်ပြနေ၏။ တောင်းဆိုစရာရှိလို့ မျက်နှာချိုသွေးတယ်ဆိုတာ ဒါမျိုး။

"ဘာလဲ ပိုက်ဆံကိစ္စဆိုရင်တော့ ဆောရီးပဲ ငါကငမွဲ ..."

သူငယ်ချင်းဆိုပြီး အားနာရ ကောင်းမှန်းလည်းမသိ။ ပြောချလိုက်တာ ဒဲ့ကြီး။ သဏ္ဍာန်ဆန်းဆိုတဲ့ကောင်က စိတ်ကောင်းလေးတော့ ရှိပေမယ့် တခါတလေ အဲ့ဒီ့လို အပေါက်ဆိုးဆိုး။

"ငါဘယ်တုန်းက ပိုက်ဆံကိစ္စ ပြောဖူးလို့လဲ မင်းကလည်း ...ဆက်ပြောမယ့် စကားတောင်မှ နင်သွားတယ် ..."

မှန်၏။ ကြည်သာက သူ့ဆီကနေ တခါမှ ပိုက်ဆံမချေးဖူးပါ။ မရှိမှန်းသိလို့ မချေးတာလား ဘာလားတော့မသိ။

"မင်းက အကူအညီ မတောင်းစဖူး ရုတ်တရက်ကြီး မျက်နှာချို လာသွေးပြနေတာကိုး...အဲ့တော့ ငါက ပိုက်ဆံကိစ္စလို့ ထင်တာပေါ့ကွ ..."

"ပိုက်ဆံချေးမလို့ မဟုတ်ဘူး ...အလုပ်ကိစ္စတစ်ခု ငါ့အစား မင်းဝင်ပေးလို့ရမလား ..."

ဆန်းက ကြည်သာ့မျက်နှာကို သေချာပြန်ကြည့်နေပြီးမှ ...

"လာပြန်ပြီ ...ငါက မင်းကို ဘယ်လို ယုံရမှာလဲ ..."

"ဟင် ဘာကိုလဲ ..."

"မင်းကို ဟိုအုပ်စုက ခိုင်းလိုက်ပြန်တာလား ..."

"ဘယ်အုပ်စုလဲ ..."

"ဆီဇာနေရဇ္ဇတို့ အုပ်စု ..."

"ဟမ် မဟုတ်ပါဘူးကွာ မင်းကလည်း ...ဒါက ငါ့ကိစ္စပါဟ ..."

"ပထမတခါတုန်းကလည်း မင်းငါ့ကို အလုပ်နဲ့နေစရာနေရာ ရှာပေးတာလေ ...အဲ့ဒီ့ကိစ္စက နီနီခိုင်းတာကို ဘာလို့ငါ့ကို ပြန်မပြောတာလဲ ..."

"ဟာ အဲ့ဒါကလေ ဒီလိုကွာ ..."

ကြည်သာ့မျက်နှာက စပ်ဖြီးဖြီး လုပ်နေပြီး ခေါင်းကုပ်နေလေရဲ့။

"သူတို့အုပ်စုက မင်းကို ကူညီချင်တယ် ...မင်းကလည်း သူများအကူအညီဆိုရင် အလွယ်တကူ လက်မခံတတ်ဘူးလေ ...အဲ့ဒါကြောင့် ငါက ကြားကနေ နှစ်ဖက်လုံး အဆင်ပြေသွားအောင်လို့ နှုတ်ပိတ်ပေးလိုက်တာပါ ...ဟီး ဟီး ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now