P_11 (U)

48.4K 5.7K 111
                                    

ညနေပိုင်း အတန်းပြီးတော့ အိမ်ပြန်ဖို့ ခြေလှမ်းတွေက ဘက်ထရီနည်းနေတဲ့ အရုပ်ကြီးလိုပင်။ ဖြေးဖြေးလေး တရွေ့ရွေ့နှင့်။ စက်ဘီးကိုလည်း မစီးဖြစ်။ လက်ကနေပဲ တွန်းလာခဲ့တဲ့ သဏ္ဍာန်ဆန်း။

ရင်ဆိုင်နေရတာတွေကို ဖြေရှင်းဖို့ သူ့မှာ တွေးစရာတွေ များနေပါသည်။ နေဖို့ အဆောင်ရှာရမည်။ ဝင်ငွေအတွက် အလုပ်ထပ်ရှာရဦးမည်။ လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် ပင်ပန်းလာကြတယ်။ စိတ်ရော ကိုယ်ပါ မပျော်ရွှင်နိုင်တော့ဘူးတဲ့။ ဒီစကားက မှန်၏။ အခု သူ မပျော်ပါ။

စိတ်ဓာတ်ကျ အားငယ်နေတာမျိုးတော့ မဟုတ်။ စားဝတ်နေရေး ဆိုတဲ့ ကိစ္စက အရွယ်ရောက်၍ မိဘမဲ့ကျောင်းကနေ ထွက်လာပြီးထဲက သူရင်ဆိုင်လာရတာ ဖြစ်သည်။ သူများတွေလို သုံးဖြုန်းပျော်ပါးဖို့ ဝေးစွ။ ထမင်းငတ်ခဲ့ဖူးတဲ့ရက်တွေ ရှိသလို ဘူတာရုံတွေမှာ အိပ်ခဲ့ဖူးတဲ့ ရက်တွေလည်း ရှိခဲ့ဖူးသည်။ ဒါက သူပထမဆုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ထွက်လာခဲ့စဉ်က ကြုံခဲ့ဖူးတဲ့ အဆိုးဝါးဆုံး အချိန်တွေပါ။
အခုကြုံတွေ့နေရတဲ့ အခြေအနေက အဆုံးထိတော့ မဟုတ်သေး။ ရွေးစရာ တစ်ခုခုတော့ ရှိနေနိုင်ပါသေးသည်။

"သဏ္ဍာန်ဆန်း ဟေ့ကောင် ..."

သူ့နာမည်ကို လှမ်းခေါ်ပြီး အနားကို ရောက်လာတဲ့ ကြည်သာ။ ဆန်းကို ကြည်သာက ပုခုံးလှမ်းဖက်လိုက်ပြီး ...

"မောလိုက်တာ ငါမင်းကို လိုက်ရှာနေတာဟ ...အတန်းပြီးတာနဲ့ ပျောက်သွားတာ မြန်လိုက်တာ ..."

"ငါသွားစရာလေးတွေ ရှိနေလို့ပါကွာ ...မင်းက ဘာလို့ ငါ့ကို လိုက်ရှာနေတာလဲ ..."

"မင်းသွားစရာတွေ ဆိုတာက အဆောင်ရှာဖို့နဲ့ အချိန်ပိုင်း အလုပ်သစ် ရှာဖို့လား ..."

ကြည်သာ့ကို ဟိုရက်တွေက ပြောထားတာမို့ သူလည်း သိနေပါသည်။ ဆေးမှုကြောင့် အဆောင်ကနေလည်း ပြောင်းရမှာ ဖြစ်သလို သူ လုပ်နေတဲ့ အချိန်ပိုင်း အလုပ်နှစ်ခု ကနေလည်း ပြုတ်သွားခဲ့ရပါပြီ။

"အေး ဟုတ်တယ် ...အလုပ်သစ်ကလည်း ချက်ချင်း ရဖို့ ခက်တယ် ...နေဖို့နေရာ ရှာရတာကလည်း ပိုတောင် မလွယ်ဘူး ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now