အပိုင်း ၁၁

82.4K 8.5K 427
                                    

Uni

နွေးထွေးပြီးသာယာသည့် နံနက်ခင်းတစ်ခုတွင်ဖြစ်သည်။မောင်ဟာ စားပွဲဝိုင်းထိပ်၌ထိုင်ကာ သတင်းစာဖတ်ရင်း ကော်ဖီသောက်နေ၏။မိုမိုကမူ မုန့်ဟင်းခါးပန်းကန်ထဲမှ နံနံပင်များကို တစ်ရွက်ချင်းလိုက်ဆယ်နေသဖြင့် ထမင်းစားခန်းတစ်ခုလုံးမှာ တိတ်တဆိတ်ဖြစ်လျှက်ရှိသည်။နုဒါလေး နလန်ပြန်ထလာသည်နှင့် ကြီးကြီးဟာလည်း စိတ်ချလက်ချဖြစ်ကာ နေရပ်ပြန်သွားတော့၏။သို့သော် အိမ်၏ဆည်းလည်းလေးမှာလည်း နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသေးသည်ဖြစ်ရာ ဟေမာန်ဆောင်၏ နံနက်ခင်းက အနည်းငယ်တော့ဖြင့် ပျင်းခြောက်ခြောက်နိုင်နေပေသည်။

လွင်မင်းခန့်မောင် ဖတ်ပြီးသောသတင်းစာကိုဘေးချကာ ကော်ဖီသောက်မည်အပြု မုန့်ဟင်းခါးပန်းကန်နှင့်ရန်ဖြစ်နေသော ခင်ပွန်းငယ်ကြောင့် ပြုံးစိစိပင်ဖြစ်သွားရ၏။ထိုကောင်ငယ်လေးမှာ တခါတစ်လေ အရွယ်နှင့်မလိုက်အောင် လူကြီးဆန်တတ်သောလည်း တခါတစ်လေမူ ရုပ်တည်ကြီးနှင့် အူကြောင်ကြောင် ထလုပ်တတ်၏။သို့သော် လွင်မင်းခန့်မောင်၏ စိတ်ထဲတွင်မူ ချစ်မွှေးလေးဟုသာမြင်မိသည်လေ။

ယခုလည်း မနေ့ညကသူစားချင်သည်ဆိုသဖြင့် မနက်အစောမောင်ချစ်အား လမ်းမတော်ဘက်ထိ သွားဝယ်ခိုင်းထားသော မုန့်ဟင်းခါးပန်းကန်ကြီးအား စိုက်ကြည့်ကာ ပွစိပွစိရေရွတ်နေကာ တစ်ခါတစ်ခါ မျက်စောင်ပင် ထိုးလိုက်သေး၏။

"ဘာဖြစ်နေသလဲ အချစ်..."

"ဟင်"

ထိုကောင်လေးမှာ လွင်မင်းခန့်မောင်၏ ရုပ်တရက်အမေးကြောင့် အူကြောင်ကြောင်ပြန်ကြည့်လာ၏။

"မောင် ကြည့်နေတာ...မင်းခုထိ တစ်ဇွန်းမှခတ်စားတာ မတွေ့သေးလို့...ဘာလို့လဲ စားလို့မကောင်းဘူးလား"

ထိုအခါကောင်ငယ်လေးမှာ ဇွန်းကိုပြစ်ချကာ မျက်နှာငယ်လေးဖြင့် ကြည့်လာပြီး

"မုန့်ဟင်းခါးဟာ စားလို့သိပ်ကောင်းမဲ့ပုံကလေးပါပဲ မောင်ရယ်...ဒါပေမဲ့ မုန့်ဟင်းခါးရောင်းတဲ့လူဟာ မိုမို့ကိုသူ့မုန့်ဟင်းခါးထက် နံနံပင်သာစားစေချင်ပုံပေါ်တယ်။နံနံပင်ကို အခင်းလိုက်ထည့်ပေးလိုက် သလားမှတ်ရတယ် ဒီမယ်ကြည့်ပါဦးမောင် ကျွန်တော်ပြောတာလွန်သလားလို့..."

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now