အပိုင်း ၁၃

79.2K 8K 439
                                    

Uni

ရှေးဆိုရိုးများအရ နေ့ပူညချမ်းတပေါင်းလဆန်း ဖြစ်သော်လည်း ယခုမူတပို့တွဲလပင် ရှိသေးသည် နေ့ဘက်တွင်မခံမရပ်နိုင်အောင် ပူပြင်းလှ၍ ညရောက်လျှင်တော့ အရိုးထဲစိမ့်နေအောင်အေးတတ်၏။

မိုမို သိုးမွှေးထိုးနေသော အရီးတင်ဘေးတွင်ထိုင်ရင်း အခြောက်လှမ်းထားသည့် ပီနံငရုတ်သီးများကို ဓားဖြင့်ခွဲအစေ့များကို ပန်းအိုးအသေးထဲသို့ထည့်ကာ ပျိုးနေ၏။နုဒါလေးသည်လည်း သည်ရွာသို့ရောက်သည်မှ အလွန်စန်းပွင့်နေလျက် ရွာရှိအပျိုချောလေးများ၏ သည်းသည်းလှုပ်ခြင်းကို ခံနေရသဖြင့် ရွာသို့ရောက်စတပတ်လောက်သာ မိုမို့အနားတွင်ကပ်သည်။ယခုတော့ မနက်မိုးလင်းသည်နှင့် သူ့သူငယ်ချင်းတစ်အုပ်နှင့် ရွာစဉ်လျှောက်လျက်ရှိ၏။သူ့သူငယ်ချင်းများဆို၍ ရွယ်တူကလေးများချည်းဟု မထင်လိုက်လေနှင့်။မွေးကင်းစ ဘုစုခရုမှစ ဖိုးမောင်တို့အရွယ် ကာလသားများအထိ အရွယ်စုံဆိုဒ်စုံများဖြစ်၏။

မိုမိုတို့ ဆရာဝန်ကြီးတို့ရွာရောက်နေသည်မှာ တလပင်ပြည့်တော့မည်ဖြစ်သော်လည်း တပို့တွဲလပြည့်ကျော်မှ အိမ်ပြန်မည်ဟု မောင့်ကပြောထား၏။အကြောင်းမှာ တပိုတွဲလပြည့်နေတွင် အနီးအနားရှိရွာများပေါင်း၍ စုပေါင်းထမနဲထိုးပွဲ ကျင်းပမည် ဖြစ်သောကြောင့်ပင်။

သည်နေ့တမနက်လုံး ရွာထဲရှိလူများမှာ အုပ်စုဖွဲ့၍စုရုံးစုရုံးနှင့် အိမ်ရှေ့မှဖြတ်သွားနေကြသဖြင့် မိုမိုမနေနိုင် မထိုင်နိုင်ဖြစ်လာကာ

"ကြီးတင် ရွာထဲမယ် မနက်ဖန် ဘာပွဲရှိသလဲ..."

"ဟေ...ဘာပြုလို့တုန်းကွဲ့..."

"ရွာထဲကလူတွေအများကြီး အိမ်ရှေ့ကခဏခဏ ဖြတ်သွားနေကြလို့..."

"အော်...အဲ့သည်ဟာလား လပြည့်နေ့ ထမနဲထိုးပွဲအတွက် ပြင်ဆင်နေကြတာလေ"

"အခုမှလဆန်း၇ရက်ဘဲ ရှိသေးတာကို...ထမနဲကကျွေးမဲ့နေ့မတိုင်ခင် ညသန်းခေါင်ကြီးမှ ထိုးကြတာမဟုတ်ဘူးလား"

"ဟုတ်သယ်လေ ခုကထမနဲပွဲပြီးလုပ်ကြမဲ့ မီးပုံပွဲအတွက် ပြင်ဆင်နေကြတာ"

My excellent husband (Uni+Zaw) CompleteTempat cerita menjadi hidup. Temukan sekarang