အပိုင်း ၂၂

88.5K 7.6K 588
                                        

uni

မိုမို ဥယျာဉ်ထဲမှထွက်လာသော် ခြံရှေ့တွင်မြင်လိုက်ရသည့် လူရိပ်များကြောင့် လက်ထဲမှသပြေခက်များပင် ပြုတ်ကျသွားရသည်။ကြီးကြီးနှင့် လန်ချားမောင်းသည့် ဂေါ်ရင်ဂျီကုလားလေးသည် မေ့မျောနေဟန်ရှိသည့် အမျိုးသမီးတစ်ဦးအား လက်မောင်းတဖက်စီမှတွဲထားကာ ရပ်နေကြ၏။ကြီးကြီးက မိုမို့အားမြင်လျှင် တံခါးဖွင့်ပေးရန် မေးဆတ်ပြလေရာ အပြေးကလေးသွားကာ တံခါးဖွင့်ပေးလိုက်ပြီး

"ကြီးမေ ဘာဖြစ်လာသလဲ..."

"ကျုပ်ဘာမှမဖြစ်ပါဘူးတော် သည်မယ်လူမမာပါလို့ အရင်အိမ်ထဲဝင်ရအောင်"

"ဟုတ်...ဟုတ် ကြီးမေအရင်ဝင်နှင့် မိုမိုသယ်လာခဲ့မယ်"

"အေး...အေး.."

ကြီးမေလက်ထဲမှ အမျိုးသမီးအား လက်ပြောင်းယူလိုက်ကာ အိမ်ထဲသို့သယ်မည်အပြု ရုတ်တရက်ခေါင်းနောက်လန်သွားလေရာ ပေါ်လာသော မမကြီး၏မျက်နှာကြောင့် လွတ်ချမိမလိုပင်ဖြစ်သွားရသည်။

မမကြီး၏မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းသည်လည်း ရေဓာတ်ကောင်းစွာမရသကဲ့သို့ ကွဲအက်နေ၏။အသားအရည်မှာ ဝါညစ်ညစ်နှင့်ဖြစ်နေကာ နှစ်ရှည်လများ ဝေဒနာခံစားနေရသော ရောဂါသည်အသွင်ပေါက်နေတော့သည်။မိုမိုတို့ မနိုင်မနင်းနှင့် သယ်လာသည်ကိုမြင်သော် မောင်ချစ်ကအပြေးလာတွဲသဖြင့် မိုမိုကျသွားသည့် ပန်းများအားအမှိုက်ခြင်းထဲထည့်ကာ အနောက်မှလိုက်လာခဲ့လိုက်သည်။

အိမ်ထဲသို့ရောက်သည်နှင့် သူမအား လှဲလှောင်းလို့ရမည့် ဆက်တီခုံပေါ်တင်ပေးလိုက်၏။

"အမလေး မောတာတော်ရေ... အနောက်မယ်ဘယ်သူမှမရှိဘူးလား ကျုပ်ကို ရေတစ်ခွက်လောက် ခပ်တိုက်စမ်းပါတော်"

"မိုမို ခပ်လာပေးမယ်ကြီးမေ ခဏလေးနော်"

"အေး... အေး"

မအေးရီတို့မှာ လှည်းပေါ်မှ မောင်ချစ်နှင့် လန်ချားမောင်းသည့်ကောင်လေးတို့ သယ်ချလာပေးသည့် အထုတ်များကို အပေါ်ထပ်ရှိ ကြီးကြီးနေသည့်အခန်းတွင် နေရာသွားချနေ၏။ထို့ကြောင့် မိုမိုကိုယ်တိုင်ပဲ ထမင်းစားခန်းထဲဝင်ကာ သောက်ရေအိုးထဲမှရေကို ဖန်ပြာခွက်နှင့်အပြည့် ခပ်လာပေးလိုက်သည်။

My excellent husband (Uni+Zaw) Completeحيث تعيش القصص. اكتشف الآن