34

8.8K 1.6K 243
                                    

လှည်းဆုံတွင်ရောက်နေသည့် လိပ်ခုံးကားကလေးသည် နှောင်ရစ်ထွေး၏ မျက်ခုံးအစုံကို ပင့်သွားစေ၏။ ဦးကံထွန်းက တစ်နေရာသို့ဆက်သွားမည်မို့ နှောင်ရစ်ထွေးနှင့် လမ်းခွဲမည်ဖြစ်သည်။ လှည်းဆုံမှနေ မြို့သို့ပြေးဆွဲသည့် လေးဘီးကားစီးမည်ဟု ရည်ရွယ်ထားသော်လည်း မရည်ရွယ်ထားသည့် အစီအစဉ်တစ်ခုက မျက်စိရှေ့ရောက်လာလေပြီ။

နှောင်ရစ်ထွေးသည် အဝတ်အိတ်အား လှည်းပေါ်မှ ဆွဲချလိုက်ချိန်တွင် အနားသို့ရောက်လာသည့် အရိပ်တစ်ခု။

" မမ "

နှောင်ရစ်ထွေး၏ မျက်ခုံးအစုံသည် ပို၍ကုပ်ကျသွားလေပြီ။ တစ်ယောက်တည်းလာတာတောင်မဟုတ်ပဲ မဟေသီကိုပါ ခေါ်လာသတဲ့လား။

" နှမကလေးပါလား ဘယ်လိုများ "

" မောင်နဲ့အတူလိုက်လာတာလေ .. မောင့်ဖေဖေက သွားကြိုဖို့ပြောလို့ မောင်နဲ့ဝါ ထွက်လာတာ .. "

" အို အားနာစရာ .. ကျုပ်ဘာသာသွားလို့ရပါတယ် ... ဒုက္ခရှာလို့ လာကြိုရသတဲ့လား "

" ရပါတယ် မမကလည်း .. ဟို မင်းသားရောမပါဘူးလားဟင် "

" မင်းသား "

" နောင်စစ်သွေးလေ ... မင်းသားလေးရော ပါလာမယ်ထင်လို့ ဝါက တွေ့ချင်လို့ ... ဟီး "

ချစ်စဖွယ် မျက်နှာကလေးက ကြည်စင်နေလေ၏။ ဒီအမျိုးသမီးလေးအား သူက အငယ်ဖြစ်ကြောင်း ဘယ်လိုပြောပြရမည်နည်း။ ညီညီ့အားမေနေသော အမျိုးသမီးကလေးကို သူမျက်ခုံးအနည်းငယ်ပင့်ကြည့်မိတော့ နေစူးသည် ထင်သွားလေသလားမသိ။

" လာ မမ .. နေကမြင့်နေပြီ ... မောင်က နေပူလို့ အပြင်ထွက်မလာတာ "

" ဪ "

ကားနားရောက်စဉ်တွင် နောက်ခန်းတံခါးကိုဖွင့်မည့် သူ့လက်ကို ဝါနုဖြူက လာဆွဲလေ၏။

" မမ အရှေ့မှာထိုင်လေ .. ဝါက ကျယ်ကျယ်ဝန်းဝန်းပဲ ထိုင်တတ်လို့ နော် .. အထုတ်ကို ဝါ့ကိုပေး "

ရှေ့ခန်းတံခါးကို ခပ်တည်တည်ဖွင့်ပေးပြီးနောက် နောက်ခန်းထဲ ဝင်ထိုင်နေလေသည့် ဝါနုဖြူက ခပ်အေးအေးပင်။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now