6

12.8K 2K 180
                                    

အပိုင်း ၆

ချွေးစေးတို့က ကပ်စေးနေသောကြောင့် အဝတ်လဲပေးရန် အိပ်ယာပေါ် လှဲနေသူအား လက်မောင်းမှ ဆွဲထူလိုက်၏။ ထို့နောက် စိုရွှဲကာ အနံ့အသက်ဆိုးတွေထွက်နေသည့် အင်္ကျီကိုဆွဲချွတ်လိုက်ရသည်။

မစည်းနှောင်ထား၍ ပြန့်ကျဲနေသည့် ဆံနွယ်တို့ကို ကြိုးတစ်စနှင့်ထုံးဖွဲ့ကာ ပင့်ထားရလေသည်။ ရေနွေးရောထားသည့် မြေရေအင်တုံထဲမှာ ရေထဲ အဝတ်တစ်စကိုနှစ်၊ ရေစင်အောင်ညှစ်ပြီး တစ်ကိုယ်လုံးအနှံ့ ရေပတ်ဝတ်ဖြင့် ပွတ်ဆွဲရ၏။ သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းထား၍ ချွေးဖြင့်ကပ်ကာ အနံ့တစ်ချို့က ထွက်နေသည်။ သင်းပျံ့သည့်အနံ့တော့မဟုတ်ပါလေ။

လုံချည်တစ်ထည်တည်းဝတ်ထားသည့် အောက်ပိုင်းကိုပါ ရေပတ်ဝတ်တိုက်ပေးပြီးနောက် လေဝင်လေထွက်ကောင်းသည့် အဝတ်အသစ်တစ်စုံလဲပေးရပြန်သည်။

ဆရာဝန်မပင့်ထားသော်လည်း ဖျားနာလျှင်တိုက်နေကျ ဆေးတစ်ချို့က သူဌေးကြီး၏အိမ်တွင်ရှိနေသဖြင့် အဆင်သင့်သွားခဲ့သည်။ ဆေးတိုက်ပြီးသည်နှင့် ပြန်ကာ အိပ်ပျော်သွားသည့် အထွေးအား ကုတင်ပေါ်အသာအယာလှဲချပေးကာ စောင်ကိုပြန်ခြုံပေးပြီးမှ အခန်းထဲက ထွက်လာခဲ့တော့၏။

ဧည့်ခန်းဆီမှာတော့ စကားလက်ဆုံကျနေသည့် အဘနှင့်သူဌေးကြီး၏ညီမဖြစ်သူကိုတွေ့လိုက်ရလေသည်။ သူ့ကိုပါလာထိုင်ဖို့ခေါ်သည်မို့ သွေးတစ်ယောက် သွားထိုင်လိုက်ရပြန်လေပြီ။ လူကြီးစကားဝိုင်းမို့ ဝင်မပြောဖြစ်ပေမဲ့ ကြားနေရသမျှကတော့ သူတို့နှစ်ယောက်၏ ငယ်ဘဝကို ပြန်ပြောင်းပြောနေကြခြင်းမို့ ငြိမ်၍သာနားထောင်နေခဲ့မိလေသည်။

................................

ဝတ်ထားသော ပုဆိုးကို တင်ပါးပေါ်မှ ဖြည်ကာ အသာလျှောချသည်အထိ ကာယကံရှင်က နိုးမလာခဲ့။

အပ်ဖျားကလေးက တင်ပါးညိုညိုထံ စူးခနဲဝင်သွားလေမှ ရုန်းကန်လာသူကြောင့် ဆေးကတော့ ထိုးလို့ပြီးသွားပေမဲ့ ဆေးထိုးအပ်လေးခမျာမှာတော့ ကောက်သွားရရှာလေသည်။

စူးအောင့်သွားသည့်အသိကြောင့် နိုးလာသော်လည်း ဘာဖြစ်နေမှန်း သေချာမသိသေးသူ အမောင် တီတာဆွေကတော့ဖြင့် မျက်လုံးကို မပွင့်ပွင့်အောင် ဖွင့်နေရှာ၏။ တင်ပါးကို ချေပေးနေသည့် ဦးလေး၏လက်ကို မဖယ်ချသည်က ကံကောင်း။

အိုဘယ့်မှုံရွှေရည်(Completed)Où les histoires vivent. Découvrez maintenant