42

8.6K 1.5K 76
                                    

" မရောက်သေးဘူးလား "

လှည်းပေါင်းမိုးထဲ ငုတ်တုတ်ရယ်ထိုင်ကာ တစ်လမ်းလုံး မျက်လုံးမှိတ်ထားသူထံမှ ငြီးငြူသံကသာ ထွက်ပေါ်လာ၏။

" တစ်ခေါ်လောက်ဆို ရွာဝင်ပြီဗျ "

လှည်းဆရာကြီးက လှည့်ပြောလိုက်၊ သူ၏ နွားတစ်ရှဉ္းအား တဟေ့ဟေ့အော်လိုက်ဖြင့် လှည်းကိုမောင်းနှင်နေလေ၏။

တစ်ညလုံးမအိပ်ထားသူမို့ မျက်ကွင်းတို့က ညိုနေ၏။ ရွာမကျ မြို့မကျ ဒေသလေးမို့ မြို့နေလူထုသည် အတော်ကလေး ရိုးသားကြလေသည်။ ညညဆို မယ်ဒလင်ကလေးဖြင့် လူပျိုလှည့်တတ်ကြသေးသကိုး။

တီတာနှင့်သူတို့ ရောက်ခါစက မြို့သားဆရာနှင့်သူဌေးသားဟု ဆိုကာ ရင်းနှီးဖူးချင်၍ ရောက်ချလာသည့် ကာလသား ကာလသမီးများက မနည်းမနောပေ။

ညညဆို သာမန်အတိုင်း လူပျိုလှည့်ခြင်းအပြင် သူတို့၏ ဆောက်လက်စ ပွဲရုံရှိရာ ခြံဝန်းထဲရှိ ဗာဒံပင်အောက် ကွစ်ပျစ်ပေါ်ဝယ် လာလာထိုင်တတ်ကြ၏။

မနေ့ကလည်း ရွာသားတစ်ယောက်က တီတာအား မယ်ဒလင်တီးနည်းသင်ပေးနေ၍ ရွာသားများအိမ်ပြန်သွားသော်လည်း တီတာတစ်ယောက်မအိပ်သေးပေ။

ရေနံချေးဝနေသော ခြေတံရှည်အိမ်ကြီး၏ အပေါ်ထပ် အိပ်ခန်းထဲဝယ် တစ်ညလုံး တဒေါင်ဒေါင်တဒင်ဒင်တီးခတ်နေခဲ့သေး၏။

ဂစ်တာတီးဖူးသော လက်များက မယ်ဒလင်နှင့်သိပ်မစိမ်း၍ အိပ်ယာဝင်တေးလှလှလေး နားထောင်ခဲ့လိုက်ရသည်ကတော့ အမြတ်ပင်ဖြစ်၏။

တစ်ဖက်ရွာသို့ ဆီသည်ကောက်ဖို့ရန် သူနှင့်ပွဲရုံတာဝန်ခံနှစ်ယောက်တည်းသွားမည်ဖြစ်သော်လည်း ပွဲရုံတာဝန်ခံဖြစ်သည့် သူကြီးတူကလေးက တစ်ဖက်ရွာသည် အတော်ကလေးလှ၍ သက်တူရွယ်တူဖြစ်သော တီတာအားမရရအောင် ဆွဲခေါ်လာရာ မျက်နှာကြီးဆယ့်နှစ်ခေါက်ချိုးဖြင့် လိုက်ပါလာသူသည် ယခုတော့ ပြန်အိပ်ပျော်နေပြန်ပါပြီ။

လှည်းဆရာကြီးသည် မောင်းနှင်နေကြဖြစ်မည်ထင်၏။ လှည်းရာထင်းနေသော ဖုန်ထူထူမြေလမ်းပေါ် ငြိမ့်နေအောင် မောင်းနှင်နေ၏။ သူနှင့်သူကြီးတူကလေးကတော့ ဆီသည်ကောက်သည့်အရေးအရာကို တိတ်တဆိတ်သာ တိုင်ပင်ဖြစ်ခဲ့ကြတော့၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now