အခန်း ၂
မြိုင်နေသော ဆိုင်းသံနှင့် တညီတည်း တက်ချလာသော အပျိုတော်များက တစ်ဖက်၊ လူပျိုတော်များက တစ်ဖက်၊ တူညီဝတ်စုံများဖြင့် ညီညာစွာ ခြေကိုထိုး လက်ကိုချိုးကာ ကပြနေသည်က အတော်လေး ကြည့်လို့လှနေ၏။ တစ်နယ်က ဇာတ်ကို အခါအခွင့်သင့်တုန်း ဝင်ကြည့်ရသည်က အတော်လေးတော့ ပညာရကောင်းပါ၏။
သူဌေး ကြီး၏ အမည်ဖြင့် တတိယတန်းနားလောက်ကဖျာဖြင့် အကျအနထိုင်ကာ ပွဲကြည့်နေသည်က သူနှင့်နောင်စစ်သွေး နှစ်ယောက်သာတည်း။ ဖခင်ဖြစ်သော အဘကတော့ ဇာတ်ဆရာနှင့် အသိအကျွမ်းပြုလိုသည်ဟုဆိုကာ ဇာတ်စင်နောက် ဝင်သွားကတည်းက ပြန်ထွက်မလာတော့ပေ။
သနပ်ခါးကို ဖွေးနှစ်နေအောင်လိမ်းထားကာ မျက်နှာချေမပါသော ပါးပြင်ဝင်းနှစ်နှစ်တို့က ရွှေချွန်းဇာတ်သဘင်မှ မင်းသမီးနှောင်ရစ်ထွေးမှန်း မည်သူမျှမသိကြ။ အညာစောင် ပါးပါးကို ပုခုံးမှတိုင်ခြုံထားပြီး ဇာတ်စင်ပေါ် မော့ငေးနေသည်မှာ ပါးစပ်တောင်မစေ့နိုင်ရှာ။
အနုပညာကို ဝမ်းစာအတွက် နောင်စစ်သွေးက ကခဲ့ရသည်ဆိုလျှင် နှောင်ရစ်ထွေးအတွက်ကတော့ ကနေရလျှင်ကို ပျော်၍ ကခဲ့သည်ဟု ဆိုရမလိုပင်။
သူ့အားမည်သူကမျှ အမျိုးသမီးလိုနေပါဟု ဇွတ်တိုက်တွန်းခဲ့ခြင်းလည်းမဟုတ်ခဲ့သလို မင်းသမီးလို ကပါ ဟုလည်း မည်သူကမျှ ဆွယ်ခဲ့ခြင်းမဟုတ်။
ရွှေချွန်းဇာတ်သဘင်ထံ သူတို့နှစ်ယောက်ကို အဘ ခေါ်လာခဲ့စဥ်က သူတို့ ဆယ်နှစ်သာသာရှိသေးသည်။ အဘက သူတို့ကို သိတတ်သည့်အရွယ်မှာ ခေါ်လာတာမို့ သူတို့၏ ငယ်ဘဝဆိုသည်ကို အလုံးစုံမှတ်မိနေခဲ့၏။
မိဘများဘယ်အချိန်ကတည်းက မရှိတော့သလဲဆိုတာကိုတော့ မမှတ်မိပေမဲ့ သူတို့နှစ်ယောက်ဟာ အရပ်တစ်ခု၏ ဇရပ်တွင် တောင်းရမ်းသူသက်သက်သာ။ အသက်ကလည်း ငယ်ရွယ်ကြသလို မိဘဆွေမျိုးဟူသည် သူတို့တွင်မရှိချေ။
ထွေး ဟူသော အမည်နှင့် သွေး ဟူသော အမည်သာရှိသည့် အမြွှာနှစ်ယောက်သည် ခိုင်းလျှင်လုပ်သည်။ မရှိလျှင် တောင်းရမ်း၏။ အသက်ဆယ်နှစ်ဖြစ်လာတော့ မည်သူကမျှ တောင်းရမ်းမှုကို ငွေကြေးမစွန့်ကျဲကြတော့ပါလေ။
YOU ARE READING
အိုဘယ့်မှုံရွှေရည်(Completed)
RomanceStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...