25

9.8K 1.6K 53
                                    

ရွှံ့စက်တွေစွန်းပေနေသည့် ပုဆိုးကိုတစ်ချက်ကြည့်ကာ အသာလက်နှင့် မ လိုက်၏။ ထို့နောက် အင်တုံထဲမှ ရေခွက်ကိုလှမ်းယူရင်း ရွှံ့တုံးလား လူခြေထောက်လား မသဲကွဲသည့် ခြေထောက်ပေါ်လောင်းချရင်း တစ်ဖက်နှင့်တစ်ဖက် တိုက်ချလိုက်သော်လည်း ရေသာကုန်သည်၊ ရွှံကစင်မလာ။

ထို့အတွက် ရေခွက်ကိုပစ်ချကာ အိမ်ခေါင်ရင်းရှိ ကျောက်စည်ရှိရာ သွားရပြန်သည်။ ကျောက်စည်ထဲ ငုံ့ကြည့်တော့ရေရှိမနေ။ မနက်စောစော ရေထချိုးသွားသည့် မောင်ဝီရိယ၏ ကောင်းမှုဖြင့် ကျောက်စည်ကလေးက မိကျောင်းပေါ်နေချေပြီ။

မထူးတော့ပေ။ ရေငင်ဖို့ရန် ရေပုံးကိုဆွဲယူတော့ ရေပုံးကြိုးနှင့် သူခေါင်းပေါင်းထားသည့် ပုဆိုးပိုင်းက ငြိကာ ရေတွင်းထဲ ကျသွားလေတော့သည်။

ထုံးဖွဲ့ထားသည်မဟုတ်ပဲ လိပ်တင်ထားသည့် ဆံပင်တွေက စည်းနှောင်သည့် အတားအဆီးမရှိလေတော့ မနက်ခင်းလေအေးအေးအဝှေ့မှာ ပြန့်ကျဲကာကျ၏။

" ကိုကိုရေ့ "

အိမ်ဝမရောက်ခင် အတော်လှမ်းလှမ်းမှ အော်ခေါ်သံကြောင့် လက်ထဲကရေပုံးကိုရေတွင်းထဲ အသာချရင်း နားစွင့်မိ၏။ ထိုခေါ်သံကလွဲ၍ ထပ်မထွက်လာမို့ ပြန်လည်းမထူးမိတော့ပါ။

" ကိုကို ... ဒီမှာ ဧည့်သည်တွေပါလာတယ် "

ြခံဝမှ အော်သံကြောင့် သူလှည့်ကြည့်တော့ ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦးကို သွေးနှင့်အတူ တွေ့လိုက်ရ၏။ အဝတ်ထုတ်တစ်ထုတ်စီ ကိုယ်စီဆွဲလာသည့် လူနှစ်ယောက်။

မျက်မှန်ကြည်ကြည်အောက်က မျက်လုံးတို့ကိုမမြင်ရပေမဲ့ နေရိပ်ထိုးနေသည့် နှာတံစင်းစင်းအောက်က နှုတ်ခမ်းဖြူဖျော့ဖျော့တွေကိုအမြင်မှာ သူ့ခေါင်းထဲ သွေးက ဒုတ်ခနဲတိုးသည်။

" ကိုကို .. ဘာလုပ်နေတာလဲ လာခဲ့ဦးလေ "

သွေးဟာ တကယ်အလိုက်မသိခဲ့ပါလေ။ အစ်ကိုတစ်ယောက်လုံးကို တစ်သက်လုံးမျက်နှာရိပ်မျက်နှာကဲ ကြည့်လာပြီးနောက်မှာ ဒီလိုအရိပ်အကဲမသိတာတော့ သူအနည်းငယ် စိတ်ဆိုးချင်မိ၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now