11

11.2K 2K 279
                                    

အိမ်ကြီး၏ ဧည့်ခန်းကျွန်းခုံတွေမှာ လူက အပြည့်လိုဖြစ်နေသည်။ သာမန်အချိန်တွေမှာ သူ​ေဋ္ဌးကြီးထိုင်တတ်တဲ့ခုံပေါ်ဝယ် ယနေ့တော့ တီတာဆွေက ခြေတစ်ဖက်ချိတ်ထိုင်လျက်ရှိသည်။ မကြာသေးမီက အသံကုန်ဟစ်ကာ ကြောက်လန့်တကြားအော်ဟစ်ခဲ့သော တီတာဆွေမှ ဟုတ်ပါလေစ။

အညိုရောင်စောင်တံဘတ်ဖြင့် ဆံပင်ကိုသုတ်၍ ထိုင်နေသော ထွေးဟာ မည်သူ့ကိုမျှမကြည့်နေချေ။ ဒူးနှစ်ဖက်ကိုကွေးကာ ကျွန်းခုံပေါ်ဝယ် တင်ကာထိုင်နေ၏။ ဖြူစုတ်ကာ မိုးမိထား၍ ပဲကြီးရေတွန့်သလိုဖြစ်နေသော ခြေချောင်းလေးများက ဝတ်ထားသည့်ထဘီ၏အတွင်းထဲ ခိုဝင်ကာနေ၏။

တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင် နောင်စစ်သွေးနှင့် ဦးထွဋ်ကျော်စွာ တို့နှစ်ယောက်သားကတော့ဖြင့် ဘယ်အချိန် ထပေါက်မည်မသိသော မိုင်းတစ်လုံးကို ရှေ့ချထားရသည့်နှယ် စကားပင်ဟဟမဆိုရဲ။

အုံခဲနေသော ဆံနွယ်တို့ကို စိတ်ရှည်လက်ရှည်သုတ်နေသည့် အထွေးကတော့ ခေါင်းကိုမော့မလာ။ မျက်လုံးကိုအသာအယာမှိတ်၍ လက်နှစ်ဖက်ကိုအလုပ်ပေးထားဆဲ။

" ဦးလေး "

" ဟေ "

" သူတို့က ဘယ်လိုဖြစ်လို့အိမ်ပေါ်ရောက်နေရသလဲ "

" မမကြီးပြောတာတော့ အစ်ကိုကြီးနဲ့ကိစ္စရှိလို့ရောက်လာတယ်ပြောတာပဲ "

ဘာရယ်ညာရယ်ကိစ္စမှန်းမသိပေမဲ့ ဖခင်ဖြစ်သူနှင့် ကိစ္စရှိရအောင် ဖခင်က ဇာတ်အဖွဲ့နှင့် မည်သို့များ ပတ်သက်နေလို့လဲလေ။ နှုတ်ခမ်းထောင့်စွန်းကိုအသာပင့်ကာ ခပ်ဖိဖိကြိတ်ပြုံးလိုက်၏။ ထို့နောက်..

" သဘင်သည်က သူကြွယ်အိမ်ကို ဘာကိစ္စရှိလို့လာရတာတဲ့လဲ ... အဟင်း... ကြီးကြီးရယ်မှ ကျယ်လို့ "

ထိုစကားသံကိုကြားတော့ မှေးမှိတ်ထားသည့် ထွေး၏မျက်ဝန်းများက ဖြတ်ခနဲပွင့်လာသလို တစ်ချိန်လုံးချွေးပျံနေသည့် သွေးလည်း ထိုင်ရာမှ မက်တပ်ရပ်မိတော့မလိုဖြစ်သွားရလေ၏။

" ကိုယ့်စိတ်နဲ့နှိုင်းရင် ရိုင်းသတဲ့ "

" အလိုလေး ... ဖက်ခွက်စားရဲ့နှုတ်က ပညာရှိစကားထွက်သတဲ့လား ... အံဩပါပေ့ "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now