Epilogue
လက်ဖက်ရည်ဖက်စပ်(နွားနို့တစ်ဝက်၊ လက်ဖက်ရည်တစ်ဝက်အားရောဖျော်ထားခြင်း) တစ်ခွက်အားကိုင်ကာ ဝရံတာတွင်ထွက်ထိုငိနေရသော်လည်း နှောင်ရစ်ထွေးတစ်ယောက် ဂနာမငြိမ်နိုင်ပါချေ။ အိမ်အတွင်းရှိလူသားနှစ်ဦး၊ တိတိပပဆိုရပါလျှင် သားအဖနှစ်ယောက်၏စစ်အေးတိုက်ပွဲသည် သူနှှင့်မသက်ဆိုင်သလို၊ တစ်ဖက်တွင်လည်း တိုက်ရိုက်သက်ဆိုင်၍နေသည်။ သူ့ကြောင့်သာလျှင် ထိုမိသားစုအတွင်း အက်ကွဲခဲ့ရပေါင်းများခဲ့ပြီ။ အကယ်၍များ သူသာ ထိုစဉ်ကသဘောတူညီချက်ကိုမလုပ်ဆောင်ခဲ့ပါလျှင် ဘာမျှဆက်ဖြစ်ခဲ့မည်မဟုတ်ပေ။
သဘင်သည်လောကကိုအထင်မကြီးသော၊ သဘင်သည်ကိုမြင်တိုင်းအသည်းထဲကဆတ်ဆတ်ခါနာကာ အော့အန်တတ်သည့် အနှီလူသားကို မခံချင်စိတ်တစ်ဝက် စာနာမှုတစ်ဝက်ဖြင့် ကူညီပေးဖို့ သူလက်မခံခဲ့ပါလျှင် ယနေ့ သူနှင့်ထိုလူကြီး ဤသို့ဤနှယ်ပတ်သက်ခဲ့မည်မဟုတ်ပေ။
ထိုစဉ်က သူသည်အတော်လေးငယ်ရွယ်ခဲ့၍ သူ၏တစ်ဇွတ်ထိုးစိတ်အား တစ်ဖက်သူထံအရှုံးတစ်ခုထိုးပေးလိုက်သလို အနိုင်ယူစေခဲ့မိ၏။
....................................
" ထိုင်ပါဦး "
ပခုံးပေါ်တစ်ခြမ်းတင်ထားသည့် ပုဝါစလေးအားဖိထိုင်မိမည်စိုးသောကြောင့် လက်ဖြင့်ဆွဲယူကာ ပေါင်ပေါ်တင်ရင်း အသာဝင်ထိုင်လိုက်၏။ အရှေ့က ထိုင်နေသည့် နှုတ်ခမ်းမွှေးစစ ဉပတိရုပ်ခန့်ခန့်လူသားကြီးအား သူတစ်ချက်သာ မော့ကြည့်ရဲ၏။
" ခရီးဝေးကလာရတာဆိုတော့ ပင်ပန်းနေရာပေါ့... ဒါပေမဲ့ ခရီးရောက်မဆိုက် ခေါ်ခိုင်းလိုက်ရလို့ တကယ်ပဲ အားနာရပါတယ်... ဒါပေမဲ့ ငွေရေးကြေးရေးဆိုတာက သေချာရှင်းလေပိုကောင်းတယ်မလား "
" ... "
ချည်လွယ်အိတ်လေးအား ရှေ့ရှိကျွန်းစားပွဲပေါ်ထိုးပေးလိုက်တော့ သူဌေးကြီးက အသာပြုံးရယ်၏။
" ရွှေချွန်းကိုပြန်မဝယ်ချင်ဘူးလား "
" သူဌေးကြီး ဘာကိုဆိုလိုချင်တာပါလဲ "
" ဒီလက်ဝတ်လက်စားနဲ့ငွေတစ်ချို့က ဦးကျောက်ချွန်းရဲ့အိမ်ကိုတစ်ဝက်ပဲပြန်ယူနိုင်ဦးမှာလေ ... ဒါကြောင့် ရွှေချွန်းကို ပြန်လိုချင်သလားမေးတာပါ "

ESTÁS LEYENDO
အိုဘယ့်မှုံရွှေရည်(Completed)
RomanceStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...