44

9.4K 1.5K 201
                                    

" စားမကောင်းရင် မစားပါနဲ့လား "

ငပိနိုင်းချင်းနှင့် ကပ်နေအောင် လှိမ့်ခံထားရသော ရေကန်းစွန်းရွက်များသည် အစိမ်းရောင်တော့မပျောက်သော်ငြား အလိပ်ကလေးများဖြစ်နေပုံသည် ကန်းစွန်းရွက်နှင့်ပင် မတူတော့ပါလေ။

" ဒါပေမဲ့ ကျုပ် ဗိုက်ဆာတယ် "

" ဒါဆို အဲ့ဒါမစားနဲ့ ခဏပေး "

သူ့လက်ထဲမှ ထမင်းပန်ကန်အားဆွဲယူကာ နောက်ဖေးကို ထသွားလေသူအား တား၍ပင်မရတော့။

ရေနွေးအိုးတည်ထားဆဲမို့ မီးဖိုလေးတွင် မီးရှိနေသေးသည်။ ထိုမီးဖိုပေါ်ဝယ် ဒယ်အိုးအသေးကလေးတင်ကာ သူ့ပန်းကန်ထဲမှ ထမင်းများကို ထည့်လိုက်လေတော့သည်။ ထို့နောက် ဆီ တစ်စက်နှစ်စက်၊ ဆားအနည်းငယ်ထည့်ကာ လှိမ့်တော့၏။

အနံ့မွှေးလာပြီးနောက် ဘဲဥတစ်လုံးဖောက်ထည့်ကာ မီးဖိုပေါ်မှ အောက်ချလိုက်လေ၏။ ထို့နောက် ထပ်မွှေပြန်၏။ ထို့နောက် သူ့ပန်းကန်ထဲထည့်ပြီးမှ ကွစ်ပျစ်ပေါ် ပြန်တက်လာလေတော့သည်။

ထမင်းပန်းကန်လေးသည် အနံ့သင်းသင်းမွှေး၏။ ထို့အပြင် ပူပူလောင်လောင်မို့ အငွေ့တစ်ထောင်းထောင်းထနေသေးလေသည်။

" စားလို့ကောင်းရဲ့လား "

သုံးနှစ်အတွင်းတွင် ထမင်းချက်တတ်လာသည်အထိ ကလေးငယ်ဟာ  လုပ်တတ်ကိုင်တတ်လာလေသည်တဲ့လား။

" လက်ခဏပြ "

" ဟမ် "

အိုးခွက်ပန်းကန်ကိုင်ထားသည့်လက်မို့ မသန့်မှာစိုးရိမ်သည့်အလား ဝတ်ထားသည့် ပုဆိုးနှင့်လက်ကိုသုတ်၏။ ထို့နောက်မှာမှ သူ့လက်ထဲ ရောက်လာသည့် လက်သေးသေးကလေး။ ယခင်က ကော့ညွတ်နေတတ်သော မင်းသမီးတစ်ယောက်၏လက်များအစား ရေတွန့်နေသည့်လက်ဖဝါး၊ အမာရွက်များပြည့်နှက်နေသည့် လက်ဖဝါး၊ ညှပ်ထားသည်မဟုတ်ပဲ တိုဝင်နေသည့် လက်သည်းများဖြင့်လက်ဖဝါး။

" ဘာဖြစ်လို့လဲ "

" အပူလောင်သွားသလားလို့ပါ ... စားတော့ စားတော့ "

သူ့ကိုတော့ စားကောင်းစေရန် လုပ်ပေးသော်လည်း ကိုယ်တိုင်ကတော့ ကန်းစွန်ရွက်လှော်တစ်ခုတည်းဖြင့် ထမင်းကိုငုံ့စားနေလေ၏။

အိုဘယ့်မှုံရွှေရည်(Completed)Donde viven las historias. Descúbrelo ahora