10

12.2K 2K 161
                                    

အစောကြီးနိုးတဲ့ငှက်တွေဟာ အစဝတတ်ပါသတဲ့။ သို့သော်လည်း အိမ်ပြန်ဖို့အစောကြီးထခဲ့ရတဲ့ တီတာဆွေတစ်ယောက်ကတော့ အိပ်ရေးမဝခဲ့ပါလေ။ အိပ်ရေးလည်းမဝသလို ကမန်းကတမ်းထခဲ့ရတာမို့ ဘာမှလည်းဗိုက်ထဲမထည့်ခဲ့ရသေးပေ။

" ဗိုက်ဆာလိုက်တာနော် "

တစ်ခုခုစားချင်သော်လည်း ဦးလေးက သူ့ထံလုံးဝလှည့်မကြည့်လာပါလေ။ အသံပေးလည်းလှည့်မလာပုံထောက် ဦးလေးသည် သူ့အား ပညာပေးလိုသည့်သဘောပေလား။ အဟင်း။ တီတာဆွေကို ဒီလိုပညာစမ်းသတဲ့လား။

" ဖေဖေ သား ဗိုက်ဆာတယ်လို့ "

မျက်နှာချင်းဆိုင်မှ ထိုင်နေသော အမျိုးသမီးနှစ်ယောက်ကတော့ ပါးစပ်ကလေးကိုလက်ဝါးဖြင့်ပိတ်ကာ ရယ်ပါတော့၏။

ဦးလေး၏လက်မောင်းကိုဆွဲကာ ဂျီကျလေတော့ ဦးလေးကပြူးကြည့်လာ၏။ တီတာသိတာပေါ့ခင်ဗျာ။ အရှေ့က မိန်းမပျိုနှစ်ယောက်ကို ဦးလေးတစ်ယောက် ချိန်နေမှန်း။ လူပျိုကြီးတွေဟာသိပ်ခက်သည်။ ချောချောလှလှမြင်လျှင် စကားစမည်၊ ပိုးပန်းမည်။

အခုတော့ တီတာကိုဂရုမစိုက်သော ဦးထွဋ်ကျော်စွာ ခင်ဗျ၊ တောင်းပန်ပါတယ်နော်၊ ရည်ရွယ်ပြီးကို လက်စားချေပါကြောင်း ဝန်ခံအပ်ပါသည်ခင်ဗျ။

" ဖေဖေလို့ ... သားသားဗိုက်ဆာတယ်လို့ "

" တီတာ "

" ဖေဖေနော် သားဗိုက်ဆာတာကို ဝယ်မကျွေးရင် အိမ်ကျရင် မေမေနဲ့တိုင်မှာ "

မျက်နှာကိုငိုမဲ့မဲ့လုပ်ကာ ကြီးကောင်ကြီးမားနှင့်ကပ်ချွဲနေသူကို ဘယ်လိုမျိုးငေါက်ငမ်းရမလဲတွေးနေစဥ္မှာပင် အရှေ့က အမျိုးသမီးက ဆွဲခြင်းထဲမှ တစ်စုံတစ်ခုထုတ်ပေးလာလေ၏။

လက်ထဲရောက်လာသည်က ရွှေညိုရောင်သမ်းသည့် ဖက်ထုပ်ကလေးများ။ ဒါက ကောက်ညင်းထုပ်တွေလား။

" စားလေ မောင်လေး ဗိုက်ဆာတယ်ဆို "

" ဟုတ်ပါရဲ့ကွယ် စားလိုက်ပါ အဖေကိုအပူမကပ်နဲ့တော့နော် "

ရွှေညိုရောင်ကောက်ညင်းထုပ်ကလေးကို လက်နှစ်ဖက်နှင့်အသာခွာတော့ လက်မှာကပ်ပါလာသည့် ဖက်အစတစ်ချို့။

အိုဘယ့်မှုံရွှေရည်(Completed)Donde viven las historias. Descúbrelo ahora