Season 2 (Part 5)

186 40 2
                                    

ZawGyi
About of Consoled fairy S2
Part-5
ငါက တခြားသူတွေကို မကျေနပ်လို့ပါ ဆိုပြီးတော့ သွားရိုက်တော့ ဟိုက ပျော်လိုက်တာ ဆိုပြီး ငြိမ်ခံနေပါ့မလား။ အတွေးလေး ဘာလေး ဆန့်ထုတ်ပါအုံးလား။
ဒီအသက်မဲ့တဲ့နန်းတော်ထဲမှာ နေမှတော့ လူမှုပေါင်းသင်းဆက်ဆံရေး ဆိုတာ ရှိပါ့အုံးမလား။ သူ့ကို အတွေးဆန့်ထုတ်ဖို့ တွေးမိတဲ့ ငါကိုက မှားနေတာပါလား။ နောက်ဆုံးတော့ ငါလေး ငါ့ဖာသာငါပဲ ငါ့အမှားကို လက်ခံလိုက်ရတယ်။
ဟိုတစ်ဖက်က အမှားဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုပြီး မေးလာမှ အဘိဓာန်တွေ ဘာတွေ ပြေးရှာလှန်ရတာမျိုးကျ ငါလေးလည်း မဖြစ်ချင်ဘူးလေ။
"ငါ တခြားသူတွေကို ရိုက်ဖို့ မလိုပါဘူး။ ဒါကို ပြန်ဖျက်သင့်တယ်လို့ ထင်တယ်.."
ဒီအမှတ်အသားကြီးက အာဏာလွဲပြောင်းခြင်း အမှတ်အသားကြီးလေ။ သွေးသားတော်စပ်တယ် ဆိုရင် ဒါက ညီမတော်လို့ သတ်မှတ်လို့ ရပေမဲ့ ငါလေးက နင်နဲ့ သွေးသားမတော်စပ်ဘူးလေ.. ဇော်ခ့်နတ်မင်းရဲ့ အဖိုးတန်သားကြီးရယ်။
မြင့်မြတ်တော်ဝင်ရဲ့ အုပ်ချုပ်ရေးပိုင်းကြီးကို အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်နိုင်တဲ့ တစ်ကိုယ်တော် အင်အားရှိသူ လူးကပ်စ်ကြီးရယ်..။
သူကသာ သူ့ဖာသာ မှားယွင်းပြီးတော့ ငါလေးကို ညီမလို့ သတ်မှတ်ထားပေမဲ့ ဒီမြင့်မြတ်တော်ဝင်မှာ သူ့လို ဘယ်နတ်ဘုရားကမှ မရူးဘူးလို့ ငါပြောရဲတယ်။
ဒီအမှတ်အသားကြောင့်မို့ ငါလေးက အထင်ခံရဖို့က တစ်ခုတည်း ရှိတယ်။ ဒါက .. ငါလေးက အလိုလို နေရင်း သူ့ရဲ့ အစေခံ ကိုယ်လုပ်တော်ပဲ။
သူများတွေက အစေခံ ကိုယ်လုပ်တော်တွေကို အထင်မြင်သေးတာမျိုး ရှိလားလို့ မေးရင် ဒါက နတ်ဘုရားရဲ့ စွမ်းအားထက်မြက်မှု ပေါ်မှာပဲ မူတည်တယ်လို့ ဖြေဖို့ ရှိတယ်။
စွမ်းအားထက်မြက်တဲ့ နတ်ဘုရားတွေရဲ့ အိပ်ရာက အမြဲတမ်း နွေးနေနိုင်တယ်။ ဘာလို့လဲ ဆိုရင် သူတို့အိပ်ရာပေါ်ကို ခုန်တက်ကြမဲ့ နတ်သူငယ်တွေ နတ်ဘုရားငယ်တွေ နတ်သမီးတွေနဲ့ များပြားနေမှာ မို့လို့ပဲ။
အာဏာသက်ရောက်ခြင်း အမှတ်အသားကို ရရှိတာနဲ့ အစေခံ ကိုယ်လုပ်တော်ဆိုတာအတွက် အစေခံ ဆိုတာမှာ နာမည်ခံ သက်သက်ပဲ ဖြစ်တယ်။ သူ့ရဲ့အဓိက တာဝန်က အိပ်ရာကို နွေးအောင် ပြုလုပ်ပေးဖို့ပဲ။ ဒီလိုကိစ္စမျိုးတွေက ငါလေး ကြားဖူးနေကျပဲ။
နတ်မင်းတွေက နတ်သခင်မ တစ်ပါးတည်းကိုသာ အများသိစေတဲ့ မင်္ဂလာကိစ္စရပ်နဲ့ အသိအမှတ်ပြုခြင်း သရဖူကို အပ်နှင်းရလေ့ ရှိတယ်။ အရံကြင်ရာတော် နှစ်ပါးကတော့ နတ်မင်းတွေအတွက် နတ်သခင်မအနားမှာ အနောက်ဆောင်ကို ထိန်းသိမ်းပေးဖို့ ကူညီပေးရမယ်။
အများအားဖြင့်တော့ နတ်သခင်မတွေဟာ ဂုဏ်တင့်တယ်တဲ့ နတ်သမီး ဒါမှမဟုတ် နတ်ဘုရားမတွေကိုသာ တင်မြောက်ကြလေ့ ရှိတယ်။ ဓလေ့ ထုံးတမ်းအရ လက်ထပ်ခြင်း နတ်ပန်းကုံးကို ပြုလုပ်နိုင်တဲ့ နတ်စွမ်းအား ရှိမှသာလျှင် နတ်သခင်မတစ်ပါး ဖြစ်ဖို့ ထိုက်တန်တယ်လို့ ဆိုရမယ်။
လက်ထပ်ခြင်း နတ်ပန်းကုံးအတွက် လိုအပ်တဲ့ ပစ္စည်းကိုးမျိုးကို သူမတို့ဖာသာ စုဆောင်းရမယ်။ ဒါမှမဟုတ် သတို့သားလောင်းကနေ ကူညီပေးနိုင်တယ်။
ပထမဆုံးသော လိုအပ်ချက်ကတော့ ပန်းပွင့်ချပ်တွေ ဖြစ်တယ်။ မတူညီတဲ့ ပန်းပွင့်တွေကနေ ပွင့်ဖတ်တွေကို သီကုံးရမှာ ဖြစ်ပြီးတော့ မြင့်မြတ်တော်ဝင် အပါအဝင် နယ်မြေအစုံက ပန်းပွင့်ချပ်တွေ ပါဝင်ရမယ်။
အထူးသဖြင့် နတ်ဆိုးလောကက ပန်းပွင့်ချပ်တွေပါ ထည့်သွင်းရမယ်။ ပွင့်ချပ်တစ်ခုစီတိုင်းက မတူညီရဘူး။ ပန်းပွင့်ရေ စုစုပေါင်း ကိုးသောင်းကိုးထောင်ကျော်မှသာလျှင် နတ်သခင်မတစ်ပါးအတွက် လက်ထပ်ပန်းကုံးက တင့်တယ်တယ်။
ဒုတိယမြောက်တစ်ခုက ပန်းသီကြိုး ဖြစ်တယ်။ ပန်းသီကြိုးဟာ ပုလဲမှုန်နဲ့ ယက်ထားတဲ့ သီကြိုး ဖြစ်ရမယ်။ အဲဒီအတွက် ရေသရဲတွေဆီကနေ ပန်းသီကြိုးကို ရယူရမှာ ဖြစ်တယ်။ ရေသရဲတွေက နတ်တွေအားလုံးကို ရိုကျိုးလေ့တော့ မရှိဘူး။ တန်ခိုးစွမ်းအား ကြီးမားမှသာ ရေသရဲတွေက ပန်းသီကြိုးကျစ်ဖို့ ပုလဲမှုန်ကို ပေးမှာ ဖြစ်တယ်။
တတိယမြောက်က ပန်းသီအပ် ဖြစ်တယ်။ ပန်းသီအပ်က ရိုးရိုးအပ်နဲ့ သီလို့ မရလေဘူး။ ပန်းဝတ်မှုန်တိုင်းကို ထိုးသွင်းလိုက်တာနဲ့ ပြန်လည် စေ့ပိတ်သွားစေနိုင်တဲ့ အပ်အမျိုးအစားဖြစ်ပြီးတော့ နတ်ပင့်ကူတွေ ဆီကနေ သွာယူရမှာ ဖြစ်တယ်။
အဲဒီ နတ်ပင့်ကူ သားရဲတွေက ဆန်းကျယ်ပြီးတော့ တိုက်ခိုက်တတ်တယ်။ ငါလေးသာဆို နတ်သားရဲတောထဲကို သွားဖို့ကို အဆင်မပြေနိုင်ဘူး။
လေးခုမြောက်က ပန်းပွင့်ချပ်ခံ ဖြစ်တယ်။ ဒါကို မြောက်ပိုင်းဒေသက တယ်သီးစေ့အခွံကို ပါးပါးလေး လှီးပြီးတော့ အောက်ခံအဖြစ် သုံးရတယ်။
ငါးခုမြောက်က ပန်းရနံ့ ထည့်သွင်းတာ ဖြစ်တယ်။ ပန်းတွေက ရနံ့ပေါင်းစုံ ဖြစ်နေတဲ့အတွက် လက်ထပ်ပန်းကုံးအတွက် ပန်းရနံ့တစ်ခုကို သေသေချာချာ ပေါင်းခံပြီးတော့ ထည့်သွင်းရတယ်။ ပန်းရနံ့ ထည့်သွင်းတာကတော့ မိခင်သစ်ပင်မှာ မွေးဖွားလာတဲ့ နတ်သူငယ်လေးတွေ အကျွမ်းကျင်ဆုံးပဲ။
လက်ထပ်တော့မယ့် နတ်ဘုရားမ တစ်ပါး ဖြစ်စေ နတ်သမီးတစ်ပါး ဖြစ်စေ မိခင်သစ်ပင်ကနေ ပန်းရနံ့ပေါင်းခံနည်းကို လာပြီးတော့ သင်ယူလေ့ ရှိတယ်။
ခြောက်ခုမြောက်က နတ်မင်းရဲ့ လက်မောင်းသွေးကို ထည့်သွင်းရတယ်။ နတ်ဘုရားတွေရဲ့ စွမ်းအင် အရင်းအမြစ်က လက်မောင်းသွေးမှာ စီးဆင်းနေတယ်လို့ ကြားဖူးတယ်။ ဒါကတော့ မခက်လောက်ပါဘူး။ မိဘသဘောတူလို့ ပေးစားတာ ဆိုရင်တော့ ငါလေးလည်း မသိဘူး။
ခုနှစ်ခုမြောက်က နတ်သခင်မအလောင်းလျာရဲ့ နှလုံးသွေးကို ထည့်သွင်းရတယ်။ ဒါကကျတော့ မတရားမှုကြီးပဲ။ ဘာလို့များ နတ်မင်းကကျ လက်မောင်းသွေး ဖြစ်ပြီးတော့ နတ်သခင်မကကျ နှလုံးသွေး ဖြစ်ရတာလဲ။
စွမ်းအားကြီးပါတယ် ဆိုတဲ့ နတ်သခင်မတွေတောင် နှလုံးသွေးကို ဖောက်ထုတ်ရရင် ခုနှစ်ရက်လောက် မကျန်းမမာ ဖြစ်တယ်လို့ ကြားတယ်။ ငါ့အလှည့်ကျရင်တော့ ခြေထောက်သွေးပဲ ရမယ်။ အော် မှားလို့ မှားလို့..။ ခြေထောက်သွေးလည်း မရဘူး ဘာသွေးမှ မရဘူး။ ငါလေး အသားနာမှာ ကြောက်တယ်။
ရှစ်ခုမြောက်ကတော့ မိခင်သစ်ပင်ဆီကနေ သန္ဓေသားဆုတောင်းကို ထည့်သွင်း ချိတ်ပိတ်ရတယ်။ အဆိုရှိတာကတော့ ဆုတောင်းထားတဲ့ သန္ဓေသားအတိုင်း ရတယ်တဲ့။ မိခင်သစ်ပင်က သဘောကောင်းပါတယ်။ နတ်သခင်မတွေအတွက် ဆုတောင်းကို ပေးလေ့ ရှိတယ်။
နောက်ဆုံးတစ်ခုကတော့ သစ္စာရေစင်သွန်းလောင်းတာပဲ။ ဒီအခြေအနေမှာ ကျဆုံးဖူးတဲ့ နတ်မောင်နှံတွေ အများကြီးပဲ ရှိတယ်။ နောက်ဆုံးမှာ အရံကြင်ရာတော်တွေ ဖြစ်သွားတာတွေတောင် ရှိတယ်။
ဘာလို့လဲ ဆိုတော့ မြင့်မြတ်တော်ဝင်က နတ်ပြဿဒါးတောင်ပေးမှာ သစ္စာရေကန် ရှိတယ်။ ရောဂါတွေ ဘာတွေ ပျောက်တယ်လို့ ကြားဖူးသလို အဲဒီရေက ပေါင်းစည်းမှုကို အဆုံးအဖြတ်ပေးလေ့ ရှိတယ်။
သစ္စာရေဟာ ဒဏ္ဍာရီလာ အကြောင်းအရာ တစ်ခု ဖြစ်ပြီးတော့ နတ်သခင်နဲ့ နတ်သခင်မကို အဆုံးအဖြတ်ပေးလေ့ ရှိတယ်။ နတ်တစ်ပါးစီတိုင်းက သစ္စာရေကို ခပ်လိုက်ရင် မတူညီတဲ့ အရောင်နဲ့ ဖော်ပြပေးလေ့ ရှိကြတယ်။
နတ်တစ်ပါးစီမှာ သစ္စာရေ တူညီတဲ့ အရောင်ရဖို့ အခွင့်အရေးက လက်ထပ်ပန်းကုံးမှာ သစ္စာရေး သွန်းလောင်းတဲ့ အချိန်ဖြစ်တယ်လို့ ပြောကြတယ်။ လက်ထပ်မယ့် နတ်သခင်နဲ့ နတ်သခင်မက သစ္စာရေကို အတူတူ ခပ်ကြည့်ရတယ်။ အကယ်၍ လက်ထပ်ပန်းကုံးအတွက် နတ်သခင်နဲ့ နတ်သခင်မ ခပ်လိုက်တဲ့ သစ္စာရေကို သစ္စာရေကန်က အရောင်အတူတူ ဖော်ပြပေးမှသာ သစ္စာတရားတည်မြဲမယ်လို့ သတ်မှတ်ပြီးတော့ လက်ထပ်ပန်းကုံးကို ပြီးစီးတယ်။ ဒါမှသာ လက်ထပ်ခြင်းအတွက် မင်္ဂလာကိစ္စရပ်ကို ဆောင်ရွက်ပြီးတော့ နတ်သခင်မ သရဖူကို အပ်နှင်းခံရမယ်။
လက်ထပ်ပန်းကုံးသာ ကျဆုံးခဲ့ရင် နတ်သခင်မ မဖြစ်တော့ဘဲနဲ့ အရံကြင်ရာတော်ပဲ ဖြစ်ခွင့်ရှိတယ်။ ဒီနတ်ဘုရားဟာ နောက်ထပ် နတ်သခင်မတစ်ဦးအတွက် ပန်းကုံးအပ်နှင်းမှုကို စောင့်ဆိုင်းမယ်။
ဒါက မြင့်မြတ်တော်ဝင်က အုပ်ချုပ်သူ နတ်ဘုရားတိုင်း ကျော်ဖြတ်ရတဲ့ လက်ထပ်ခြင်းအမှုပဲ ဖြစ်တယ်။ အဆင့်အတန်းတစ်ခုကို ရောက်နေတဲ့ နတ်ဘုရားတွေက ဒါကို ကျော်ဖြတ်ရမယ်။ ငါလေးတော့ မပါဘူးပေါ့။ ငါလေးက မြင့်မြတ်တော်ဝင်က အုပ်ချုပ်သူ နတ်ဘုရားတွေကို မမှန်းရဲဘူး။
ငါလေးကတော့ နတ်သခင်မလည်း မဖြစ်ချင်သလို ဒီလို ခက်ခဲတဲ့ ကိစ္စတွေကိုလည်း မဖြတ်သန်းချင်ဘူး။ အခု ငါလေး လုပ်ချင်တာက ငါလေး လက်ဖဝါးကနေ အမှတ်အသားကို ဖျက်ပစ်ဖို့ပဲ ဖြစ်တယ်။ ငါလေး အဲဒါကို ကြိုးစားကြည့်ရမယ်။
ငါလေးကို သူများတွေက လူးကပ်စ်ရဲ့ အိပ်ရာထဲကို ခုန်ဝင်ပြီးပြီလို့ တွေးကြမှာကို မလိုလားဘူး။ ငါလေးရဲ့ ဖြူစင်မှုက တခြားသူတွေလောက် တန်ဖိုးမရှိရင်တောင်မှ နူးညံ့ပြီးတော့ ချောမောတဲ့ နတ်ဘုရားအသေးလေး တစ်ပါးအတွက်တော့ တန်ဖိုးရှိပါသေးတယ်။
"ဒါကို လက်မှာ မလိုချင်ဘူးလား.."
လူးကပ်စ်နတ်မင်းက စိတ်လို လက်ရေးမေးလာတော့ လက်ထပ်ခြင်းကို စီကာပတ်ကုံးတွေးနေမိတဲ့ ငါလေးက ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်မိတယ်။
"ဒါဆို နဖူးမှာ ဆိုရင်ရော.."
ငါ လူးကပ်စ် နတ်မင်းကို မော့ကြည့်လိုက်မိတယ်။ ငါ ဖြစ်သွားတဲ့ ပုံကို သူက ခေါင်းမော့ပြီး သွားစွယ်တွေ ထွက်လာတဲ့အထိ ရယ်တယ်။
"ဟား ဟား ဟား.. ငါ့ညီမလေးက တကယ် ချစ်ဖို့ ကောင်းတာပဲ။ မင်းရွေးလိုက်.. မင်း နဖူးမှာ လိုချင်လား။ ဒါမှမဟုတ် လက်ဖဝါးမှာလား.."
နဖူးမှာ..။ နတ်သခင်မတွေက နဖူးအလယ်တည့်တည့်မှာ ခင်ပွန်းရဲ့ အာဏာသက်ရောက်ခြင်း အမှတ်အသားကို ခံယူရတယ်။ အရံကြင်ရာတော်တွေက နားထင်မှာ ထားရတယ်။ ငါ အားတင်းပြီးတော့ ပြောလိုက်တယ်။
"နဖူးက.. အစ်ကိုတော် နတ်သခင်မတွေအတွက် ပေးထားတဲ့ နေရာမဟုတ်ဘူးလား.."
"အာ.. မင်းမှာ နောက်ထပ် ရွေးချယ်စရာ ရှိသေးတယ်.."
"ဘာ.. ဘယ်တစ်ခု.."
ငါလေး မျက်တောင်တွေ တဖြတ်ဖြတ် ခတ်သွားပြီး မေးလိုက်တယ်။ လူးကပ်စ်က သူ့ခါးကို သူ ဆန့်လိုက်ပြီးတော့ ငါလေးကို ကျောခိုင်းပြီး သူ့ရဲ့ခရမ်းနက်ရောင် ပလ္လင်ဆီကို တစ်လှမ်းချင်း သွားနေတယ်။
"မင်း အာဏာသက်ရောက်ခြင်း အမှတ်အသားကို မယူချင်တာကို အစ်ကိုတော်က နားလည်ပေးမယ်။ ဒါပေမဲ့ တစ်ခုခု ပြဿနာ ဖြစ်လာပြီးမှ မင်း တခြားသူတွေကို နိုင်အောင် ရိုက်မလာနိုင်ရင် အစ်ကိုတော်က မင်းကို ပြန်ရိုက်မယ်။ အာ.. အပြစ်တစ်ခုခုတော့ ပေးရမယ်.."
သူက သူ့ဖာသာ တွေးဆရင်းကနေ အလင်းလုံး နောက်ထပ်တစ်လုံးကို နန်းဆောင်အပြင်ကို ပို့လွှတ်လိုက်ပြန်တယ်။
"ဇီဒန် ညီမတွေကို ဘယ်လို အပြစ်ပေးရတာလဲ ဆိုတဲ့ စာအုပ်ပါ ရှာလာခဲ့ပါ။ နတ်သားရဲတောထဲကို ပစ်ချရမလား။ ဒါမှမဟုတ် အိုဝင်တောင်ပေါ်ကို ပစ်ချရမလား.."
"အို.. အိုဝင်တောင်.."
ငါလေး ချက်ချင်းကို သူ့အနားကို ပြေးသွားပြီးတော့ လိမ်မာတဲ့ ညီမလေးပဲ လုပ်ပါတော့မယ်လို့ ပြောလုမတတ်ပဲ။ အိုဝင်တောင် ဆိုတာက နတ်ဘုရားတွေ နတ်မင်းတွေ အရာရှိ ရွေးချယ်ပွဲအတွက် သွားရတဲ့ နေရာ မဟုတ်လား။ ငါလေးနဲ့ ဘာဆိုင်လို့လဲ။
အဲဒီမှာ နတ်အတောင်ပံကိုတောင်မှ ပျက်စီးသွားစေနိုင်တဲ့ နတ်စွမ်းအားတွေ ပျံ့နှံ့နေပြီးတော့ တော်ရုံ နတ်ဘုရားဆိုရင် နတ်သက်ကြွေ သွားနိုင်တယ်။ ဇော့ခ်နတ်မင်းက အိုဝင်တောင်ပေါ်ကနေ နတ်ဆိုးတစ်ပါးကို ပစ်ချလိုက်တာ အရိုးရော အသားပါ ရှာမရတော့ဘူး ဆိုတာ ငါလေး ကြားဖူးသေးတယ်။
ငါလေးက..။ ငါလေးက နတ်ဆိုးတစ်ပါးထက် ဘယ်လိုလုပ် သန်မာနိုင်မှာလဲ..။ ငါလေး သေသွားမှာပေါ့။
"အင်းလေ..။ အဲဒီနေရာက ဒီနန်းဆောင်ထက်တောင် ပိုတိတ်ဆိတ်သေးတယ်။ နေလို့ ကောင်းတယ်.."
မင်းဖာသာ သွားနေပါလား။ ငါ့ကို လာမခေါ်နဲ့.. သွား..။ ဒါနဲ့ သူက ဘယ်လို သိနေတာလဲ။ သူက ပိတ်လှောင်ခြင်း နန်းဆောင်ကနေ အပြင်ကို မထွက်ဘူးဆို။
"အဲဒါတွေ ဘယ်လို သိနေတာလဲ.. ပိတ်လှောင်ခြင်း နန်းဆောင်ကနေ အပြင်ကို မထွက်ဘူး ဆိုပြီးတော့.."
ငါ တီးတိုးလေး ရေရွတ်လိုက်မိတယ်။ ဖြတ်ခနဲ ပင့်တက်လာတဲ့ မျက်ဝန်းတွေက နက်ရှိုင်းလွန်းတဲ့ အာကာသ ဟင်းလင်းပြင်က ကြယ်တွေ လိုပဲ။ ငါလေး ခြေထောက်တွေတောင်မှ ပျော့ခွေတော့မတတ်ပဲ။
"ငါက မထွက်ဘူးလို့ မပြောပါဘူး။ ငါထွက်သွားတာကို သူတို့ဖာသာ မသိလိုက်ကြတာပါ။ ခဏခဏ မသွားတာပဲ ရှိတယ်.."
"အော်.. လတ်စသတ်တော့ အဲလိုကိုး.."
ငါလေး ချွေးအနည်းငယ် စို့လာတာကို တို့သုတ်လိုက်ပြီးမှ ပြောတော့ လူးကပ်စ်က ငါလေးကို သူ့အနားထိ ဆွဲလိုက်တယ်။ ပြီးနောက်တော့ မေးလာတယ်။
"ညီမလေးက အစ်ကိုတော် အကြောင်း သိချင်နေတာလား။ ဒီအစ်ကိုတော်က ပြောပြပေးမှာပေါ့.."
ဟင့်အင်း..။ မသိချင်ဘူး..။ ဘာမှမသိချင်ဘူး..။ ငါ ခေါင်းတောင်မယမ်းရဲတော့တဲ့ အဖြစ်မျိုးကို ရောက်နေတယ်။ ကယ်ကြပါ။ ဇီရစ်ခ်ျ ဘယ်မှာလဲ။ ဇီရစ်ခ်ျ..။ ကောင်းပြီ ငါက နည်းနည်းတော့ သတ္တိရှိရမယ်။ အခုရှုပ်မှ နောင်ရှင်းပဲ။ ငါ အရင်ပြောမယ်။
"တကယ်တော့ ညီမလေးမှာ ချစ်သူ ရှိတယ်.."
လူးကပ်စ်ရဲ့ မျက်ဝန်းတွေက ပိုပြီးတော့ မှောင်မိုက်သွားတယ်။ ငါ့စိတ်ထင် ခရမ်းနက်ရောင်တောင် သန်းလာတော့မလိုပဲ။
"ဘယ်သူလဲ။ နတ်ဘုရားလား၊ နတ်သူငယ်လား"
"သူက အပြာရောင် ဉာဏ်ပညာနတ်ဘုရား ဇီရစ်ခ်ျ.."
တောင်းပန်ပါတယ်။ ငါ မြင့်မြတ်တော်ဝင်ကနေ လွှတ်ဖို့ အကြံဉာဏ် မရှိတော့လို့ ဆွဲထည့်လိုက်ရတာပါ။
"အပြာရောင်နတ်ဘုရား ဇီရစ်ခ်ျ.."
လူးကပ်စ်က စက်ြဝဠာလို နက်ရှိုင်းနေတဲ့ သူ့မျက်ဝန်းတွေကို မှိတ်လိုက်ပြီးတော့ ပလ္လင်ကျောနောက်ကို မှီထိုင်လိုက်တယ်။ နောက်တော့ လက်သူကြွယ်ကို အားပြင်းပြင်းနဲ့ လွဲယမ်းလိုက်တယ်။
"အပြာရောင်နတ်ဘုရား ဇီရစ်ခ်ျကို အုပ်ချုပ်သူ လူးကပ်စ်က ဆင့်ခေါ်တယ်.."
ငါလေးနဲ့ မနီးမဝေးမှာ ဇီရစ်ခ်ျနတ်ဘုရားခင်များ စာအုပ်တစ်အုပ်ကိုင်ပြီးတော့ မျက်မှန်တပ်လျက်သား ဒလိမ့်ခေါက်ကွေး မကျရုံတစ်မယ် ရောက်လာတယ်။
"ဟယ်လို ဇီရစ်ခ်ျ.."
လူးကပ်စ်က စပြီးတော့ နှုတ်ဆက်လိုက်တယ်။ ဇီရစ်ခ်ျနတ်ဘုရားက လူးကပ်စ်ကို နားမလည်နိုင်သလို ကြည့်နေရာကနေ ငါ့ကို မြင်သွားတော့ အနားကို တိုးလာတယ်။
"မင်း ဘယ်လို ဖြစ်ပြီးတော့..၊ သူက..၊ ဘာ..၊ ငါ့ကို.."
ဇီရစ်ခ်ျနတ်မင်းက မေးလိုတာတွေ များနေဟန် တူတယ်။ စကားတွေ ထစ်အပြီး တီးတိုးပြောနေတယ်။ လူးကပ်စ်ကို ကြည့်လိုက် ဇီရစ်ခ်ျကို ကြည့်လိုက်လုပ်နေမိတဲ့ ငါလေးကတော့ လူးကပ်စ်နတ်မင်းရဲ့ မျက်နှာ ဘာလို့ ဒီလောက် အေးခဲသွားတာလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။
လူးကပ်စ်က မျက်ဝန်းတွေကို ပြန်ဖွင့်လိုက်ပြီးတော့ ပျင်းတွဲတွဲ ထိုင်နေတဲ့ ဆီကနေ မတ်မတ် ပြင်ထိုင်လိုက်တယ်။ ပြီးနောက် ခြေထောက်တွေ တင်ဖို့ ခုံငယ်လေးတစ်ခု ဖန်တီးလိုက်ပြီးတော့ ခြေထောက်ကို တင်လိုက်တယ်။ ပြီးတော့ စကားတစ်ခွန်းကို ပြောလိုက်တယ်။
"ငါက သူ့အစ်ကိုပဲ.."
အဟွတ်..။ ကောင်းတယ် မင်းပဲ ပြောလိုက်တော့။ ဇီရစ်ခ်ျခမျာ ရုတ်တရက် လူးကပ်စ်ရဲ့ စကားကို နားမလည်နိုင်ဟန်နဲ့ ငါ့အနားကို ထပ်တိုးလာပြန်တယ်။
"ဒါက ဘယ်လို ဖြစ်သွားတာလဲ.."
ငါက ဘယ်လို သိမလဲ။ မင်းက ဉာဏ်ပညာ နတ်ဘုရားမဟုတ်လား။ တစ်ခုခု ဖြေရှင်းပြီး ငါ့ကို ဒီနေရာကနေ ဆွဲထုတ်သွားစမ်းပါ။ ငါ ဇီရစ်ခ်ျနတ်ဘုရားကို ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။
အဲဒီအချိန်မှာပဲ ငါ့မျက်လုံးထောင့်စွန်းကနေ လူးကပ်စ်ရဲ့ လက်ချောင်းတွေ အားပြင်းပြင်းနဲ့ လှုပ်ခတ်သွားတာကို မြင်လိုက်ရတယ်။
ဇီရစ်ခ်ျနတ်ဘုရားခမျာ ဘာမှမသိလိုက်ရသေးခင်မှာပဲ လက်ထဲက စာအုပ်ရော လူပါ ဝဲပျံပြီးတော့ ငါနဲ့ ဝေးတဲ့ နန်းဆောင်တိုင်တစ်ခုကို ဝင်ဆောင့်မိတယ်။
"မင်းတို့ နှစ်ယောက်က လက်မထပ်ရသေးဘူး ဆိုတော့ အနေမနီးသင့်ဘူး အပြာရောင်နတ်ဘုရား ဇီရစ်ခ်ျ.. ဟုတ်တယ် မဟုတ်လား.."
ဇီရစ်ခ်ျက ဒီတစ်ကြိမ်တော့် အတင်းပြောဖို့ ငါ့အနားကို ပြေးမလာတော့ဘူး။ သူက တစ်ခုခုကို နားလည်သွားသလို ရှိတယ်။
"ဟုတ်တာပေါ့.. ငါတို့ အနေအထိုင် ဆင်ခြင်သင့်တယ်.."
"ကောင်းပြီ။ ငါက သူ့အစ်ကိုဆိုမှတော့ ငါမင်းတို့အတွက် စည်းမျဉ်း သတ်မှတ်ပေးမယ်။ ကိစ္စတိုင်းက စည်းမျဉ်းမရှိတာ မကောင်းဘူး"
"အာ.. ဟုတ်ပါတယ် ကိစ္စတိုင်းက စည်းမျဉ်း ရှိသင့်တယ်.."
"တစ်လမှာ တစ်ခါပဲ တွေ့ရမယ်။ မြင့်မြတ်တော်ဝင် ဘယ်နေရာကမှ မလုံခြုံဘူး ငါ့နန်းဆောင်က အလုံခြုံဆုံးပဲ။ တစ်လတစ်ကြိမ် ဒီမှာ တွေ့လို့ရတယ်။ ပြီးတော့ ငါလည်း ရှိတယ်.."
မင်းရှိနေတဲ့ နေရာကို လုံခြုံတယ်လို့ ပြောတာ ငါတော့မယုံဘူး။ မင်းက ဘယ်လိုလုပ်ပြီးတော့ လုံခြုံမှာလဲ။ မင်းရှိနေတာကမှ အန္တရာယ်ကြီးပဲ။
"ပြီးတော့ ငါ့ညီမကို အဝေးကနေ ထိုင်ပြီးတော့ စကားပြောရမယ်။ မဟုတ်လား လက်မထပ်ရသေးဘူးလေ။ မင်းက အိုဝင်တောင်ကို ကျော်ဖြတ်ပြီးပြီ ဆိုတော့ မင်းကလည်း မြင့်မြတ်တော်ဝင်က အရာရှိ နတ်ဘုရားထဲမှာ ပါတယ်လေ။ ဒီတော့ လက်ထပ်မယ်ဆိုရင် လက်ထပ်ပန်းကုံးက လိုအပ်မှာပဲ..။ ဒီကောင်မလေးက လက်ထပ်ပန်းကုံးလုပ်ဖို့တောင် စွမ်းအားရှိသေးမှာ မဟုတ်ဘူး ငါ့သင်ကြားမှုတွေ အများကြီး လိုသေးတယ်။ ဒီတော့ ဝေးဝေးနေသင့်တယ်.."
ဒါက ခွဲနေခိုင်းတာနဲ့ ဘာထူးလို့လဲ။ ငါ ဒီနေရာကနေ ထွက်သွားခွင့် ရဖို့ အကြံတောင်းမလိုပါဆိုမှ။
"လူးကပ်စ်နတ်မင်း ဖြစ်စေချင်တာက.."
"ငါ ဖြစ်စေချင်တာက ရိုးရှင်းပါတယ်။ မင်း ငါ့ညီမကို မချစ်ဘဲနဲ့ ပစ်ထားလို့ မရဘူး။ ပြီးတော့ ငါ့ဆီကနေ မြန်မြန်ခေါ်သွားဖို့လည်း မတွေးနဲ့.. မင်း ဆိုလိုတာကို နားလည်တယ် မဟုတ်လား။ မင်းက ဉာဏ်ကောင်းတဲ့ နတ်မင်းလို့ ငါကြားပါတယ်"
မင်း သူများကို ဘာလုပ်ခိုင်းတာလဲ။ ရှင်းရှင်းလင်းလင်း ပြောလေ။ မချစ်ရတာလား။ ချစ်ရတာလား။ မယူရတာလား။ ယူရတာလား။ ငါလေးတောင်မှ လည်ထွက်နေပြီ။
"ကျွန်တော် နားလည်ပါတယ်။ ဒါဆိုရင် ကိစ္စလေး ရှိလို့.. ခွင့်ပြုပါအုံး.."
"အင်း.."
လူးကပ်စ်က ကျေနပ်စွာ ပြုံးပြီးတော့ လက်ကို ဝှေ့ယမ်း လိုက်တယ်။ ဇီရစ်ခ်ျ နတ်မင်း ပျောက်ကွယ်သွားမှ လူးကပ်စ်က ကျေနပ်သွားဟန်နဲ့ ပြောတယ်။
"သူက မင်းနဲ့ မလိုက်ဖက်ပါဘူး။ သူက ရုပ်ဆိုးတယ်။ နတ်စွမ်းအားကလည်း နည်းတယ်။ ပြီးတော့ အရေးအကြီးဆုံးက ဒီအစ်ကိုတော်လောက် မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး.."
လောလောဆယ် မင်းရဲ့ ဂရုစိုက်မှုကြားမှာ ငါသေသွားတော့မယ်လို့ ငါထင်နေတယ်။ ဘာဆက်လုပ်ရမလဲ။ ဇီရစ်ခ်ျက တစ်ခုခု လုပ်ပေးပါစေလို့ ငါလေး ဆန္ဒရှိရုံပဲ တတ်နိုင်တော့တယ်။
ဆက်ရန်---

About of a Consoled FairyWhere stories live. Discover now