Unicode
About of a Consoled Fairy S2
Part-24“ဟေး.. ထတော့လေ.. ထသင့်ပြီ..”
အသံတိုးတိုးလေးက ငါ့နားထဲကို တိုးဝင်လာတယ်။ ဒါပေမဲ့ ဘယ်သူ့အသံလဲ ဆိုတာကို မသိဘူး။ တိုးတိုးလေး ပြီးတော့.. ညင်သာတယ်။ ငါ ဒီအသံကြောင့် ငိုမိတော့မလိုပဲ။
“အချစ်လေး.. ထတော့လေ.. မင်း ဒီလို အကြာကြီး မအိပ်နေသင့်ဘူး.. မင်းနိုးထဖို့ အချိန်ရောက်ပြီ”
မိန်းကလေးအသံပဲ။ လေသံက ပြတ်သားပြီး ခိုင်မာပေမဲ့ နွေးထွေးတယ်။ ဘယ်သူ့ အသံလဲ။ ငါ မသိဘူးလား။ ငါ ဒီအသံကို မရင်းနှီးသလိုပဲ။
“ဘယ်သူလဲ..”
“အခု ပြောနေတာ ဘယ်သူလဲ”
“အခု..”
ဆတ်ခနဲ ထထိုင်လိုက်တော့ ငါက ပန်းပွင့်မွေ့ရာပေါ်မှာ ဖြစ်နေတယ်။ ငါ့အနားမှာ လူးကပ်စ်က ရှိနေတယ်။ ပြီးတော့.. လူးကပ်စ်အနားမှာ အီနော့ဆိုတဲ့ ကျားလား မလား မသေချာ မသဲကွဲတဲ့ နတ်ဆိုးက ရပ်နေတယ်။
ပြီးတော့ အခန်းထဲမှာ အဲဒီနှစ်ယောက်ကလွဲရင် တခြားဘယ်သူမှ မရှိနေဘူး။ ငါ အိပ်မက်မက်သွားတာလား..။
မိန်းကလေးအသံကို ကြားလိုက်ရတာပါ။ အသေအချာကို ကြားလိုက်ရတာ။
“မင်း သတိရလာပြီပေါ့.. တော်သေးတယ်။ မင်းသာ ရက်နည်းနည်းလောက် ထပ်အိပ်နေရင် ငါတော့ မြင့်မြတ်တော်ဝင်မှာ အကင်ခံရတော့မယ်”
အီနော့က စတင်ပြီး စကားပြောလာတယ်။ သိပ်တော့ မဖော်ရွေတဲ့ စကားတွေ ဆိုပေမဲ့ ငါ ပြုံးသာ ပြုံးပြလိုက်တယ်။
“အီနော့က မင်းကို ကြည့်ပေးထားတာ..”
လူးကပ်စ်က ငါမေးချင်နေတာကို တန်းသိနေတယ် ထင်တယ်။ ငါ မမေးလိုက်ရသေးခင် တန်းဖြေလာတယ်။
“မင်း ဘယ်လိုနေလဲ..”
လူးကပ်စ်က မေးလာတယ်။ ဘာမှတော့ မဖြစ်ဘူးဘဲ။ အသက်ရှုတာလည်း အနေတော်ပဲ။ ပြီးတော့ ခြေတွေ လက်တွေ အားလုံးကလည်း အနေတော်ပဲ။
“ကောင်းပါတယ်.. ဒါပေမဲ့..”
“ဒါပေမဲ့ ဘာဖြစ်တာလဲ..”