About of a consoled Fairy S2
Part-26“လူး.. လူးစီးယက်စ်ဘလက်.. ဆိုတာက..”
“ငါလေ..”
ငါလေးရဲ့ တုန်တုန်ယင်ယင် အသံကို နတ်ဆိုးတစ်ပိုင်း နတ်ကောင်းတစ်ပိုင်း ဖြစ်နေတဲ့ လူးကပ်စ် ဝမ်းသာအားရ ထောက်ခံတယ်။ မသိရင် လမ်းမှာ သူ့ကို တစ်ယောက်ယောက်က နှုတ်ဆက်လိုက်လို့ သူ့ကို တခြားသူက မှတ်မိသွားလို့ ဝမ်းသာသွားတဲ့ မျက်နှာထားနဲ့။
“မင်းကို လူးကပ်စ် ပြောပြဖူးလား သူ့မှာ ညီတစ်ယောက် ရှိတယ် ဆိုပြီးတော့..”
လူးစီးယက်စ်က ထပ်မေးတယ်။ ငါလေး ခေါင်းယမ်းလိုက်တယ်။ သူက အနည်းငယ် စိတ်ညစ်သွားတဲ့ပုံပေါက်တယ်။ ဒါပေမဲ့ မေးခွန်းတွေပဲ ထပ်ထွက်လာပြန်တယ်။
“ဒါဆို မင်းကို မြုစ့်ရဲ့သားတော် အကြောင်း ပြောပြဖူးလား”
ဘာလား။ မြုစ့်ရဲ့သားတော်က လူးကပ်စ်ပဲလေ မဟုတ်ဘူးလား။ သူ့အကြောင်းသူ ပြောပြနေစရာလား။
“မ.. မပြောပြဖူးဘူး..”
ငါလေး ခေါင်းထပ်ယမ်းလိုက်မိတယ်။ မဟုတ်သေးဘူးလေ သူက ဘာလို့ မေးခွန်းတွေ လိုက်မေးနေတာလဲ။ အေးစက် ကြောက်ရွံ့နေမှုက တဖြည်းဖြည်း လျော့ပါးသွားတယ်။
တကယ်တမ်းကျတော့ လူးစီးယက်ဘလက် ဆိုတာက ဘာကြီးလဲ။ လူးကပ်စ်ဆီမှာ မရှိခဲ့ စိတ်ခံစားချက်တွေ အားလုံး အပြည့်အသိပ် ဖြစ်ပေါ်နေတဲ့ နတ်ဆိုးလား။
“သူက ငါ့ကို အခုထိ အသိအမှတ်မပြုဘူးကိုး.. ဝမ်းနည်းစရာပဲ။ တကယ်တမ်းကျ ငါ သူ့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ငါ့ကို ညီလေးလို ဆက်ဆံဖို့”
အဟွတ်..။ ဒါကြီးက စိတ်ပျက်အားငယ်သွားတဲ့ ပုံစံနဲ့ သူ့နဖူးမှာ သူ့လက်ကိုသူ ထောက်လိုက်ပြီးတော့ စိတ်မကောင်းဟန် အထင်းသား ပေါ်နေတယ်။ ငါလေး ယောင်တောင်တောင်နဲ့ သူငုံ့သွားတဲ့ဆီကို ကိုင်းကြည့်လိုက်မိတယ်။
“ညီလို့ သဘောမထားနိုင်ရင် အစ်ကိုလို သဘောထားလည်း ငါက စိတ်မဆိုးပါဘူး.. အခုကျတော့..”
သောက်ပလုပ်တုတ်..။ ညီတွေ အစ်ကိုတွေ ပြောနေရအောင်.. မင်းတို့က တစ်ယောက်တည်းလေဟယ်။