About of a Consoled Fairy Part-13
@@@@@@@@@@@@@@@@@@ထမင်းဝိုင်းမှာ ထိုင်တော့ ထမင်းဝိုင်း၏ပုံစံက အများနှင့် ဝိုင်းဖွဲ့စားသောက်လို့ ကောင်းတဲ့ ပုံစံမျိုးတော့ မဟုတ်၊ လူတစ်ဦးကို ဝိုင်းရံထားသည့် စားပွဲ၏ပုံသဏ္ဍာန်အရ မသိရင် ငါက အဲရစ်လူကာ အရှေ့တွင် အပြစ်သားလိုလို ဘာလိုလို၊
စားပွဲပေါ်သို့ ချလာပေးသော ဟင်းပန်းကန်ကို ငါ့ဘက်ကို တွန်းပေးလာပြီးနောက် တစ်ခွန်းဆိုတယ်။
“စား!!”
စား၊ တစ်လုံးတည်း ပေမယ့် မစားရင် တစ်ခုခုလုပ်မယ် ဆိုသည့် ဖိအားက ကပ်ပါလာပြီးသား၊ အဲ့ဒီဖိအားက ဘာလဲ ဆိုတာ အဖြေမရှာနိုင်သေးခင်မှာပဲ ငါ ဟင်းပန်းကန်ကို ဆွဲယူပြီး ထမင်းနဲ့ရောကာ စားပြီးနေပြီ။ ငါက မစားပဲ နေရဲမယ့်သူမျိုး မဟုတ်ဘူလေ။
သေချာတာပေါ့၊ ငါ့က စကားလည်း နားထောင်ပြီးတော့ လိုက်လည်း လိုက်နာတတ်တဲ့ နတ်ဘုရားငယ်ကလေးလေ။ ငြင်းဆန်မှုက အသက်တိုစေတယ် ဆိုတာကိုလည်း ကောင်းကောင်း နားလည်သေးတယ်။ အဲရစ်လူကာက ငါမစားရင် တစ်ခုခု လုပ်မယ်လို့ မပြောရုံတစ်မယ်တည်း အမူအယာနဲ့ ငါ့ကို ကြည့်နေတယ်။
“ဖြည်းဖြည်းစား”
နောက်ထပ် စကားတစ်ခွန်းမှာတော့ ငါ စားနေတဲ့ အရှိန်ကို လျော့လိုက်မိတယ်။ ဇီဒန်က မီးဖိုခန်းထဲကို ရောက်လာပေမယ့် အဲရစ်လူကာက လက်ယမ်းပြပြီးတော့ နှင်လိုက်တယ်။ အေးစိမ့်နေတဲ့ အငွေ့အသက်တွေ ကြားထဲမှာ စစ်ကူမရှိပဲနဲ့ ငါလေး တစ်ယောက်တည်း တောင့်မတ်စွာ ကျန်နေခဲ့ရတယ်။
“မင်းမှာ မိဘတွေ ရှိသေးလား”
ငါ့မိဘတွေက ဘယ်သူလဲ ဆိုတာတောင် ငါက သိခွင့်မရှိခဲ့တာလေ၊ ငါက ဘယ်လို သိမှာလဲ သူတို့ ရှိသေးလား မရှိတော့ဘူးလား၊ မေးလာမှတော့ ဖြေဖို့ပဲ ရှိတော့တာမို့ ငါ ခေါင်းယမ်းလိုက်မိတယ်။
“ဇီရစ်ခ်ျနဲ့ ဘယ်လို အမျိုးတော်တာလဲ”
“အဲ့ဒါကို ငါလည်း သိပ်မရှင်းလင်းဘူး၊ သူပြောတာက သူက ငါ့အစ်ကိုတဲ့”
တစ်ဆိတ်လောက် မီးဖိုခန်းထဲက အေးစိမ့်မှုတွေ လျော့သွားတာလားလို့၊ အဲရစ်လူကာက အဲ့လိုလည်း တခြားသော စိတ်ခံစားချက်တွေ ရှိတတ်သေးတာလား၊ ဒီလိုမှန်းသိရင် ငါ အစောတည်းက သနားဖို့ကောင်းတဲ့ လူသားပုံပြင်တွေကို ကြံဖန်ပြီးတော့ ပြောပြပါတယ်။