Season 2 (Part 8)

168 36 2
                                    

ZawGyi
About of a Consoled Fairy S2
Part-8
လေတိုက်တာတောင် ရပ်သွားတော့မဲ့ ပတ်ဝန်းကျင်ကြီး ထူးထူးခြားခြား အေးစက်သွားသလိုပဲ။ ငါလေး ထင်တာ မင်းက အလင်းစစ်နတ်ဘုရားလေ။ ဘာလို့များ ရေခဲနတ်မင်းလို့မျိုး အေးစက်မှုတွေ ထုတ်လွတ်နိုင်နေရတာလဲ။ ငါ ခဲသေတော့မယ်။
သတ်ရင်လည်း သတ်ပေါ့။ ဘာလို့ အခုလိုမျိုး ချက်ချင်း အေးခဲတဲ့ ဓာတ်တွေကို ထုတ်လွတ်နေရတာလဲ။ မင်းက ဘာဖြစ်ချင်နေတာလဲ။ ငါ့ခြေထောက်တွေ ပျော့ခွေလာတယ်။ ငါ လဲကျတော့မယ်။
ဘုတ်ခနဲသာ လဲကျသွားရင် ငါလေးက အလှောင်ခံလေး ဖြစ်သွားတော့မယ်။ အဲလိုတော့ မဟုတ်သေးဘူး။ ငါ တောင့်ခံထားရမယ်။ ဒီနေ့ ငါက မင်းရဲ့ညီမလေး မဟုတ်ဘူးဆိုတာ မင်းလက်ခံရမယ်။
ပတ်ဝန်းကျင်က အေးစက်နေရာကနေ ဖျော့ကျသွားတယ်။ လူးကပ်စ်က ငါလေးကို စိုက်ကြည့်နေရာကနေ မျက်နှာလွဲလိုက်တယ်။ သူ့နားထင်ကို သူ လက်ချောင်းတွေနဲ့ ထောက်ပြီး ဆွဲဖြည်လိုက်တယ်။ သူ ဘာဖြစ်ချင်နေတာလဲ။ ဒါက ဘာကို ဆိုလိုတာလဲ။
သူ တစ်ခုချင်းစီ ဖြည်းဖြည်းချင်း လုပ်နေသမျှကို ငါလေး အသေအချာ အကဲခတ်နေတာပဲ။ ဒါပေမဲ့ သူ ဘာဆိုလိုတယ် ဆိုတာကို ငါလေး လုံးဝ မသိဘူး။ တစ်ခုစီက ဘာအဓိပ္ပါယ်တွေလဲ ဆိုတာ ငါမသိဘူး။ သူက ခပ်တိုးတိုး အမိန့်ပေးတယ်။
"ဇီဒန်.. ညီမရှိတဲ့ နတ်ဘုရားတွေကို ကျောင်းကို ခေါ်လာခဲ့.. ကျောင်းမတက်ချင်လို့ ပုန်ကန်တဲ့ ညီမလေးတွေကို ဘယ်လို ဖြေရှင်းလဲ ဆိုတာ ငါ အဖြေရချင်တယ်.. ပြီးတော့ ဟေးဒက်ခ် မင်းက ကျောင်းက တာဝန်ရှိသူတွေကို ခေါ်လိုက်ပါ.."
အဲဒီအမိန့်စကား တစ်ခွန်းတည်းနဲ့ တိုက်ခိုက်ရေးအတွက် ငယ်ကတည်းက လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းကြီးက နတ်အပေါင်းနဲ့ စည်ကားရာကြီး ဖြစ်သွားတယ်။ ကွင်းပြင်ထဲမှာ ညီမရှိတဲ့ နတ်သားတွေ နတ်ဘုရားငယ်တွေကို ဇီဒန် ဘယ်ကနေ သွားဆွဲခေါ်လာသလဲ ဆိုတာ ငါမသိဘူး။ ဒါပေမဲ့ စည်ကားနေတယ်။
ကျောင်းရဲ့ သက်ဆိုင်ရာ တာဝန်ခံတွေပါ ရောက်လာတော့ ပိုပြီးတော့တောင် စည်ကားသိုက်မြိုက် သွားသေးတယ်။ အားလုံးက သို့လောသို့လော ဟန်တွေက အမေးကိုယ်စီ ရှိချင်နေပုံရတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဘာမှ မမေးလေဘူး။ ပွဲစည်ကားအောင် လုပ်လိုက်သူကြီးကတော့ ကွင်းပြင်အလယ်မှာ ထီးထီးကြီး ခုံတစ်လုံးကို ဖန်တီးပြီးတော့ ထိုင်နေတယ်။
ကျောင်းရဲ့ သက်ဆိုင်ရာ တာဝန်ခံတွေပါ ရောက်လာတော့ ပိုပြီးတော့တောင် စည်ကားသိုက်မြိုက် သွားသေးတယ်။ ငါလေးမှာသာ အလယ်နားမှာ ယောင်ချာချာနဲ့ အခုပဲ အသတ်ခံတော့မလား။ ဒါမှမဟုတ် လူလယ်ခေါက်ကျမှ အသတ်ခံရမလား။ ဘာလဲ ဆိုတာကို အူချာချာ ဖြစ်နေတယ်။
"မင်းသား လူစုံသွားပါပြီ.."
ဇီဒန်ရဲ့အသံက မတိုးမကျယ်ပဲ။ ဒါပေမဲ့ လူတိုင်းတော့ ကြားနိုင်သေးတယ်။
"ဒါဆို ငါ မေးခွန်းတချို့ မေးချင်လို့.."
လူးကပ်စ်ကို ကြည့်ပြီး ချွေးသုတ်နေကြတဲ့ နတ်မင်းတွေက ခြောက်ခြားသွားပုံပေါ်တယ်။ ဒါပေမဲ့ လူးကပ်စ် ဆိုတာက လက်ရှိမှာ အလင်းစစ်ရဲ့ တစ်ပါးတည်းသော နတ်မင်း ဖြစ်တယ်။ ဘယ်သူကမှ မရိုမသေ မလုပ်ရဲကြလေဘူး။
"ကလေးတွေ ကျောင်းမတက်ချင်ရင် ဘယ်လို အကြောင်းပြချက်တွေ ပေးလေ့ ရှိသလဲ မင်းတို့ ကြုံဖူးလား.."
မျက်လွှာချလျက် မေးလာသော လူးကပ်စ်ရဲ့ အမေးမှာ အားလုံးက ဆွံ့အလျက်သား..။ ကိုယ်စီ ကိုယ်စီက ဘာကြောင့် ခေါ်မှန်းမသိဘဲ ရောက်လာရဟန် တူတဲ့ နတ်ဘုရားတွေ နတ်သားတွေက လူးကပ်စ်ကို ကြောင်အအ ကြည့်နေကြလေတယ်။
ငါလေးလား..။ သေချာပေါက် ငါလေးလည်း ပါတာပေါ့။ သူ ဘာဆိုလိုတာလဲ ဆိုတာကို ငါလေး လိုက်မမီတော့ဘူး။ ဒေါသထွက်တာလား။ မထွက်ဘူးလား။ ပြီးတော့ သူ အခု ဖြစ်ချင်နေတာက ဘာလဲ။ ငါလည်း ဘယ်လို သိမှာလဲ။
တကယ်ပေါ့.. သူ့ဘာတွေ တွေးနေလဲ ဘာတွေ လုပ်နေလဲ ဆိုတာကို ငါ သိနိုင်ပြီဆိုရင် ပထမဆုံး လုပ်မှာက ဒီမြင့်မြတ်တော်ဝင်ကနေ အေးအေးချမ်းချမ်းနဲ့ ထွက်သွားနိုင်အောင်ပဲ။ ထင်သလောက် မလွယ်ပေမဲ့လည်းပေါ့။
အနည်းငယ် အသက်ရတဲ့ နတ်တစ်ပါးက စပြီးတော့ ပြောလာတယ်။
"ကျွန်တော့် ညီမကို ကျောင်းစပို့တော့ သူက ခြေကန်ပြီး ရုန်းတော့တာပဲ.. ကလေးတွေက ကျောင်းကို စစချင်းမှာ မကြိုက်ကြဘူး.."
လူးကပ်စ်က ခေါင်းညိတ်တယ်။
"ဒါဆို မင်းသူ့ ကျောင်းတက်အောင် ဘယ်လို ဖြေရှင်းလိုက်သလဲ.."
ဖြေရှင်းလိုက်သလဲ ဆိုတဲ့ အသုံးအနှုန်းကြီးက နည်းနည်းတော့ မသင့်တော်ဘူးလို့ တွေးမိတာ ငါတစ်ယောက်တည်းလားဟင်။ ကလေးတစ်ယောက်ကို ကျောင်းတက်အောင် ပို့တာက ဖြေရှင်းလိုက်သလဲ ဆိုတာနဲ့ နည်းနည်းလောက် မဆီလျော်ဘူးလားလို့.. ငါ့စိတ်ထင်လေ။
"ဒါက ကျောင်းမသွားရင်.. အပြစ်ပေးတဲ့နည်းလမ်းနဲ့.."
"မင်း ပြောချင်တာက ငါ့ညီမကို ငါက အပြစ်ပေးရမယ်လို့လား မင်းက ဘယ်လို အစ်ကိုမျိုးလဲ.. နှလုံးသားမဲ့လိုက်တာ.. သူ့ကို ခေါ်သွားတော့.."
ဒီအခြေအနေမှာ ငါ နည်းနည်း နားလည်လာသလို ရှိတယ်။ သူဆိုလိုတာက ငါက ကျောင်းမတက်ချင်လို့ သူ့ကို ပုန်ကန်တယ်ပေါ့လေ။ ဒါကြီးက ဘယ်လို သောက်တလွဲကြီးလဲ။ ကျောင်းမတက်ချင်လို့ ပုန်ကန်တယ် ဆိုရအောင်.. ငါ့အသက်က ဘယ်လောက်ရှိနေပြီမို့လို့လဲ။
ကျောင်း.. အင်း.. ငါလေးနဲ့ ဘာမှမဆိုင်တဲ့ ကျောင်းကြီးကို မတက်ချင်တာ မှန်ပေမဲ့ ကျောင်းမတက်ချင်လို့ ပုန်ကန်တာကတော့ လုံးလုံး လျားလျားကြီး မဟုတ်ဘူးလေနော်..။ ဒီကိစ္စက..။
"တခြားတစ်ယောက်လောက် ဆွေးနွေးပေးနိုင်မလား"
နည်းနည်းခက်ထန်ဟန် ရှိတဲ့ နတ်တစ်ပါးက ထွက်ပြောတယ်။ သူက ယုံကြည်ချက် ရှိရှိနဲ့ ပြောတယ်။
"ညီမတွေက ထိန်းကျောင်းရတာ သိပ်မခက်ပါဘူး။ သူတို့ကို နည်းနည်းလောက် ပညာပေးလိုက်ရင် သူတို့က ငြိမ်သက်သွားပါတယ်.."
လူးကပ်စ်ဆီကနေ အအေးဓာတ်တွေ ပျံ့လွင့်သွားတဲ့ပုံပေါ်တယ်။ အဲဒီနတ်သားက မတ်တပ်ရပ်နေရင်းကနေ တဖြည်းဖြည်း ဒူးထောက်ကျသွားတယ်။ လူးကပ်စ်က ငါ့ဆီကို တစ်ချက် လှည့်ကြည့်လာတယ်။
"မင်းပြောကြည့်.. အဲဒီညီမလေးက မင်းကို မနှစ်သက်တော့ရင် ဘယ်လို လုပ်မလဲ။ မင်းက ဘယ်လို အစ်ကိုမျိုးလဲ.. ကြမ်းတမ်းလိုက်တာ ဇီဒန် ဆွဲထုတ်သွား.. ညီမတွေကို မချစ်တဲ့အစ်ကိုတွေ ငါလည်း ဆွေးနွေးဖို့ မလိုအပ်ဘူး"
အကြောင်းအရာက နည်းနည်း သိလာသလို ရှိတယ်။ သူက မောင်နှမတွေ အကြောင်း ဆွေးနွေးချင်နေတာလား။ သူက ကျပ်မပြည့်ရာကနေ တစ်ပြားထပ်လျော့သွားပြန်ပြီလား။ သွားပြီ။ သွားပြီ ငါတော့ သွားပြီ။
"ဘယ်သူ ထပ်ဆွေးနွေးပေးအုံးမလဲ.."
ဒါက ဆွေးနွေးနေတာ မဟုတ်ဘူး။ မင်းကြားချင်တာကို ပြောခိုင်းနေတာ မဟုတ်လား။ ဒါတောင်မှ ငါ့ကို ဒါလေးပဲ ပြောပါလို့ ပြောလိုက်ရင် ရနေတာကို မင်းကကျ အဲလိုမဟုတ်ပဲနဲ့။ သူများကို တွေးခိုင်းတယ်။ အတွေးကနေ ရတာကိုကျတော့ လက်မခံဘူး။
"ညီ.. ညီမတွေက ကြောက်စရာကောင်းတယ်.."
အနည်းငယ် တုန်ယင်နေတဲ့ စကားသံ ထွက်လာတယ်။ လူးကပ်စ်က နားမလည်သလိုဟန်နဲ့ ပြောတယ်။ သူက ငါ့ဆီကိုတောင် တစ်ချက် လှမ်းကြည့်လာသေးတယ်။ မင်း အဲဒီလို တစ်ခွန်းပြောလိုက် တစ်ချက် ကြည့်လိုက် မလုပ်ရင် ရမလား။
မင်းကြည့်နေတာနဲ့ အားလုံးရဲ့ အကြည့်တွေက ငါ့ဆီမှာ ရောက်နေပြီ။ ဒါက အပြစ်မတင်တာလား။ အပြစ်တင်တာလား။ အပြစ်ပေးတာလား။ အပြစ်မပေးတာလား။ ငါတောင် မသဲကွဲတော့ဘူး။
"ငါ့အထင်တော့ ညီမတွေ ရှိတာက ကောင်းချီးတစ်မျိုးပဲ။ ပြီးတော့ ချစ်စရာ ကောင်းပါတယ်။ မင်း အကြည့်မှားတာ နေမယ်။ ဇီဒန် ဒီအသုံးမဝင်တဲ့ ဆွေးနွေးချက်တွေ မလိုဘူး။ ခေါ်သွားတော့.. ငါ သူ့ကို အနှောင့်အယှက် မပေးချင်ဘူး"
မင်း လိုချင်တဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတာကို တိတိကျကျ ပြောသင့်တယ် မဟုတ်လား။ တစ်ခွန်းပြောလိုက် တစ်ယောက်ထွက်သွားခိုင်းလိုက်နဲ့ မင်းက ဘာလုပ်ချင်နေတာလဲ။
"နောက်တစ်ယောက်လောက် ဆွေးနွေးပေးဖို့ ဆန္ဒရှိအုံးမလား.."
လူးကပ်စ်ရဲ့ ရေပြင်ညီလို အသံကြောင့် အားလုံးက တိတ်သွားကြပြန်တယ်။ နည်းနည်း သွက်လက်တဲ့ နတ်တစ်ပါးက ထပြောတယ်။
"အာ.. ကျွန်တော်ညီမကို ကျောင်းစထားတော့ သူမက ခြေကန်ပြီး ရုန်းတယ်.. သူမ နေချင်တဲ့ ကျောင်း မဟုတ်လို့ ထင်တယ်.."
သူက တွေးတွေးဆဆနဲ့ ပြောတယ်။ လူးကပ်စ်က သူ့နားထင်ကို လက်နဲ့ ထောက်လိုက်ပြီးတော့ ခေါင်းယမ်းတယ်။
"မဟုတ်ဘူး.. ဒီကျောင်းက သူမ တက်ကို တက်ရမဲ့ကျောင်း သူမ ဖြစ်ချင်တာနဲ့ အံဝင်ခွင်ကျအောင် ဒီကျောင်းကို သူမက တက်ကို တက်ရမှာ.."
တက်ကို တက်ရမှာ ဆိုတာကြီးက မင်းအတွေးထဲမှာလေ ငါနဲ့လည်း ဘာမှမဆိုင်ဘူးလေနော်။
"နောက်တစ်ယောက် ထပ်ဆွေးနွေးပေးနိုင်မလား"
ချစ်ခင်ဖွယ်ကောင်းတဲ့ မျက်မှန်လေးနဲ့ နတ်သားတစ်ပါးက ထဖြေလာတယ်။ သူ့ကို ကြည့်ရတာ နူးညံ့လိုက်တာ။ အလင်းစစ် နတ်ဘုရားထက်တောင်မှ တောက်ပနေသလိုပဲ။
"ကျွန်တော့်ညီမကတော့ အဆိုးလေး။ သူမက ကျောင်းမတက်ချင်ဘူး။ ကျောင်းပို့ပေးတော့ ပုန်ကန်တာများ ကျွန်တော့်ညီမတောင် မလုပ်တော့ဘူးလို့ ပြောတယ်"
ပျင်းတွဲတွဲ ထိုင်နေတဲ့ လူးကပ်စ်က ကျောမတ်သွားတယ်။ ပြီးတော့ အဲဒီနတ်သားကို တည့်တည့်စိုက်ကြည့်တယ်။ မျက်မှန်လေးက နဖူးကနေ ချွေးတွေ ထွက်လာတော့မလိုပဲ။ အဲဒါနဲ့ ငါ လူးကပ်စ်အနားကို တိုးသွားလိုက်တယ်။
"အစ်ကို မင်းသူများကို စိုက်ကြည့်နေတာ.. သူ လန့်သွားအုံးမယ်.."
နူးညံ့ပြီး ချောမောတဲ့ နတ်ဘုရားတွေက ငါလေး အကြိုက်ပဲ။ လူးကပ်စ်ကြီးကြောင့် လန့်သွားတာမျိုးက မဖြစ်သင့်ဘူးလေ.. နော်။ လူးကပ်စ်က ငါ့ကို ပြုံးပြီးတော့ ကြည့်လာတယ်။ တကယ်ပါ အပြုံးကတောင် ကြောက်စရာလေး..။
လူးကပ်စ်ကို ငါက အစ်ကိုလို့ ခေါ်လိုက်တာရယ်။ လူးကပ်စ်က ငါ့ကို ပြုံးလာတာရယ်ကြောင့် ကွင်းပြင်ထဲက အခြေအနေတွေ အားလုံးက တိတ်ကျသွားတယ်။
ဟုတ်တာပေါ့။ ဒီနေရာမှာ အသက်နှစ်ရာကျော်နေတဲ့ ကျောင်းသူကို ကျောင်းအပ်ဖို့ ကြိုးစားမဲ့ နတ်မင်းဆိုလို့ ကျပ်မပြည့်တဲ့ လူးကပ်စ်ပဲ ရှိမှာကိုး..။ သူများတွေအတွက်တော့ အထူးအဆန်းကိုး။ ဒါနဲ့ ဘာလို့ ငါလေးကပါ ကျပ်မပြည့်သလို အကြည့်ခံနေရတာလဲ။
"ဟုတ်တယ်။ ညီမတွေက ပုန်ကန်ရင် ဘယ်လို စကားမျိုးမဆို ပြောထွက်တယ်။ ဥပမာ ငါ မင်းရဲ့ညီမ မဟုတ်ဘူးတို့.. ငါမင်းရဲ့ ညီမအဖြစ်ကနေ နှုတ်ထွက်တယ်တို့.. ဒီလိုမျိုးတောင်မှ ပြောထွက်တယ်.."
လူးကပ်စ်က လေသံညင်းညင်းနဲ့ အဲဒီမျက်မှန်လေး ပြောတာကို လက်ခံလိုက်တယ်။ မျက်မှန်လေးကတော့ ချွေးတွေ ကျလာတော့မလိုပဲ။ အနေအထားက တင်းကျပ်နေတယ်။ အားလုံးသော အနီးအနားက နတ်တွေက သူ့ကို ကြည့်နေကြတယ်။
သူ့ညီမက အဆိုးလေးမို့ ပြောတာပေမဲ့ ငါလေးက တကယ့်ကို မင်းညီမ မဟုတ်ဘူးလေနော် လူးကပ်စ် မင်း ငါ့စကားကို ယုံရမယ်နော်။ ငါလေးက တကယ် ဇော့ခ်နတ်မင်းရဲ့ သမီး မဟုတ်ဘူးနော်။
"ဒါနဲ့ မင်းဒါကို ဘယ်လို ဖြေရှင်းလိုက်တာလဲ.."
"ကျောင်းမှာ လိုက်စောင့်ပေးလိုက်ရတယ်.. သူ ကျောင်းမှာ အသားကျသွားတဲ့အထိ.."
လူးကပ်စ်က တိတ်ဆိတ်သွားတယ်။
"ဟုတ်သားပဲ..။ သူ ကျောင်းမှာ အသားကျသွားတဲ့အထိ ငါ လိုက်စောင့်ပေးသင့်တယ်.. မင်းနာမည် ဘယ်လို ခေါ်လဲ"
နောက်ဆုံးတော့ သူများနာမည်ကို သူ အသိအမှတ်ပြုဖို့ အတွေးရသွားတဲ့ ဟန်ပါပဲ။ လူးကပ်စ်က မေးလိုက်တော့ မျက်မှန်လေးက တံထွေးမျိုချတယ်။ လူးကပ်စ်က သူ့နာမည်ကို သိထားတာ ကောင်းလား မကောင်းဘူးလား သူလည်း ဝေခွဲမရတဲ့ဟန်ပါပဲ။
"နော်မန်.."
"ကောင်းပြီ ငါမင်းကို ငါ့ကိုယ်ရေးအရာရှိခန့်လိုက်ပြီ.."
အားလုံးသော နတ်တွေဟာ လူးကပ်စ်ကို မျက်လုံးအပြူးသား ကြည့်နေကြတယ်။ နတ်မင်းတစ်ပါးအတွက် ကိုယ်ရေးအရာရှိဆိုတာက သေချာပေါက် လိုအပ်တယ်။ ဇီချန်းနတ်မင်း၊ နေးလ်နတ်မင်းလို နတ်မင်းတွေ မပြောနဲ့ ဇီယုနတ်မင်းလို လူသားပြည်ကို စောင့်ရှောက်ရတဲ့ နတ်မင်းကတောင်မှ ကိုယ်ရေးအရာရှိ ရှိတယ်။
ဒါပေမဲ့.. လူးကပ်စ်ဆိုတာက အဲဒါတွေနဲ့ ဝေးကွာတယ် မဟုတ်လား။ သူ့အနားမှာ တခြားနတ်တွေ ရှိနေတာကို သူ မကြိုက်ဘူး မဟုတ်လား။ အားလုံးက လူးကပ်စ်ကို ယောင်အအနဲ့ ကြည့်နေမိကြဆဲ ဖြစ်တယ်။
"မင်း အိုဝင်တောင်ကို မဖြတ်ရသေးဘူး မဟုတ်လား.."
အိုဝင်တောင်ကို ဖြတ်ကျော်ပြီးတဲ့ နတ်တစ်ပါးရဲ့ အရှိန်အဝါနဲ့ မကျော်ဖြတ်ရသေးတဲ့ နတ်တစ်ပါးရဲ့ အရှိန်အဝါက ကွာခြားချက် ရှိတယ်။ မတူညီဘူး။ ဒါက နတ်တိုင်း ခံစားနိုင်တယ်။
"ဒီနှစ်ပဲ ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။ ငါ့ရဲ့ ကိုယ်ရေးအရာရှိက အိုဝင်တောင်ကိုတောင် မဖြတ်ကျော်ရသေးဘူး ဆိုရင် ကြားလို့ မကောင်းဘူး.. ဇီဒန် ကျန်တဲ့သူတွေကို ပြန်ပို့လိုက်တော့.. ငါ ကျောင်းကိစ္စ ဆွေးနွေးဖို့ ရှိတယ်.."
ငါလေး သနားညှာတာစွာနဲ့ ကျောင်းက တာဝန်ရှိသူတွေကို ဝေ့ကြည့် လိုက်မိတယ်။ အားလုံးက မျက်စိမျက်နှာပျက် နေကြတယ်။ အေးပေါ့။ သူတို့လည်း ရူးကြောင်ကြောင်နဲ့ ဘာလုပ်ခိုင်းမှန်း မသိတာကြီးကို ကြောက်မှာပေါ့။ လူကောင်းတွေက အရူးတွေကို ကြောက်ကြတာက သဘာဝကျပါတယ်လေ။
ဟုတ်တာပေါ့။ ငါလေးတောင်မှ ရူးမလို ကြောက်နေတာ။ သူတို့လည်း ကြောက်ရှာမှာပေါ့လေ။ ငါလေး စာနာပါတယ်။
@@@@@@@

About of a Consoled FairyWhere stories live. Discover now