Season 2 (Part 10)

162 30 1
                                    

ZawGyi
About of a Consoled Fairy S2
Part-10
မနက်မလင်းပါစေနဲ့ ဆုတောင်းက မပြည့်ပါဘူး။ အချိန်က တစ်ပတ်လည်ပြီးတော့ မိုးလင်းကာလကို ရောက်လာတယ်။ မိုးလင်းတာနဲ့ ပထမဆုံး အိပ်နေရာကနေ လူးလဲ ထရပ်လိုက်တယ်။ ကံကောင်းစွာနဲ့ ငါလေးအနားမှာ အိပ်ပျော်နေတဲ့သူ မရှိဘူး။
ငါလေး ထပြီးတော့ ပန်းပွင့်မွေ့ရာကနေ ဆင်းလိုက်တယ်။ နန်းတော်တစ်ခုလုံး အလင်းရောင်က တောင်ပနေပြီ ဖြစ်တယ်။ ငါလေး နိုးလာတာနဲ့ သူ့ထိုင်ခုံပေါ်မှာ လက်ရန်ကို လက်တင်ပြီ မှီထိုင်နေတဲ့ လူးကပ်စ်က မျက်လုံးတွေ ပွင့်လာတယ်။
“နိုးလာပြီလား ကျောင်းကို သွားကြမယ်”
လူးကပ်စ်က မျက်နှာသေနဲ့ အဲဒီစကားကို ပြောတယ်။ ဘာနဲ့ တူနေလဲ ဆိုတာကို ငါလေး တွေးတောင် မတွေးတတ်ဘူး။ ငါလေး ခေါင်းညိတ်ရုံပဲ တတ်နိုင်မှတော့ ခေါင်းပဲ ညိတ်ပြရုံ ရှိတော့တာပေါ့။
ငါတို့ ကျောင်းကို အတူတူ သွားတယ်။ ကျောင်းက ဆရာတွေ အားလုံးက စောင့်ဆိုင်းနေကြတယ်။ ဇီဒန်ကပါ အဲမှာ ရှိနေတယ်။ အားလုံးက ငါနိုးလာဖို့ကို စောင့်နေတယ်လို့ မပြောနဲ့နော်။ ဒါက တကယ် အားနာဖို့ ကောင်းလွန်းတယ်။
လူးကပ်စ်က ဆရာတွေ တစ်ခုချင်း ပြောသမျှကို နားထောင်နေတယ်။ မသိရင် သူက အဖေကြီး ကျနေတာပဲ။ ဆရာတွေကတော့ လူးကပ်စ် ဘာလိုချင်မှန်း သိကြဟန် မတူဘူး။
သူတို့ပြောနေတာတွေကို နားထောင်ပြီးတော့မှ ဒါက တကယ့်ကို တိုက်ခိုက်ရေး ကျောင်းပဲ ဆိုတာကို သိလိုက်ရတယ်။ ဒီကျောင်းက အရင်တုန်းက နာမည်ကြီးခဲ့ပုံလည်း ရတယ်။ ဒီကျောင်းက ဆရာတွေက ဇီဒန်နဲ့ သိနေတဲ့ ဆရာတွေ ဖြစ်တယ်။ ဆိုလိုတာက သူတို့က ကျောင်းနေဘက်တွေ ဖြစ်ခဲ့ဖူးတယ်။
“မင်းသား ဒါက တကယ်ကို တိုက်ခိုက်တဲ့အနုပညာကျောင်းပါ.. ထိခိုက်မှာ ကြောက်တတ်တဲ့သူတွေက ဒီကျောင်းမျိုးနဲ့ မသင့်တော်..”
“ငါ့ညီမလေးက လက်နက်နတ်ဘုရား ဖြစ်ချင်မှတော့ ဒီကျောင်းကပဲ အသင့်တော်ဆုံးလို့ ငါတွေးမိတာ မင်းတို့ အမြင်နဲ့ မတူဘူးလား”
မတူးဘူးလို့ ဘယ်သူကများ ပြောရဲမှာလဲ။ လူးကပ်စ်က တည်ငြိမ်အေးဆေးနေတယ်။ မတည်ငြိမ်လို့ ပြုံးလိုက်ရင် အသားမကျလို့များလား မပြောတတ်ပေမဲ့ ပိုတောင်မှ ကြောက်ဖို့ ကောင်းသွားသေးတာ။ တည်ငြိမ်နေတာလေးကမှ ကောင်းသေးတယ်။
“တူလေး.. ကျောင်းအပ်ပွဲ လုပ်နေတာဆို ဘာလို့ မင်းက ငါ့ကို မေ့နေရတာလဲ”
ချန်းနတ်မင်းက မထင်မှတ်ထားဘဲနဲ့ ရောက်လာတယ်။ အနောက်မှာ ဇီရစ်ခ်ျ နတ်မင်း ပါလာတယ်။ ငါလေး မျက်နှာ ပြုံးချို သွားမှာ သေချာတယ်။ ငါလေးကို သုံးရက်လောက် ပစ်ထားလိုက်ကြတာ ပျော်ရဲ့လားလို့ သူတို့နှစ်ယောက်ကို ပြေးပြီးတော့ မေးလိုက်ချင်တယ်။
ဒါပေမဲ့ လူးကပ်စ်က ပိုပြီးတော့တောင် တည်ငြိမ်သွားသေးတယ်။ သူက ချန်းနတ်မင်းကို တစ်ချက် ကြည့်ပြီးတော့မှ ပြောတယ်။
“ကျောင်းလာအပ်တာတော့ မှန်တယ်။ ပွဲတော့ မလုပ်ဘူး။ ဘယ်လိုလုပ် ဦးလေးကို အလုပ်ရှုပ်စေရဲမှာလဲ။ လူးကပ်စ်က သိတတ်တဲ့တူတော်ပါ..”
တော်သေးတယ် မင်းက ပွဲမလုပ်တာ။ မသိရင် မြင့်မြတ်တော်ဝင် တစ်ခုလုံး ဒီကို ရောက်လာတော့မယ်။
“ကျောင်းအပ်မှာက သူ့ကိုလား.. သူက နည်းနည်း အသက်အရွယ်ရနေပြီလို့ ဒီဦးလေးတော်က တွေးမိတယ်..”
ချန်းနတ်မင်းက ငါ့အနားကို ကပ်လာပြီးတော့ လက်ထဲက လနှင်တံကို ငါ့ဆီ ထောက်ပြီး ပြောလာတယ်။ လနှင်တံ ဆိုတာက လကို ထိန်းကျောင်းတဲ့ နှင်တံ ဖြစ်တယ်။ ထိပ်ဖျားမှာ တခြားနှင်တံတွေနဲ့ မတူဘဲ လခြမ်းကွေးလေးနဲ့ အရိုးတံ တိုတိုနှင်တံ ဖြစ်တယ်။ လနှင်တံကို လနတ်ဘုရား အဆက်ဆက် အသုံးပြုတယ်။
အခု လနှင်တံကို လက်ရှိလနတ်ဘုရား ဇီချန်က အသုံးပြုတယ်။ ဇီချန်က ချန်းနတ်မင်းပဲ ဖြစ်ပြီးတော့ သူက တခြားသော တာဝန်တွေပါ ရှိသေးတယ်။ သူက ငါ့အနားထိ တိုးလာပြီးတော့မှ ကိုယ်ကိုကိုင်းပြီး ခပ်တိုးတိုး ကပ်ပြောတယ်။
“မင်း ဘာလို့ လက်နက် နတ်ဘုရား လုပ်မယ် ပြောလိုက်ရတာလဲ မင်းတော့..”
ဘယ်တုန်းက ငါလေး လက်နက် နတ်ဘုရား လုပ်မယ် ပြောမိလို့လဲ။ ငါလေး လက်ဝတ်ရတနာ နတ်ဘုရား လုပ်မယ်လို့ ပြောမလို့ဟာ ငါလေးမှ စကားအဆုံးထိ ပြောခွင့် မရှိတာ ဘာတတ်နိုင်မှာလဲ။ ငါလေး ချန်းနတ်မင်းကို ခေါင်းယမ်းပြလိုက်မိတယ်။
“ငါ တစ်ခါမှ မပြောဖူးဘူး။ သူ့ဖာသာ နားကြားမှားပြီး ရှင်းပြလို့လည်း မရဘူး..”
ချန်းနတ်မင်းက စိတ်ပျက်လက်ပျက် ဟန်နဲ့ မျက်လုံးတွေ မှိတ်ချသွားတယ်။ သူ့တူတော် ကျပ်မပြည့်တာ သူလည်း သိတယ် ထင်တယ်။ ငါလေးကို အပြစ်မတင်တော့ဘူး။ သူက လနှင်တံကို သူ့လက်ဖဝါးမှာ ထိပ်ဖျားလေးကို ခေါက်လိုက်ပြီးတော့ ပြောတယ်။
“လူးကပ်စ်က ဖြေရှင်းချက်လို ဟာမျိုးကို မကြိုက်ဘူး။ သူက ရှင်းပြလို့ မရတဲ့ လူစားမျိုးပဲ..”
“မင်း အဲဒါကို သိသေးတယ် မဟုတ်လား ဒါဆို ငါ့ကို သူ့လက်ထဲကနေ မြန်မြန် ကယ်ဖို့ နည်းလမ်းရှာတော့..”
ချန်းနတ်မင်းက ငါ့ကို သနားစဖွယ်ကြောင်လေးကို ကြည့်တဲ့ အကြည့်နဲ့ ကြည့်လာတယ်။ ပြီးတော့ ပုခုံးလေးကို အသာပုတ်တယ်။
“ငါ့ကို အပြစ်မတင်နဲ့ မင်းရဲ့ ဆွဲဆောင်မှုကို မင်းဖာသာ အပြစ်တင်သင့်တယ်။ မနေ့တစ်နေ့ကအထိ မြင့်မြတ်တော်ဝင်ကို မလိုချင်တဲ့သူက ဒီနေ့မှာ လိုချင်သွားပြီ ဆိုတော့.. ဒါက ကောင်းတဲ့အရာပဲ မဟုတ်လား”
ဒါဆို ငါကရော။ ငါက တစ်သက်လုံး သူ့ညီမလေး အဖြစ်နဲ့ သူလုပ်သမျှ ကျပ်မပြည့်တာတွေကို လိုက်လုပ် ပေးနေရမလား။
“ငါ သူ့ကို လူပြည်ပို့တဲ့ အစီအစဉ်က တစ်ဝက်လောက် ကျဆုံးရင်တောင် တစ်ဝက်က အောင်မြင်သွားတယ် မဟုတ်လား”
ဒါပေမဲ့ မင်းအစီအစဉ်မှာ ငါ့ကို အသုံးချနေတာချည်းက မှားနေတာလေ။
“အဲဒါတွေ အကုန်လုံးက ငါနဲ့ မဆိုင်ဘူး မဟုတ်လား။ မင်းသူ့ကို ချောမောလှပတဲ့ နတ်ဘုရားမတွေနဲ့ မိတ်ဆက် ပေးသင့်တယ် မဟုတ်လား။ ဘာလို့ ငါ့ကိုလဲ။ မဟုတ်ရင် သူတို့ အခု သစ္စာရေစင်တောင် အတူတူ ခပ်ပြီးလောက်ပြီ”
ငါရွဲ့ပြောလိုက်တော့ ချန်းနတ်မင်းက တိုးတိုးရယ်တယ်။
“လူးကပ်စ်သာ လက်ခံရင် အလုပ်ဖြစ်တယ်။ သူ လက်မခံပဲ သူများသားသမီးကို ဝုန်းဆို လောင်ကျွမ်းပြာကျ သွားစေရန် ငါ့မှာ ဖြေရှင်းဖို့ ပြဿနာတွေ တစ်သီကြီး ဖြစ်သွားလိမ့်မယ်။ သူက သူသာ စိတ်ရှုပ်လာရင် ဘာမဆို လုပ်ပစ်တတ်တယ်”
“ဒါဆို ငါကရော..”
“မင်းကလား မင်းက သူ့နန်းဆောင်မှာ ညအိပ်ခွင့်ရတဲ့ ပထမဆုံးသော နတ်တစ်ပါးလေ.. မင်း စိတ်ချပါ သူ မင်းကို လောင်ကျွမ်းပစ်မှာ မဟုတ်ဘူးလို့ ငါထင်ပါတယ်”
ဒါက ထင်မြင်ချက် တစ်ခုပဲ မဟုတ်လား။ ဘယ်လိုမှ အတည်ပြုလို့ မရဘူးလေ။
“မင်း စိတ်နည်းနည်း ရှည်လိုက်ပါ..”
“ငါက ဘယ်လို စိတ်ရှည်နိုင်မှာလဲ။ ငါက စောင့်နိုင်တယ်။ ဒါပေမဲ့ ငါ့အသက်က မစောင့်နိုင်ရင်ကော..”
“မင်းက ငယ်ပါသေးတယ်.. ဘယ်လိုလုပ် မင်းအသက်က မစောင့်နိုင်ရမှာလဲ”
ငါက ငယ်သေးပေမဲ့ ငါ့အသက်က တစ်ခုပဲ ပါတာတွေ ငါ့က ခေါင်းကိုးလုံးနဲ့ မြွှေနဂါးမှာ မဟုတ်တာ။ အသက်ကိုးခု ဘယ်နားကနေ ရလာမှာလဲ။
“ဦးလေးတော်နဲ့ ညီမလေးက သိနေကြတာလား..”
ငါတို့ နှစ်ယောက်လုံး ခေါင်းချင်းဆိုင်ပြီး ပြောနေကြရာကနေ လူးကပ်စ်ကို လှည့်ကြည့်လိုက်မိကြတယ်။ လူးကပ်စ်က ငါတို့ဘက်ကို လှည့်ကြည့်နေတယ်။ ငါလေး ဆတ်ခနဲ တုန်ယင်သွားတယ်။ သူက ခုနတုန်းက တည်ငြိမ် အေးဆေးနေတာပါ။
အခုကျတော့ ဘာလို့ ချက်ချင်းကို အေးစိမ့်ပြီးတော့ မကျေမချမ်း ဖြစ်သွားပုံ ရနေတာလဲ။ ငါလေး ချန်းနတ်မင်း အနောက်ကို ရောက်သွားတယ်။ အနောက်ကို သွားလိုက်ပြီးမှ ဇီရစ်ခ်ျကို မော့ကြည့်လိုက်ပြီး နှုတ်ဆက်လိုက်တယ်။
“ဟိုင်း..”
ချန်းနတ်မင်းက ရုတ်တရက် ထရယ်တယ်။
“ဟားဟား.. ဟုတ်တယ်။ သူက အရင်က လူသားပြည်မှာ တာဝန်ထမ်းဖူးတော့ ငါ့လက်အောက်မှာ အလုပ်လုပ်ဖူးတယ် ပြောရမယ်”
လူးကပ်စ်က ပိုပြီးတော့ မျက်မှောင်ကြုတ်သွားတယ်။
“သူက ချစ်မှုရေးရာ နတ်သူငယ် လုပ်ဖူးတာလား။ သူ ဒီလောက် စောစော ချစ်ကြင်သူ ရှာထားတာ မထူးဆန်းတော့ဘူး။ အရင်းအမြစ်က ဦးလေးတော်ဆီမှာ တာဝန်ထမ်းဖူးတာကိုး..”
လူးကပ်စ်က ထိုင်နေရာကနေ ထရပ်လိုက်ပြီးတော့ ငါ့အနားကို လျှောက်လာတယ်။ ပြီးတော့ ရုတ်တရက်ကြီး ငါနဲ့ ဇီရစ်ခ်ျကို ဆွဲခွာပစ်တယ်။ မသိရင် သူ့ကို ကြည့်ရတာ ငါတို့ နှစ်ယောက်ကပဲ အမြင်မတော်တာ တစ်ခုခု လုပ်မိတဲ့အတိုင်းပဲ။ သူက မျက်နှာထားတည်တည်နဲ့ ပြောတယ်။
“သူက ငယ်သေးတယ်။ မင်းတို့ ဝေးဝေး နေသင့်တယ်”
ဇီရစ်ခ်ျက လိမ္မာပါးနပ်တယ်။ ချက်ချင်းပဲ အနောက်ကို လေးငါးလှမ်းလောက် ထပ်ဆုတ်ပစ်လိုက်တယ်။ ငါလေးတော့ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရတယ်။ ငါ အသက်ပြည့်ပြီးပြီလေ။
ချန်းနတ်မင်းက အခြေအနေကို အကဲခတ်နေတယ်။ ပြီးတော့ ဇီရစ်ခ်ျကို လှမ်းကြည့်တယ်။ သူတို့က အချင်းချင်း အချိတ်အဆက် မလုပ်ထားကြဘူးလား။
ကျောင်းအပ်ခြင်းကိစ္စက လွယ်လွယ်လေးနဲ့ ပြီးသွားတယ်။ ကျောင်းက ဆရာတွေက ငါလေးကို ကျောင်းအပ်တာ လက်ခံလိုက်ကြတယ်။ လက်မခံလို့လည်း မရဘူး။ လူးကပ်စ်ကိုယ်တိုင်က အုပ်ထိန်းသူ နေရာမှာ ရှိနေမှတော့ သူတို့တွေက လက်ခံကို လက်ခံရမယ်။
ငါလေးက အလိုလို နေရင်း ကနဦးနတ်စွမ်းအင် ကျောင်းမှာ ယောင်အမ်းအမ်းနဲ့ ကျောင်းသူ ဖြစ်လာရတယ်။ ငါလေးနဲ့ ဘာမှမဆိုင်တာကြီးကို သင်ယူရပြန်အုံးမယ်။ စာသင်ကြားရခြင်းက အခုထိ ကံမကုန်သေးဘူး။ ကျောင်းအပ်တာ ပြီးသွားတော့ ချန်းနတ်မင်းက လူးကပ်စ်ကို ပြောတယ်။
“တူတော်လေး သူက အရင်က မြင့်မြတ်တော်ဝင်ကို ရောက်ဖူးပေမဲ့ နေရာအစုံကို မရောက်ဖူးသေးဘူး။ သူ့ကို မြင့်မြတ်တော်ဝင်ကို ဦးလေး လိုက်ပြပေးလိုက်မယ်”
လူးကပ်စ်က ခဏအကြာထိ တွေးနေတယ်။ အဲဒါနဲ့ ထပ်ပြောတယ်။
“တူတော်လေးက တချို့နေရာတွေမှာ မသွားလာဖူးဘူး မဟုတ်လား။ ဒီတာဝန်ကို ဦးလေးတော် ယူလိုက်ပါ့မယ်”
ချန်းနတ်မင်းက လူးကပ်စ်နဲ့ ငါနဲ့ကို ခွဲထုတ်ချင်နေတာ အသိသာကြီးပဲ။ ဒါကို ငါလေး အပြည့်အဝ ထောက်ခံတယ်။
“အစ်ကိုတော်.. မြင့်မြတ်တော်ဝင်ကို ငါလည်း သွားလည်ချင်တယ်”
ငါ ဝင်ပြောလိုက်တော့ ချန်းနတ်မင်းက ငါလေးကို ကြည့်လာတယ်။ လူးကပ်စ်က တွေဝေနေတဲ့ ဆီကနေ ခေါင်းညိတ်လာတယ်။
“ကောင်းပြီလေ သွားကြတာပေါ့.. ကျွန်တော်ပါ လိုက်ခဲ့မယ် ဦးလေး”
မရဘူး။ ငြင်းလိုက် ချန်းနတ်မင်း။ ငြင်းလိုက်။ ငါတို့နောက်ကို အမှိုက်အိတ်ကြီး သယ်လာလို့ မရဘူး။ ငါလေး စိတ်ဆန္ဒတွေပါတဲ့ မျက်လုံးနဲ့ ချန်းနတ်မင်းကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ချန်းနတ်မင်းက ငါလေးအကြည့်တွေကို လျစ်လျူရှုလိုက်တယ်။
“ကောင်းသားပဲ။ ဒါဆို ငါတို့ သွားကြစို့..”
“ပြီးတော့..”
ပြီးတော့ ဘာလဲ..။ မင်းက လိုက်လည်း လိုက်လာအုံးမယ်။ နောက်ထပ် ဘာထပ်ဖြစ်ချင် နေသေးတာလဲ။
လူးကပ်စ်က ဇီရစ်ခ်ျကို ငဲ့ကြည့်တယ်။ ပြီးတော့ မနက်တည်းက ရောက်နေပေမဲ့ စကားတစခွန်းမှ မဆိုတဲ့ နော်မန်ဘက်ကို လက်ညိုးထိုးပြီး ပြောတယ်။
“မင်းက သူ့ကို အိုဝင်တောင်ကို ကျော်ဖြတ်ဖို့ ကူညီပေးပြီး နေခဲ့.. လည်ပတ်တာက မိသားစုဝင်တွေချည်းပဲ လုပ်သင့်တယ်။ ဇီဒန်လည်း နေခဲ့”
ချန်းနတ်မင်းက တစ်ချက် အမ်းသွားပေမဲ့ ခေါင်းညိတ်လက်ခံလိုက်တယ်။ ချန်းနတ်မင်းက သူ့တူတော်ကို တစ်ချက် ကြည့်ပြီးတော့ ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ ချန်းနတ်မင်းနဲ့ ငါလေးက အရှေ့က လူးကပ်စ်က အနောက်က မလှမ်းမကမ်းမှာ လိုက်လာတယ်။
တစ်နေရာရောက်တော့ မိန်းမငယ်လေးတွေ ဆူညံနေပြီးတော့ ပျော်ရွှင်နေသံကို ကြားရတယ်။ သူတို့က ချန်းနတ်မင်းကို တွေ့တော့ လှမ်းနှုတ်ဆက်ကြတယ်။
“ချန်းနတ်မင်း ဒီလည်ဆွဲလေးက ကျွန်မနဲ့ လိုက်ရဲ့လား..”
“လိုက်တယ်.. လိုက်တယ်.. ဒီက လက်ဝတ်ရတနာတွေက ဘယ်သူနဲ့မဆိုလိုက်တယ် ဟား ဟား..”
“ချန်းနတ်မင်း ဒီနေ့ အလုပ်ရုံကို လာစစ်တာလား”
“မဟုတ်ဘူး.. မရောက်ဖူးလို့ ငါ့တူတော်ကို လိုက်ပြပေးတာ”
လူးကပ်စ်ကို အခုမှ တွေးသွားကြတဲ့ နတ်ဘုရားမတစ်သိုက်က တစ်ယောက်နဲ့တစ်ယောက် လက်တို့ပြီးတော့ အနောက် ခပ်လှမ်းလှမ်းကို တိုးဆုတ်သွားကြတယ်။
“မင်းသားလူးကပ်စ်.. မင်းသားလူးကပ်စ်..”
“သူလား.. သူများတွေ ပြောသလို သူက ရုပ်မဆိုးပါဘူး။ သူက ချောသားပဲ”
“ရှုး တိုးတိုး.. သူ့ကို ဝေဖန်တာကို သူ ကြိုက်မှာ မဟုတ်ဘူး။ သူက ကြောက်စရာကောင်းပြီး ဆိုးသွမ်းတယ်ဆို..”
“သူက အေးစက်ပြီး တည်ငြိမ်နေတာပဲ။ သူ ဒီလောက်ချောမောနေမှတော့ သူဆိုးတယ် ဆိုတာက လက်ခံသင့်တယ် မဟုတ်လား..”
နတ်သမီးတွေ နတ်ဘုရားမတွေက အနောက်ကို ဆုတ်သွားပေမဲ့ သူတို့ ပြောဆိုနေသံတွေကိုတော့ ကြားနေရလေတယ်။ ငါလေး လူးကပ်စ်ကို ငဲ့ကြည့်မိတော့ လူးကပ်စ်က သူတို့ ဘက်ကို အေးစက်စက် လှမ်းကြည့်ပြီး ငါ့ဘက်ကို ပြန်လှည့်လာပြီး ပြောတယ်။
“သူတို့ ပြောတာ နားမထောင်နဲ့ သူတို့က ရူးနေကြတာ”
ဘာ..။ ငါ့အထင်တော့ မင်းကမှ ကျပ်မပြည့်တာလားလို့။ မင်း ဆိုးတယ် ဆိုတာကို ဒီနတ်လောကမှာ မသိတဲ့သူများ ရှိနေသေးလို့လား။ ငါက လိမ့်လို့ကောင်းတယ် ဆိုပြီးတော့ ရုပ်တည်နဲ့ လာလိမ့်နေတာလား။
@@@@@@

About of a Consoled FairyWhere stories live. Discover now