About of a Consoled Fairy Part-20
@@@@@@@@@@@@@@@@@ငါ ငါ့အိပ်ရာပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့တယ်။ ပြီးတော့ ငါ အဖြစ်အပျက်တွေကို အစကနေ တွေးနေမိတယ်။ ဘယ်လိုကနေ ဘယ်လို ငါ ဒီလို မြင့်မြတ်တော်ဝင်က အရှုပ်အထွေးထဲကို ပါလာမိတာလဲ ဆိုတာကို ငါ သေသေချာချာ တွေးနေရင်းက အဖြေလည်း မထွက်ပဲနဲ့ အိပ်ပျော်သွားတော့တယ်။
ငါ မျက်လုံးတွေ ပြန်ပွင့်လာတော့ နေရောင်ခြည်တချို့က ငါ့အခန်းထဲမှာတောင် ဝင်နေပြီ။ နေရောင်က ဒီလောက်တောင် ပူဖို့လိုလို့လား၊ ငါ စောင်လည်း မခြုံထားပဲနဲ့၊ နေအုံး၊ ခဏ ငါ့ကျောမှာ ဖိကပ်နေတာက..၊
“အဲရစ်လူကာ!”
“အင်း..”
ငါ့ရဲ့ အထိတ်တလန့် အသံအဆုံးမှာ အနောက်ကနေ ပျင်းရိပျင်းတွဲ ခပ်တိုးတိုး ညီးဆိုသံက ထွက်ပေါ်လာတယ်။ ငါ အထိတ်တလန့်နဲ့ ကုတင်ပေါ်ကနေ ဝရုန်းသုန်းကား ခုန်ဆင်းလိုက်မိတယ်။ အဲရစ်လူကာက ငါ့ကို မျက်မှောင်ကုတ်ပြီး ကြည့်နေတယ်။
“မနေ့တုန်းက ဘယ်လို ဖြစ်ပြီးတော့..”
“ငါ့မျက်လုံးတွေ မြင်တာနဲ့ မင်းကို မတွေ့တော့ဘူးလေ၊ အဲ့ဒါနဲ့ မင်းကို လာကြည့်ရင်းက ငါ အိပ်ပျော်သွားတာ”
အိပ်ပျော်သွားတဲ့ နေရာလေးလည်း ထည့်ပြောအုံးလေ၊ ဘယ့်နှယ့်လုပ်ပြီးတော့ သူ့အိပ်ယာလည်း မဟုတ်ပဲနဲ့။ အတွေးတွေ မလွန်ခင် ပြန်လည် ရပ်တန့်လိုက်ရပြီးနောက် သူ့အိမ် ဆိုပေမယ့် ဒါက ငါ့အခန်းဆိုပြီး နေခိုင်းထားကတည်းက ငါ့အိပ်ယာပဲလေ၊ ဒီလိုမျိုး ညကြီး ခိုးကြောင် ခိုးဝှက်နဲ့ လာနေနေတာကတော့ တစ်ဆိတ်လောက် လွန်သွားပြီ မဟုတ်လား။
“ဒီအခန်းက..”
အဲရစ်လူကာက ကုတင်ပေါ်မှ ဆင်းလာပြီးနောက် ရုတ်တရက် ငါ့ပုခုံးကို ဆွဲကာ ဖက်ထားလိုက်တယ်။ ငါ ပြောဖို့ စကားတောင် ထစ်အရုံမက အသံပင် မထွက်နိုင်တော့ပေ။ ဒါ.. ဒါမျိုးကြီး ဘယ်လို ဖြစ်ပြီးတော့ ဖြစ်သွားတာလဲ၊ အဲရစ်လူကာကြီးက ငါ့ကို အသည်းအသန် တွယ်ဖက်ထားတဲ့ အနေအထားကို ဘယ်တုန်းက အရောက်သွားတာလဲ၊