Unicode
Part-19ဘယ်သူမှမရှိတော့တာနဲ့ အိုဝင်တောင်ကြီးက သူ့ဖာသာသူ တောက်ပနေတဲ့ အလင်းတန်းတွေနဲ့ ဖြန့်ကျက်လာတယ်။ ငါလေး စိတ်ထဲမှာတော့ လက်ရှိနတ်ဆိုးလောကရဲ့အရှင်သခင် လုခ့်က လူးကပ်စ်ကို သခင်လို့ ခေါ်လိုက်သံကိုပဲ တစ်ဝဲလည်လည် ဖြစ်နေမိတယ်။
တကယ်ဆိုရင် ဒီလိုမျိုး ကိစ္စတွေကို ငါမသိသင့်ဘူးဆိုတဲ့ ခံစားချက် ဆိုးဆိုးကြီးက ငါ့ရင်ထဲမှာ ထိုးမွေနေတယ်။ ဒီအကြောင်းကို တခြားဘယ်သူတွေ သိသေးလဲ ဆိုတာ ငါမသိဘူး။
ငါ့ကို သူ့ညီမထင်ပြီးတော့ ဒီလိုကိစ္စတွေအထိပါ ပေးသိတာလား။ ဒါမှမဟုတ် မတော်တဆလား။ ဒီလိုမှ မဟုတ်သေးရင် ငါလေးက နှုတ်ပိတ်ခံရတော့မှာလား။ ဒီလိုကြီးနဲ့ မြင့်မြတ်တော်ဝင်ကနေ နတ်သူငယ်တောကို မပြန်ရဘဲနဲ့ အသက်ဆုံးရတော့မှာလား။
ငါလေးရဲ့ ကြောက်ရွံ့မှုတွေက အစကနေ ပြန်စနေပြီ ထင်တယ်။ ဒါကို ဘယ်လို လုပ်ရမလဲ။ ဒါကို ဘယ်လို ဖြေရှင်းရမလဲ။ ဘာမှမဖြစ်ဘူး။ ငါ ဒါတွေကို မမြင်သလို သဘောထားတယ် ဆိုတာကို လူးကပ်စ်သိအောင် လုပ်ရမယ်။ အဲဒါနဲ့ပဲ ငါလေးက စကားစပြောလိုက်တယ်။
“ခုနက.. ခုနတုန်းက ကိစ္စတွေကို မြင်လဲ မမြင်လိုက်ပါဘူး။ ကြားလဲ မကြားလိုက်ပါဘူး”
လူးကပ်စ်က အိုဝင်တောင်ပေါ်ကနေ တစ်နေရာကို ငေးကြည့်နေရင်းက မရယ်မပြုံးနဲ့ ငါ့ဘက်ကို လှည့်လာတယ်။ ပြောလိုက်ကာမှ အပြစ်ပေးရမယ် ဆိုပြီး သတိရသွားတာလား။ ငါ့မှတ်ဉာဏ်တွေကို ဖျောက်လိုက်မှာလား။
မှတ်ဉာဏ်ဖျောက်တဲ့ မန္တန်က ငါ့ကလေးဘဝတုန်းက မှတ်ဉာဏ်တွေကိုပါ ဖျောက်လိုက်မှာလား။ ငါ့ရဲ့ငယ်ဘဝအမှတ်တရတွေ..။ အားလုံးပဲ လှပသေသပ်ခဲ့တဲ့ အမှတ်တရလေးတွေရေ.. တာ့တာပါ။
“ညီမလေး အကြား အမြင်အာရုံ ချို့တဲ့သွားတာလား..”
ရုတ်တရက် ပြန်မေးလာတဲ့ မေးခွန်းကို ငါလေး ခပ်သွက်သွက်နဲ့ အမြန်ဆုံး ညိတ်ပြလိုက်မိတယ်။ ဟုတ်တယ်။ ချို့တဲ့လိုက်ချင်တယ်။ ချို့တဲ့သွားတာက ပိုကောင်းတယ်။