Season 2 (Part 9)

180 36 2
                                    

ZawGyi
About of Consoled Fairy S2
Part-9
ကျောင်းက တာဝန်ရှိသူတွေကို စုစည်းခိုင်းတယ်။ ပြီးတော့ သူ့ကို အားလုံးက တရိုတသေနဲ့..။ ဒီ အဖြစ်အပျက်ကို ငါ အရမ်းရင်းနှီးနေသလိုပဲ။ ငါလေး ရုတ်တရက် လူပြည်မှာ ကျောင်းအပ်တဲ့ အခြေအနေကို သတိရလိုက်မိတယ်။
ငါလေး မျက်ရည်တွေ ဝိုင်းသလိုသလိုပဲ။ ကျောင်းမှာ လူမိုက် မရှိရဘူး။ ငါ့မှာ ကိုယ်ရေးအရာရှိ ရှိလာမယ်။ ကာကွယ်စောင့်ရှောက်သူလည်း ရှိလာမယ်။ ငါ.. တကယ်ကြီး အဲရစ်လူကာကို သတိရနေတယ်။ ဒါပေမဲ့ လူးကပ်စ်က ဘယ်တော့မှ အဲရစ်လူကာ ဖြစ်လာမှာ မဟုတ်ဘူး။
သူက ဘယ်တော့မှ အဲရစ်လူကာ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။ သူက လူးကပ်စ်ပဲ။ မြင့်မြတ်တော်ဝင်မှာတောင်မှ ဘယ်နတ်မင်းကမှ မကျူးလွန်ဝံ့တဲ့ တစ်ပါးတည်းသော အလင်းစစ်နတ်ဘုရားပဲ။ ဒါက နောက်စရာ မဟုတ်ဘူး။
ရုတ်တရက် အတွေးတွေ ထွေပြားပြီးတော့ ငါလေး ငိုချင်လာတယ်။ ငါလေး ဘာကို လိုချင်ပြီးတော့ ဘာကို မလိုချင်တာလဲ ဆိုတာကို သေသေချာချာ မသိတော့ဘူး။ ငါလေး အမြင်အာရုံတွေ ရှုပ်ထွေးသွားတယ်။
တဖျတ်ဖျတ်လက်နေတဲ့ ငါ့အတောင်ပံလေးက ညိုးကျသွားတယ်။ ငါ ထပ်ပြီးတော့ စိတ်နောက်ကျိတဲ့ ရောဂါ ဖြစ်ပြန်ပြီ။ အရင်တစ်ခါက ငါလေး သုံးလလောက် ကုယူလိုက်ရတယ်။ ဒီတစ်ကြိမ်ကော ဘယ်လောက်ကြာမလဲ။
ငါက ဘာနဲ့ တူနေပြီလဲ။ အဲရစ်လူကာနဲ့ တစ်ပုံစံတည်းနီးပါး တူတဲ့ နတ်မင်းတစ်ပါးကို ဘေးနားမှာ ထား..။ အစ်ကိုလို့ ခေါ်နေရပြီးတော့ ဒါတွေအားလုံးက အတုတွေချည်းပဲ။ ငါ အဲရစ်လူကာကို ထပ်လိုချင်ရင်တောင်မှ မဖြစ်နိုင်ဘူး။ စိတ် နောက်ကျိလိုက်တာ။ ရောဂါ..ပဲ။ ကုလို့ မရတော့ဘူးထင်တယ်။ ငါ အဲရစ်လူကာကို သတိရနေတယ်။
"မင်း ကျောင်းကို အဲလောက်ထိ မုန်းတာလား.. ဘာလို့ ရုတ်တရက်ကြီး ငိုရတာလဲ"
ငါ.. ငိုနေတာလား။ ငါ မငိုပါဘူး။ ဒါမှမဟုတ်.. ငါငိုလိုက်တာကို ငါမသိတာလား။ ငိုဖို့ အကြောင်းပြချက်လဲ မရှိပဲနဲ့..။
"တော်ပြီ။ မင်း ဒီလောက်ထိ ကျောင်းတက်ရတာ မကြိုက်ရင်လည်း ဒီအစ်ကိုတော်က မင်းကို အတင်းအကျပ် ဖိအားမပေးပါဘူး"
"တော်ပြီ။ ဇီဒန် ဒီနေ့တော့ ကျောင်းကိစ္စမဆွေးနွေးတော့ဘူး.."
ရုတ်တရက်ကြီး ထသွားတော့ ငါလည်း အနောက်ကနေ လိုက်လာရတယ်။ လမ်းကျမှ လူးကပ်စ်က ပြောလာတယ်။
"မင်းပဲ လက်နက် နတ်ဘုရားမ လုပ်မယ် ပြောခဲ့တာ မဟုတ်ဘူးလား။ လက်နက်နတ်ဘုရား တစ်ပါးအတွက် တိုက်ခိုက်တာနဲ့ လက်နက်သွန်းလုပ်ဖို့ နတ်စွမ်းအင် လုံလောက်မှု ရှိဖို့ လိုတယ် မဟုတ်လား။ ကျောင်းမတက်ချင်ပဲနဲ့ ပညာသင်ယူဖို့က ဘယ်လို လုပ်လို့ ရမှာလဲ မဟုတ်ဘူးလား"
လူးကပ်စ်က ဖြည်းဖြည်းချင်း ပြောရင်းနဲ့ အရှေ့ကို လျှောက်သွားနေတယ်။ ငါလေးက အနောက်ကနေ ငြိမ်ငြိမ်လေး..။
"ဒါက ကနဦးနတ်စွမ်းအင် လေ့ကျင့်ပေးတဲ့ ကျောင်းလေးပဲလေ ဒီမှာမင်းကို နာကျင်အောင် လုပ်ရဲတဲ့သူ မရှိပါဘူး။ အစ်ကို ပြောရဲတယ်.. ဒီကျောင်းတက်ရင်းနဲ့ မင်းကို ရိုက်ရဲတဲ့သူ ဘယ်သူမှ မရှိဘူး.."
လူးကပ်စ်က ဖြည်းဖြည်းချင်း ထပ်ပြောနေတယ်။ ပိတ်ဆို့ခြင်း နန်းဆောင်လမ်းကို ရောက်လာတော့ အရှေ့မှာ သွားနေတဲ့ လူးကပ်စ်က ချက်ချင်းကြီး ရပ်ပစ်လိုက်တယ်။ ငါလေးတောင် သူ့ကျောကို ခေါင်းနဲ့ ဆောင့်မိတော့မလို အရှိန် မနည်း ထိန်းလိုက်ရတယ်။
"မင်းကို ကျောင်းမှာ ထားခဲ့တာလဲ မဟုတ်ဘူး။ မင်း ဒီလောက် စိတ်မကောင်း ဖြစ်ဖို့ လိုလို့လား။ မင်း ဒီလောက်ထိ ပုန်ကန်ရရင်တော့ တော်ပြီပေါ့။ ငါ့ညီမလေး မလုပ်ဘူးဆိုတာအထိ ပြောထွက်လာပြီးတာတောင်မှ မင်း မတော်သေးဘူးလား"
ငါလေးကို ဒေါသတကြီး ပြောလာတဲ့ လူးကပ်စ်ကို အခုမှ သတိဝင်သွားပြီး ကြည့်လိုက်မိတယ်။ ငါ ဒီနေ့ သူ့သည်းခံနိုင်ရည်ကို စမ်းသပ်လိုက်သလို ဖြစ်နပြီလား။ နောက်ဆုံးတော့ သူ့ဆီကနေ နက်ရှိုင်းတဲ့ အရှိန်အဝါတွေ ထွက်လာပြီ။
"မင်းကို ငါက အပြစ်တောင် မပေးရသေးဘူး။ မင်းက အရင် ငါ့ကို အနေခက်အောင် လုပ်နေတာလား။ ထားလိုက်တော့.. ဇီဒန် မင်းတို့ သခင်မလေး ပင်ပန်းလာတယ်။ နတ်သူငယ်ရေစင် သွားယူလာခဲ့.. သူ ရေသန့်စင်ဖို့ လိုတယ်.."
"ဟုတ်ကဲ့ပါ မင်းသား.."
ဇီဒန်က ပြတ်သားစွာ ဆိုလိုက်တယ်။ ငါ့အထင် သူတို့ ဆရာတပည့်တွေက လိုအပ်ချက် တစ်ခုခုတော့ သေချာပေါက် ရှိနေပြီ ထင်တယ်။
နတ်သူငယ်ရေစင်..။ နတ်သူငယ် ရေစင်ကို ငါလေး ရေချိုးဖို့ သုံးမယ်။ နတ်သူငယ် ရေစင်စောင့်တဲ့ အစောင့်အရှောက်တွေ သတ်လို့ ငါလေး ဆယ့်နှစ်ခါသေရင်တောင် မလွယ်ဘူး။
နတ်သူငယ် ရေစင် ဆိုတာက နတ်သခင်မတွေ အရံကြင်ရာတော်တွေနဲ့ နတ်သမီးတွေ ကျန်းမာဖို့နဲ့ လှပပြေပြစ်ဖို့ သုံးတဲ့ ရေစင် မဟုတ်လား။ ပြီးတော့ ရေစင်ကို ခံယူဖို့က သုံးနာရီမှာမှ တစ်ခွက်ရတာကို ငါက အဲဒါကို ရေချိုးဖို့ အသုံးပြုတယ် ဆိုတာက လုံးဝကို ဆီလျှော်မှု မရှိတာကြီး။
ဒါကိုသာ ဖြစ်အောင် လုပ်လိုက်ရင် ငါ့အထင် မြင့်မြတ်တော်ယင်က နတ်သခင်မတွေကို တုတ်နဲ့ထိုးလိုက်တာနဲ့ မတူဘူးလား။ တစ်ကြိမ်တည်းနဲ့ မြင့်မြတ်တော်ဝင်က အမျိုးသမီး အုပ်စုလိုက်ကြီးကို ကျူးလွန်လိုက်တာပဲ မဟုတ်လား။ ငါလေးကို ဘယ်လောက်တောင် မုန်းလိုက်မလဲ။
"မင်းသား.. ရပါပြီ.."
"ရ.. ရပြီ.."
ငါလေး အသံတွေ တုန်ယင် ထစ်အနေတယ်။
"မင်း တစ်နေကုန် အော်လိုက် ငိုလိုက်နဲ့ ပုန်ကန်နေတာ ရေချိုးပြီးတော့ အနားယူလိုက်တော့.. မင်း ပုန်ကန်ချင်တယ် ဆိုရင်လည်း မနက်ဖြန်ကျမှ ပုန်ကန်တော့.."
"ဇီဒန်.. မင်းလည်း ဒီနေ့ အနားယူလိုက်တော့.. နောက်ဆိုရင် နန်းဆောင်ထဲကို အဝင်အထွက်လုပ်လို့ ရအောင် ဒါကို ယူထား.. တခြားလူလက်ထဲ ပါသွားရင်တော့ မင်းအသက်နဲ့ပဲ အပြစ်ပေးဆပ်ရမယ်.."
လူးကပ်စ်က ဇီဒန်ဆီကို အလင်းလုံးငယ်လေး တစ်လုံး ပစ်ပေးလိုက်တယ်။ သူ့လက်ကို အလင်းပွင့်တွေ လင်းလက်စေလိုက်တာနဲ့ ရှင်းလင်းနေတဲ့ နန်းဆောင်က အဆောင်ဆောင် အခန်းခန်း ဖွဲ့တည်လာတယ်။
"ဒီနေ့ အဓိပ္ပာယ်မရှိပြောတာတွေကို နားထောင်နေရပြီးတော့ ငါလည်း ပင်ပန်းနေပြီ.. ကျောင်းကိစ္စကို မနက်ဖြန်မှ ဆွေးနွေးမယ်လို့ အကြောင်းကြားထားလိုက်ပါ.."
"ကောင်းပါပြီ မင်းသား.."
လူးကပ်စ်ဘာပြောပြော ဇီဒန် ဖြေလာမဲ့ အဖြေကို ငါတောင်မှ ရင်းနှီးနေပြီ။ ကောင်းပါပြီ မင်းသား..။ ဟုတ်ကဲ့ပါ မင်းသား..။ လုပ်ဆောင်လိုက်ပါမယ်။ နာခံလျက်ပါ။ ဒီထက် ကွဲပြားတာ တစ်ခုခု မပြောတတ်တော့ဘူးလား။ အဖြေတွေက ဒီလောက်တောင် ရိုးရှင်းနေတာလား။
"သခင်မလေး ရေချိုးပြီးရင် အနားယူရမယ်.."
ဇီဒန်က ငါ့အနားကို ကပ်လာတယ်။ မျက်နှာသေကြီးနဲ့ ပြောတယ်။ အနားယူဖို့လေးပဲ မဟုတ်လား။ ဘာလို့ ဒီလိုမျိုး အေးစက်စက်နဲ့ ကြောက်စရာ ကောင်းအောင် ပြောနေရတာလဲ။
"အနားယူရမယ်.. အနားယူရမယ်.."
ငါ လှည့်ထွက်လိုက်တယ်။
"နတ်သူငယ် ရေစင်.. ယူသွားပါ.."
ရေစင်ပုလင်းငယ်လေး တစ်လုံးကို ထုတ်ပေးလာတယ်။ ဒါလေးနဲ့ ငါက ဘယ်လို ချိုးမှာလဲ တော်သေးတာပေါ့ ဒီထဲမှာ ပါတယ် ဆိုမှ အများဆုံး ရေစက် တစ်ရာလောက်တော့.. မများဘူး မဟုတ်လား။ နည်းနည်း ခံသာသေးတယ်။
ဇီဒန်က ငါ ပြုံးလိုက်တာကို ကြည့်ပြီးမှ ပြောလာတယ်။
"ငါက နတ်သူငယ် ကျောက်စက်ရေကနေ စောင့်ယူခဲ့တာ မဟုတ်ဘူး။ နတ်သူငယ်ရေစင်တောင် ရေတံခွန် အပေါ်ကနေ သွားခတ်လာတာ.. ဒီအထဲမှာ ရေချိုးဖို့ရေ အလုံအလောက်ပါတယ်.."
"ဘုတ်.."
ငါလေး လဲကျသွားတော့တယ်။ ငါ စိတ်အေးချမ်းသွားတာ စောလွန်းသွားတယ်။ ဇီဒန်က ဘယ်သူမို့လို့လဲ။ သူ့ရဲ့ဟုတ်ကဲ့ တစ်ခွန်း ဘယ်အထိ တန်ဖိုးကြီးသလဲ။ ဟုတ်ကဲ့ဆိုရင် ဟုတ်ကဲ့ပဲပေါ့။ သူ့သခင်ကသာ နေမင်းကို အလုံးလိုက် မျိုချလိုက်ပါ ဆိုရင်တောင်မှ ဟုတ်ကဲ့ဆိုပြီး မရအရ နည်းလမ်းရှာပြီး မျိုချပစ်လိုက်အုံးမှာပဲ။ ဒါက ဇီဒန်ပဲ။ ခြားနားသွားမှာ မဟုတ်ဘူး။
သူ့ခေါင်းထဲမှာ လူးကပ်စ်ကလွဲရင် တခြားဘာမှမရှိဘူး။ လူးကပ်စ်နဲ့ပဲ ပြည့်နေမှာ..။ ငါလေး တွေးနေပေမဲ့ ကန့်လန့်ကာ ခံထားတဲ့ ရေကန်ငယ်လေးဆီကို လာခဲ့လိုက်တယ်။ ရေစင်ကရားကို ရေခန်ထဲကို သွန်လိုက်တော့ ရေကြည်ကြည်တွေက တစ်ကန်စာ အပြည့်ရှိနေတယ်။
အငွေ့မသေသေးတဲ့ ရေတွေက ရေတံခွန်ကနေ စီးကျလာနေတဲ့အတိုင်း အငွေ့ထွက်နေပေမဲ့ ရေကတော့ အေးစိမ့်နေလေတယ်။ ဝါး.. တကယ်တော့ ဒီလို အစ်ကို ရှိတာလည်း ကောင်းတာပါပဲ။ အနည်းဆုံး အသက်မသေမှာကို ပူမနေရဘူး ဆိုရင်တော့။
အသက်ရမှာကိုသာ ပူပန်နေရမယ် ဆိုရင် ဘာတွေ ဘယ်လောက် ကောင်းကောင်း အသက်လေးက လှုပ်စိစိ ဖြစ်နေမယ် ဆိုရင် ငါလေးကတော့ မလိုချင်ပါဘူးနော်။ အခုတော့ ရေကန်လေးထဲ ဆင်းရမှာကိုတောင်မှ နှမြောနေမိတယ်။ ဒီရေတွေက တန်ဖိုးကြီးတယ်။
အလှအပအတွက်တောင် တစ်စက်နှစ်စက်လောက်ပဲ သုံးကြတဲ့ နတ်သခင်မတွေသာ သိရင် ငါလေးတော့ မနာလိုခံရပြီး သေလုမတတ် မျက်စောင်းထိုးခံရတော့မှာပဲ။ နောက်ဆုံးတော့လည်း ငါလေး လိမ်လိမ်မာမာနဲ့ပဲ.. ရေကန်ထဲကို စိမ်ဝင်လိုက်တယ်။
အေးစိမ့်နေပေမဲ့ ထိလိုက်တာနဲ့ လတ်ဆတ် လန်းဆန်းတဲ့ ခံစားချက်တွေ စိမ့်ဝင်လာစေသည်။ နတ်သူငယ်ရေစင်ကတော့ နတ်သူငယ် ရေစင်ပါပဲ။ ရေထဲ ထိတွေ့သမျှက နူးညံ့ပြီးတော့ စီးမျောသွားစေခဲ့ ခံစားချက်မျိုးလေး။ တကယ် နေလို့ ကောင်းတယ်။
ရေချိုးပြီးသွားတော့ ငါလေး အသားအရေတွေ ပိုပြီးတော့ တောက်ပလာသလိုတောင် ခံစားရတယ်။ အနည်းဆုံးတော့ တစ်နေကုန် ကြောက်လန့်ပြီးတော့ မကျေမနပ် ဖြစ်ခဲ့ရတာတွေ သက်သာသွားတယ်။ စိတ်ကလန်းနေသော လူကလည်း တက်ကြွလာတယ်။
ဒီနေ့မနက်ခင်းက မအောင်မြင်ခဲ့ရတာကို လူးကပ်စ်နဲ့ သေချာဆွေးနွေးဖို့ အားအင်တွေ ပြည့်ဝလာတယ်လို့တောင် ထင်မိတယ်။ ငါလေး ပြောလိုက်တာက သေသေချာချာ တိတိကျကျနဲ့ကို သူ့ညီမ မဟုတ်ဘူးလို့ပါပဲ။
ဒါနဲ့ ဘယ်လို ဖြစ်ပြီးတော့ သူ့ဦးနှောက်ထဲမှာ အတွေးတွေက ငါလေးက ကျောင်းမတက်ချင်လို့ ပုန်ကန်တဲ့ ညီမလေး ဖြစ်သွားရတာလဲ။ သူ့ဦးနှောက်ထဲမှာ ဘာတွေနဲ့ ပြည့်နေတာလဲ။ ဒါနဲ့တောင် သူက ဘယ်လိုလုပ်ပြီးတော့ အလင်းစစ်နတ်ဘုရား စွမ်းအင်တွေကို အဆုံးထိ တတ်မြောက်သွားရတာလဲ။
ထူးဆန်းတယ်..။ ပြီးတော့ သူ့မှာ ဆရာ မရှိဘူးလို့လည်း ပြောသေးတယ်။ ငါလေး ကန့်လန့်ကာ ကန့်ထားတဲ့ ရေချိုးအခန်းလေးထဲက ထွက်လာတော့ ခန်းမကြီးက ရှင်းလင်းနေပြီး သိသာ ထင်ရှားတဲ့ ပန်းပွင့်မွေ့ရာတစ်ခုတည်းသာ ကျန်ခဲ့တော့တယ်။
အလင်းမှိန်မှိန်ဖျော့ဖျော့က ခန်းမကို ရစ်သိုင်းထားတယ်။ လူးကပ်စ်က စာအုပ်ကိုင်ထားပြီးတော့ ပန်းပွင့်လျက်တစ်ခုပေါ်မှာ လဲလျောင်းနေတယ်။ ငါ အိပ်ဖို့ကို အနှောင့်အယှက် ဖြစ်ရအုံးမှာလား။ ဘယ်အစ်ကိုကများ သူ့ညီမလေးနဲ့ တစ်ကုတင်တည်း အိပ်လဲဟင်..။ ငါလေးကို တစ်ယောက်ယောက် ရှင်းပြပေးကြပါအုံး..။
"ဒီတော့.. အစ်ကိုတော်.."
"လန်းဆန်းသွားပြီ မဟုတ်လား.. နတ်သူငယ်ရေစင်က စိတ်ကြည်လင်စေတယ်.."
လူးကပ်စ်က ငါလေး စကားစပြောတာနဲ့ သူ့လက်ထဲက စာအုပ်ကို ချလိုက်တယ်။ ဒီစာအုပ်က ကလေးများ ပြုစုထိန်းကျောင်းဖို့ ဇီဒန် ယူလာတဲ့ စာအုပ် မဟုတ်လား။ ဒီလိုစာအုပ်ထဲက နည်းလမ်းတွေအတိုင်း ငါလေးကို လေ့ကျင့်ပေးဖို့ကို အတည်ကြီး လုပ်နေတာလား။
"ဒါပေမဲ့ နတ်သူငယ်တောင်က ရေတံခွန်ပေါ်ကို ဘယ်နတ်ဘုရားကမှ တက်မယူကြဘူးလေ.."
ငါလေး တိုးတိုးလေး သတိပေးလိုက်မိတယ်။ ရေကို သုံးပြီးသွားပေမဲ့ နောက်တစ်ကြိမ် ဆိုရင်တော့ မသင့်တော်ဘူးလေ။
"ရေတံခွန်ကနေလား.. တောင်ထွတ်ကနေ မဟုတ်ဘူးလား.. ဇီဒန်က အပါးခိုးတာပဲ.."
"တောင်.. တောင်ထွတ်.. ဆိုတာက.. ဆေးဖော်ဖို့ အသုံးပြုတဲ့ ရေစင် မဟုတ်လား.."
နတ်သူငယ်တောင်မှ အဆင့်သုံးဆင့် ရှိတယ်။ အနိမ့်ဆုံးက ကျောက်စက်ရေပဲ.. နည်းနည်းပဲ ကျပြီးတော့ အလှအပအတွက် အသုံးပြုခွင့်ပေးတယ်။ ရေတံခွန်ကကျတော့ ဒုတိယအဆင့်လို့ ပြောလို့ ရမယ်..။ ဒါပေမဲ့ ဒါကို တားမြစ်ထားတယ်။ နတ်သူငယ်ရေစင်က ရှားပါးတာမျိုး မဟုတ်ပေမဲ့ အလွန်အမင်း အသုံးပြုခြင်းကို တားမြစ်ထားတယ်။ တရားလွန် မသုံးရဘူး။
အမြင့်ဆုံးကတော့ တောင်ထွတ်က ရေစင်ပဲ။ တောင်ထွတ်မှာ ဆေးဖော်စပ်ဖို့ အသုံးပြုတဲ့ ရေစင် ဖြစ်တယ်။ အဲဒီ တောင်ထွတ်က ရေစင်က အမြင့်မြတ်ဆုံးနဲ့ အစင်ကြယ်ဆုံးဆိုတာပဲ ကြားဖူးတယ်။ အကြောင်းအရင်းတွေ အများကြီးတောင် ငါလေးတို့ မသိနိုင်ဘူး။ ဒါကို..။
"တောင်ထွတ်ကရေနဲ့ ရေတံခွန်ကရေမှာ ကွာခြားချက် ရှိတယ်.. တောင်ထွတ်က ရေစင်ကို တစ်ကြိမ် ချိုးထားပြီးရင် တစ်လလောက်တောင့် မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ထိခိုက်မိပြီးတာနဲ့ စက္ကန့်ပိုင်းအတွင်း ပြန်သက်သာစေတယ်.. ဒါပေမဲ့ ရေတံခွန်က ဆိုရင်တော့ မိနစ်ပိုင်းလောက် ကြာမယ်.. ဇီဒန် ဘယ်လိုလုပ်ပြီး အပါးခိုရဲတာလဲ.."
ငါလေး ခပ်မြန်မြန် ပြောလိုက်တယ်။ တော်ကြာနေကျရင် ဇီဒန်ကို ခေါ်ပြီး ပြောဆိုနေမှဖြင့် ဇီဒန်က သူ့သခင်လေးကို ဘာမှမပြောဘူး။ ဒါပေမဲ့ ငါလေးကိုတော့ တစ်ခုခု မလုပ်ဘူး မပြောနိုင်ဘူး။
"ဒီနေ့ ပြောစရာ ရှိတယ်.."
"ကောင်းပြီ ပြောလေ.."
လူးကပ်စ်က ငါ့စကားကို အာရုံစိုက်ဟန်နဲ့ လဲအိပ်နေရာကနေ ထထိုင်လိုက်တော့ သူ့ရင်ဘတ်က ဝတ်ရုံစက လှစ်ဟာ လျောကျသွားတယ်။
သောက်ကျိုးနဲ.. ဒါက မြူဆွယ်ခံရတာပဲ။ ငါလေးက အသက်ပြည့်ပြီးသား.. အသက်ပြည့်ပြီးသားဟဲ့..။ နင်က ငါလေး အစ်ကိုလည်း မဟုတ်ဘဲနဲ့.. ပြီးတော့ ချောမောနေသေးတယ်။ ငါလေးရဲ့ အသိတရားတွေကို ချို့ယွင်းအောင် လုပ်နေတဲ့အတိုင်းပဲ..။
"ပြောစရာက ဘာလဲ.."
"ဟမ်.. အင်း.."
သွားပါပြီ ငါ့အသိတရားတွေတော့..။ ဒီလိုသာ ကြာကြာနေရရင် ငါလေး တကယ် အစေခံ ဖြစ်သွားလိမ့်မယ်။
"တကယ်တော့.. ငါက နင့်ရဲ့.."
ညီမလေး မဟုတ်ဘူး..။
"ဖောင်း.."
လူးကပ်စ်ရဲ့ လက်ထဲမှာ အလင်းလုံးတစ်ခုက ပေါ်လာပြီးတော့ ပေါက်ကွဲသံ သဲ့သဲ့နဲ့အတူ အလင်းမှုန်တွေက နေရာအနှံ့ ပြန့်ကျဲသွားတယ်။ ငါလေး စကားလည်း တစ်ဝက်နဲ့တင် ရပ်သွားပြီးတော့.. ကျန်တဲ့ တစ်ဝက်ကို ပြန်မျိုချလိုက်ရတယ်။
လူးကပ်စ်က ငါလေးကို စောင်းကြည့်လာပြီးတော့ ပန်းပွင့်ချပ်ပေါ်ကနေ ဆင်းလိုက်တယ်။
"ညီမလေး.. ဒီတစ်ရက်တည်းနဲ့ အစ်ကိုတော် စိတ်ရှုပ်စရာ စကားတွေ အများကြီးကို ကြားခဲ့ရပြီးတော့.. ဆူညံသံတွေ အများကြီးကို ဆက်တိုက် နားထောင်ခဲ့ရတာ.. တကယ်လို့ ပြောစရာ ရှိရင် မနက်ဖြန်မှ ပြောမလား.. ပုန်ကန်တာက ဆက်တိုက်ဆိုရင် ဒီကလေးကို သေချာပေါက် အပြစ်ပေးသင့်တယ်လို့ ရေးထားတယ်.. အဲဒီအတိုင်း လုပ်မလား.."
ငါလေး ခေါင်းယမ်းလိုက်မိတယ်။ မလုပ်ဘူး..။ ငါလေးက ဘာလို့ အဲဒီအတိုင်း လုပ်ရမှာလဲ။ ဒီစာအုပ်ကို ဘယ်သူ မှတ်တမ်း ရေးထားခဲ့တာလဲ။ ငါနဲ့တွေ့မယ်။
"ဒါဆို မနက်ဖြန် ညီမလေး ကျောင်းသွားဖို့ အသင့်ပဲလား.."
ငါလေး ခေါင်းညိတ်လိုက်ရတယ်။ ငါလေး သူ့လက်ထဲက အလင်းလုံးလေးလိုမျိုး တစ်စစီ ကွဲကြေသွားတာ မဖြစ်ချင်ဘူး။ ငါလေးက သိပ်ပြီးတော့ သနားဖို့ ကောင်းတာပဲ..။
"ဒါဆို လာအိပ်တော့လေ.."
ငါလေး ပန်းပွင့်ချပ်ပေါ်ကို တက်လိုက်တယ်။ လူးကပ်စ်က တခြားငါလေး အနားမှာ လာထိုင်ပြီးတော့ တိုးတိုးပြောတယ်။
"မကြောက်နဲ့ အစ်ကိုတော် အချိန်တိုင်း ညီမလေးကို စောင့်ရှောက်ပေးမှာ.."
မင်း စောင့်ရှောက်ပေးမှာကို အကြောက်ဆုံးပဲ။ မင်း စောင့်ရှောက်ပေးမှာလောက် ငါလေး တခြားအရာတွေကို မကြောက်ဘူး။ တခြားအရာတွေက ကျိုးကြောင်းဆီလျှော်သေးတယ်။ မင်းက မဆီလျှော်ဘူး။
@@@@@@

About of a Consoled FairyOù les histoires vivent. Découvrez maintenant