ZawGyi
About of a Consoled Fariry S2Part-12
“မြန်မြန် လာထိုင်..”
သူက နည်းနည်း စိတ်မရှည်တဲ့ အသံထွက်လာတော့ ငါလေး အတွန့်မတက်တော့ဘဲနဲ့ ပြေးထိုင်လိုက်တယ်။ ထိုင်လိုက်ပြီးမှ လူးကပ်စ်ကို လှည့်ကြည့် လိုက်တယ်။
လူးကပ်စ်ရဲ့ လက်ထဲမှာ ခေါင်းမှာ တပ်တဲ့ စိုက်ဘီးလိုမျိုး သုံးချောင်းပါ ဆံထိုးကို မြင်လိုက်တော့မှ ငါလေး တအံ့တသြ ဖြစ်သွားမိတယ်။ ဒါကို ဘယ်တုန်းက ယူလာပါလိမ့်..။ သူ ဘာလုပ်ချင်တယ် ဆိုတာကို ငါလေး မသိသေးတာတော့ မဟုတ်ဘူး။
သူက လက်ကို မြောက်လိုက်ပြီးတော့ ဆံထိုးကို ငါလေး ခေါင်းအလယ် တည့်တည့်မှာ ထိုးစိုက်လိုက်တယ်။ ငါ့ဆံပင်လေးတွေက ကွေးကွေးလိမ်လိမ်လေးတွေလေ။ ဒါကြီးကို ခေါင်းအလယ်တည့်တည့်မှာ ထိုးချလိုက်တော့ ငါလေးက မတရားတွေ လှသွားရောလား။
ဒီ ကျပ်မပြည့်တဲ့ လူးကပ်စ်ကတော့..။ ငါလေး အငိုမျက်လုံး အပြုံးမျက်နှာတောင် ဖြစ်သွားတယ်။ ဆံထိုးကို ခေါင်းအလယ်တည့်တည့်မှ ထိုးရတယ်လို့ သူ့ကို ဘယ်သူကများ ဟောပြော လမ်းညွှန်ပြပေး လိုက်တာလဲ မသိဘူး။
“မင်း ဒါကို ရချင်တာ မဟုတ်လား”
ငါလေး တစ်ခါမှ မပြောမိပါဘူး။ လှလို့ နှစ်ခါလောက် ကြည့်လိုက်မိရုံတင်လေးပါ။ ငါလေး မငြင်းနိုင်ခင်မှာပဲ လူးကပ်စ်က ပလ္လင်ကို မှီလိုက်ပြီးမှ ဆက်ပြောတယ်။
“တစ်စုံတစ်ယောက်က တစ်နေရာရာကို ဆယ်စက္ကန့်ထက် ပိုကြာကြာ ကြည့်မိဖို့က အကြောင်းအရင်း သုံးချက် ရှိတယ်။ တစ် မင်းသူ့ကို ပစ်မှတ်ထားနေလို့ မုန်းလို့။ နှစ် မင်း သူ့ကို ပစ်မှတ်ထားနေတာ သဘောကျလို့။ သုံး မင်း တာဝန်အရမို့လို့။ ဒါပေမဲ့ တာဝန်ဆိုတာလည်း မရှိသလို မင်းကလည်း သူ့ကို မုန်းနေစရာ မရှိမှတော့ မင်း ဒါကို သဘောကျတာပဲ ဖြစ်မယ်လေ”
သဘောကျသွားတယ်..။ သဘောကျသွားတာက မိန်းကလေးပဲဟာကို.. လက်ဝတ်ရတနာလေး မြင်ရင် လှလိုက်တာ ဆိုပြီး သဘောကျတာက သဘာဝပဲဟာကို။ ဒါကို မရအရ ဆွဲယူလာစရာ မလိုဘူးလေနော်။