Unicode Version
ထူးဆန်းတဲ့အဖိုးအိုနဲ့ဆုံဖြစ်ခြင်း
ထမင်းစားချိန်ရောက်တော့မသဇင်နွယ်ကရွက်ကြွေနဲ့နေ့တေးဆိုကိုပါခေါ်ကာရုံးကန်တင်း၌ထမင်းသွားစားသည်။ရုံးကန်တင်းသည်ကားပါကင်အဆောက်အအုံ၏အပေါ်ထပ်တွင်ရှိသည်။နေ့လယ်စာထမင်းစားပြီးရွက်ကြွေတို့သုံးဦးသားကိုယ့်ရုံးခန်းသို့ပြန်လာခဲ့သည်။ဓာတ်လှေကားထဲအဝင်တွင်HRကမသစ္စာနဲ့ရွက်ကြွေတို့ဆုံဖြစ်ကြသဖြင့်
"သဇင်တို့စားပြီးကြပြီလား။"
"ဟုတ်တယ် မသစ္စာ သဇင်တို့အခုပဲပြန်လာကြတာ ဒါနဲ့ရွက်ကြွေကဝန်ထမ်းကတ်ယူစရာရှိတယ်ဆို။"
မသစ္စာအမေးကိုမသဇင်နွယ်ကပြန်ဖြေရင်းရွက်ကြွေကိုပါသတိပေးသည်။
"ဟုတ်တယ်။"
"ဒါဆိုအခုပဲအစ်မနဲ့လိုက်ခဲ့ပေါ့။"
ရွက်ကြွေပြန်မဖြေခင်မသဇင်နွယ်ကိုတစ်ချက်ကြည့်မိတော့မသဇင်နွယ်ကလိုက်သွားဆိုသောအမူအရာပြသဖြင့်
"ဟုတ် ရွက်ကြွေလိုက်ခဲ့မယ် အစ်မ။"
ဟုရွက်ကြွေပြန်ဖြေလိုက်သည်။၃လွှာသို့အရောက်တွင်မသဇင်နွယ်နဲ့နေ့တေးဆိုတို့ကဆင်းသွားပြီးရွက်ကြွေကတော့မသစ္စာနောက်သို့လိုက်လာခဲ့သည်။မသစ္စာကသူ့ရုံးခန်းထဲဝင်ကာစားပွဲပေါ်မှဝန်ထမ်းကတ်ကိုရွက်ကြွေထံလှမ်းပေးရင်း
"ဒီမှာဝန်ထမ်းကတ် ယူနီဖောင်းကတော့နောက်အပတ်ထဲမှတိုင်းတဲ့လူတွေလာမှာ။ ဆိုတော့ ယူနီဖောင်းမရခင်အထိအခုလိုလဲဝတ်လို့ရတယ်။"
မသစ္စာကရွက်ကြွေဝတ်ထားသောအဝတ်အစားကိုကြည့်ရင်းပြောသည်။ပြီးမှ
"စကားစပ်မိလို့ပြောရအုံးမယ်။ နောက်အပတ်ထဲမှာပဲကိုယ့်အလွှာမှာကိုယ်ပြန်လုပ်လို့ရပြီလို့သဇင်ကိုပြောလိုက်ပါအုံး။"
"ဟုတ် ရွက်ကြွေပြောလိုက်ပါ့မယ်။"
"ကောင်းပြီ"
မသစ္စာကပြောရင်းရွက်ကြွေလက်ထဲဝန်ထမ်းကတ်နဲ့စာရွက်စာတမ်းအချို့ကိုထည့်ပေးသဖြင့်ရွက်ကြွေယူလိုက်ပြီးမသစ္စာကိုနှုတ်ဆက်ကာရုံးခန်းသို့ပြန်လာခဲ့သည်။ရုံးခန်းထဲရောက်သော်လည်းရွက်ကြွေကိုယ့်နေရာတွင်ဝင်မထိုင်ဖြစ်ပဲမသဇင်နွယ်ဆီသို့သွားလိုက်ကာမသစ္စာမှာသောစကားကိုပြန်ပြောပေးတော့
"မသစ္စာစကားကြောင့်ရွက်ကြွေရှုပ်သွားသလား။"
"အမှန်အတိုင်းပြောရရင်ရွက်ကြွေအဲစကားကိုနားမလည်ပါဘူး။"
"အင်း ရွက်ကြွေကဒီနေ့မှဝင်တာဆိုတော့ဘယ်သိမလဲ။ အစ်မပြောပြမယ်။ အစ်မတို့ရုံးခန်းကတကယ်တော့၈လွှာမှာ။ဒီ၃လွှာမှာကကန်တင်း။ ဒအခု၈လွှာအပါအဝင်အပေါ်အလွှာတွေကပြင်ဆင်ရေးလုပ်နေလို့နေရာတွေရွေ့နေရတာ။အစ်မတို့ကို၃လွှာပို့ထားတော့ကန်တင်းမှအလိုလိုနေရာရွေ့သွားတာပေါ့။ ဒါပေမယ့်မသစ္စာစကားအတိုင်းဆိုရင်အစ်မတို့နောက်အပတ်လောက်၈လွှာကမူလရုံးခန်းကိုပြန်သွားလို့ရလောက်ပြီထင်တယ်။"
"ဟုတ်ကဲ့ ရှင်းပြပေးတော့နားလည်သွားပါပြီ။"
"ကဲ ဒါဆိုအလုပ်ဆက်လုပ်ကြရအောင်။"
"ဟုတ်ကဲ့။"
ရွက်ကြွေပြောပြီးသည်နှင့်မသဇင်နွယ်ရုံးခန်းမှထွက်လာကာကိုယ့်နေရာတွင်ထိုင်ရင်းလုပ်လက်စများကိုသာဆက်လုပ်နေသည်။