Unicode Version
အခန်း - ၃၉
သူတို့နှစ်ယောက်ကြားကတစ်ခုခု
"လမ်းလျှောက်ကပြန်လာတာလား အစ်ကို။"
"ဆိုပါတော့။ ဒါနဲ့မင်းကရောစောစောစီးစီး ဘယ်သွားမလို့လဲ။"
"စိတ်ပြေရာတစ်နေရာရာသွားမလားလို့စဥ်းစားမိလို့လေ။ သွားတော့မယ်ဗျာ။"
ညီအငယ်ဆုံးဖြစ်သောစိုးမိုးထိုက်စကားကိုစိုးမိုးနိုင်ကခေါင်းညိတ်ပြခြင်းဖြင့်ပြန်ဖြေလိုက်ချိန်တွင်စိုးမိုးထိုက်တစ်ယောက်စားသောက်ခန်းတွင်းမှထွက်သွားသည်။
"ကိုယ့်ကိုလည်းတစ်ပွဲလောက်ပြင်ပေးပါလား။"
"ရမယ် ခဏတော့စောင့်။"
ခင်ပွန်းဖြစ်သူစိုးမိုးနိုင်၏စကားကိုနှင်းပွင့်ဖြူပြန်ဖြေပြီးမီးဖိုချောင်ခန်းသို့ဝင်သွားသည်။ခဏအကြာတွင်ပြင်ဆင်ပြီးသောနန်းကြီးသုပ်တစ်ပွဲကစိုးမိုးနိုင်ရှေ့ရောက်လာသည်။ စိုးမိုးနိုင်အတွက်ပန်းကန်များချပေးပြီးသည်နှင့်နှင်းပွင့်ဖြူတစ်ယောက်အရင်စားပြီးပန်းကန်များကိုထပ်ကာသိမ်းနေသည်ကိုတွေ့သောစိုးမိုးနိုင်က
"ပန်းကန်တွေကိုအခြားသူတွေလာသိမ်းခိုင်းလိုက်ပြီး ကိုယ်နဲ့စကားဘာလေးပြောဖော်ရှိနေပေးပေါ့။"
"စကားပြောဖော် ဟုတ်သားပဲ ကျွန်မတို့စကားမပြောဖြစ်တာကြာပြီပဲ။ ဘာအကြောင်းပြောကြမလဲ။ ဖြူတို့ကလေးကိုဘာလို့အခုထိရှာလို့မတွေ့ရတာလဲ။"
နှင်းပွင့်ဖြူကပြောသည့်စကားအဆုံးတွင်စားနေသောစိုးမိုးနိုင်၏လက်များရပ်တန့်သွားပြီး
"ဒဏ်ရာတွေကိုပဲဘာလို့ခဏခဏပြန်ဖော်ချင်နေရတာလဲ။ သုံးလ မဟုတ်ဘူး သုံးနှစ်ဆက်တိုက်ရှာတာတောင်သတင်းအစအနမရတာသေချာပေါက်ကို ကိုယ်တို့ကလေးလောကကြီးထဲမရှိတော့လို့ပေါ့။ ဖြူရယ် ကိုယ်လည်းမင်းနည်းတူသမီးလေးအကြောင်းပြောရင် ရင်နာရပါတယ်။ အဲဒါကြောင့် ကိုယ်အတတ်နိုင်ဆုံးမပြောပဲနေနိုင်အောင်ကြိုးစားခဲ့တာ။"