Unicode Version
အခန်း - ၃၀
စက်ကွင်းဆေးရုံဆင်းတဲ့နေ့။"ဖြည်းဖြည်း စက်ကွင်း။"
"ဒီလောက်တော့ရပါတယ် အစ်ကိုရ။"
အစ်ကိုဖြစ်သူစက်ဝန်း၏စိတ်ပူစွာဆိုလာသောစကားကိုစက်ကွင်းပေါ့ပေါ့ပါးပါးပြန်ဖြေရင်းလူနာကုတင်ပေါ်ထိုင်ချလိုက်သည်။
"တော်သေးတာပေါ့ ခြေထောက်တွေ၊ဘာတွေမထိသွားလို့။"
စက်ဝန်းကစိတ်သက်သာစွာပြောရင်းလူနာစောင့်ထိုင်ခုံကိုယူကာစက်ကွင်းရှေ့ဝင်ထိုင်လိုက်သည်။
"ကျွီ"
"လာပါ ဒေါက်တာ။"
တံခါးဖွင့်သံနဲ့အတူလူနာခန်းထဲဝင်လာသောဆရာဝန်ကြောင့်စက်ကွင်းကြိုဆိုစကားဆိုလိုက်တော့စက်ကွင်းရှေ့ထိုင်နေသောစက်ဝန်းကလူနဲ့အတူထိုင်ခုံကိုပါဘေးသို့ကပ်လိုက်ပြီး
"ကျွန်တော့်ညီလေးရဲ့အခြေအနေလေး။"
"ထွက်လာတဲ့စစ်ဆေးချက်အဖြေကိုကျွန်တော်လာပြောပြတာပါ။ ကိုညို့စက်ကွင်းရဲ့စစ်ဆေးချက်မှတ်တမ်းတွေအားလုံးကောင်းမွန်ပါတယ်။
ခြေထောက်လေ့ကျင့်ခန်းမှာလည်းအတော်အသင့်ကောင်းမွန်အောင်ပြုလုပ်နိုင်တာကိုကျွန်တော်တို့တွေ့ရှိရပါတယ်။ အဲဒါကြောင့်ကိုညို့စက်ကွင်းကတွေးထားတဲ့ရက်ထက်ပိုစောပြီးဒီနေ့ပဲဆေးရုံကဆင်းလို့ရပြီဖြစ်ကြောင်းလာပြောပြတာပါ။""ကျေးဇူး ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ"
ဆရာဝန်၏စကားအဆုံးတွင်စက်ဝန်းကဆရာဝန်ကိုကျေးဇူးတင်ကြောင်းပြောရင်းစက်ကွင်းကိုဝမ်းသာစွာကြည့်လာသည်။
"ဆေးရုံဆင်းခွင့်အမြန်ရတဲ့အတွက်ဝမ်းသာပါတယ် ငါ့ညီလေး။ ဒေါက်တာတို့ကိုလည်းထပ်ပြီးကျေးဇူးတင်ပါတယ်ဗျာ။"
စက်ဝန်းကစက်ကွင်းကိုပြောရင်းဆရာဝန်ကိုပါထပ်မံကျေးဇူးတင်စကားဆိုလိုက်တော့
"ကျေးဇူးတင်စရာမလိုပါဘူး ဒီလိုကုသမှုပေးရမှာကျွန်တော်တို့အလုပ်ပဲကို။ ဆေးရုံဆင်းဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတော့သူနာပြုဆီမှာအကူအညီတောင်းကြည့်လိုက်ပါ။ ဒါဆိုကျွန်တော်လူနာကြည့်ဖို့ရှိသေးလို့ ကျွန်တော်ကိုခွင့်ပြုပါ။"