Unicode Version
ကျွန်တော်ခေါင်မိုးထပ်ကနေအောက်တွင်လျှောက်သွားနေသောလူများကိုကြည့်နေရင်းပျင်းလာသဖြင့်ကျွန်တော်ခေါင်မိုးထပ်မှတိုက်အောက်သို့ဆင်းလာခဲ့သည်။မနက်ပိုင်းအချိန်ဖြစ်၍လမ်းတွင်လူစည်နေသည်။အဖြူအစိမ်းကျောင်းသားကျောင်းသူများ၊သူတို့ကိုလိုက်ပို့သောမိဘများ၊အလုပ်ခွင်သို့ဝင်ဖို့သွားနေကျသောလူများစသဖြင့်လမ်းသည်စည်းကားနေသည်။ကျွန်တော်ဘယ်သွားရင်ကောင်းမလဲစဥ်းစားနေစဥ်နားထဲသို့ဝင်လာသောစကားသံတစ်သံကြောင့်နားစွင့်လိုက်သည်။
"မမူတို့အိမ်ရှေ့ခန်းထဲကကောင်မလေးကိုသိတယ်မလား။"
မမူစကားကြောင့်မအေးနှင့်မမြင့်တို့ကနားပိုစွင့်ကာခေါင်းညိတ်ပြလိုက်သည်။
"အဲဒီကောင်မလေးကဘာဖြစ်လို့လဲ မမူ"
မထားအမေးစကားကြောင့်မမူဝမ်းသာအားရသောအပြုံးဖြင့်
"အဲဒီကောင်မလေးပေါ့။ မနေ့ညကသူအခန်းသူပြန်မအိပ်ဘူး။"
"ဘယ်လို"
မထား၊မအေး၊မမြင့်တို့၏ဘယ်လိုဆိုသောစကားကအံ့သြ၍မေးခြင်းမဟုတ်ဘဲအတင်းပြောစရာရသွားသဖြင့်အသေးစိတ်ပြန်ပြောရန်သိချင်၍မေးခြင်းပင်။
"ဒီလို မနေ့ညကမမူ,မမူယောင်္ကျားအလုပ်ကအပြန်ကိုစောင့်နေတာ။အဲကောင်မလေးကမနေ့ည၇နာရီလောက်ကခေါင်မိုးထပ်ကိုတက်သွားတာ။မနက်၇နာရီလောက်မှခေါင်မိုးထပ်မှပြန်ဆင်းလာတယ်လေ။"
"ဟုတ်လို့လား မမူရယ် သေချာမှပြောပါအုံး။"
မထားစကားကြောင့်မမူဆိုသူကမထားကိုမျက်စောင်းတစ်ချက်ထိုးရင်း
"ဟုတ်ပါတယ်ဆို မထားကလည်း မနေ့ညကတစ်ညလုံးမမူတံခါးရှေ့မှာရှိနေတာ။"
"မမူယောကျ်ားကဒါဆိုတစ်ညလုံးပြန်မလာတာလား။"
"မဟုတ်ပါဘူး။ ငါ့ယောင်္ကျားကပိုက်ဆံပိုရအောင်အိုဗာတိုင်ဆင်းတာပါ။ ၉နာရီလောက်ပြန်ရောက်ပါတယ်။ ဒါပေမယ့်ငါကကောင်မလေးအခြေအနေသိချင်လို့စောင့်နေတာ"
မမြင့်၏မေးခွန်းကိုမမူကပုံမှန်အတိုင်းပြန်ဖြေပြီးမှသက်ပြင်းတစ်ချက်ခိုးချလိုက်သည်။
"ဟုတ်လား။"
"ဒါနဲ့မထား,အဲကောင်မလေးကိုသိပ်မသိဘူး။"
ရပ်ကွက်ထဲနေသည့်သက်တမ်းနုသေးသောမထားကအူလည်လည်နဲ့မေးသည်။
"မမူရေပြောပြလိုက်ပါ။"
"မထားကလည်းမမြင့်တို့နှင့်ပေါင်းနေပြီးဒီကောင်မလေးကိုမသိဘူးလား။"
မထားဆိုသူအမေးကိုကျန်သည့်မိန်းမနှစ်ယောက်ကဝိုင်းပြောပြီးမှမမူဆိုသည့်အမျိုးသမီးက
"ဒီလို အဲကောင်မလေးကဒီရပ်ကွက်ထဲမှာနေလာတာသိပ်မကြာသေးဘူး။သူအကြောင်းကမယ်မယ်ရရမရှိပါဘူး။သူ့အဒေါ်ပိုင်တဲ့အခန်းကိုလာနေတယ်။ဒါပါပဲ။"
"သူ့အဒေါ်ကရော မထားတွေ့ရင်အဲကောင်မလေးတစ်ယောက်တည်းကိုပဲတွေ့တယ်။"
"ကောင်မလေးအဒေါ်ကနယ်မှာထင်တယ်နော် မမူ"
"ဟုတ်တယ်..ထင်တယ်။"
မမူနောက်ကစကားလုံးကိုတော့စိတ်ထဲမှာပြောပြီး
"ကဲကဲငါတို့လည်းလုပ်စရာရှိတာလုပ်ရအောင်။နေမြင့်နေပြီ။"
မမူဆိုသည့်အမျိုးသမီးကပြောရင်းတိုက်ခန်းသို့ပြန်တက်ရန်ခြေလှမ်းပြင်သဖြင့်ကျန်သည့်အမျိုးသမီးများလည်းကိုယ့်ရည်ရွယ်ရာကိုလုပ်ရန်လူစုခွဲလိုက်ကြသည်။မမူဆိုသည့်အမျိုးသမီးကတိုက်ရှေ့တွင်ရပ်ကာသူတို့စကားကိုနားထောင်နေမိသောကျွန်တော်ကိုဖြတ်သန်းကာတိုက်ပေါ်သို့တက်သွားသည်။
"အဒေါ်ကြီးတွေများအတင်းပြောစရာမရှိကိုယ့်သမီးအရွယ်ကိုအတင်းပြောတယ်။"
ကျွန်တော်မှတ်ချက်ပေးရင်းတိုက်ရှေ့မှထွက်ပြီးခြေဦးတည်ရာလျှောက်နေဖြစ်သည်။...