Unicode Version
လျို့ဝှက်လွန်းသောသူမ
"မသဇင်နွယ်..."
ရွက်ကြွေစကားကြောင့်ဌာနအခန်းတွင်းရှိနေသောနေ့တေးဆိုနဲ့မသဇင်နွယ်တို့အလုပ်လုပ်ရာမှနှစ်ယောက်လုံးရွက်ကြွေဝေဆီလှည့်ကြည့်လာသဖြင့်ရွက်ကြွေဆက်ပြောလိုက်သည်က
"ရွက်ကြွေဒီနေ့ရုံးစောစောဆင်းလို့ရမလား။"
"ဘာကိစ္စရှိလို့လဲ ရွက်ကြွေ။ အရေးကြီးလို့လား။"
"ဟိုလေ..ရွက်ကြွေဒေါ်လေးနေမကောင်းလို့ရွက်ကြွေသွားကြည့်ချင်လို့ပါ။"
မသဇင်နွယ်ကမေးလာသဖြင့်ရွက်ကြွေပြန်ဖြေလိုက်သည်။
"သြော် ၄နာရီလည်းခွဲတော့မှာဆိုတော့။ သွားလေ။ အစ်မ,HRကိုပြောပေးမယ်။"
"ဟုတ် ကျေးဇူးတင်ပါတယ် မသဇင်နွယ်။"
မသဇင်နွယ်ကနာရီကိုကြည့်ပြီးပြောလာသဖြင့်ရွက်ကြွေကျေးဇူးတင်စကားချက်ချင်းပြန်ပြောကာဌာနမှထွက်လာခဲ့သည်။ဌာနမှထွက်ပေါက်သို့လျှောက်နေသည့်လမ်းတွင်မြည်လာသောဖုန်းသံကြောင့်ရွက်ကြွေဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"ဟယ်လို မမလေး။ မမလေးအခုဆေးရုံကိုလာနေပြီလား။"
"အခုပဲထွက်လာတာ။ ခဏနေဆေးရုံရောက်မယ်။ ဒေါ်လေးအခြေအနေဘယ်လိုရှိလဲ။ သတိရပြီလား။"
"ဆရာဝန်ကြီးတွေစမ်းသပ်နေတုန်းပါ မမလေး။"
"ကောင်းပြီ ......ဆေးရုံမှာပဲမလား။ ဦးကြီးကိုရောအကြောင်းကြားပြီးပြီလား။"
"တကယ်တော့ သူဌေးကဒီရက်ပိုင်းအလုပ်ကိစ္စကြောင့်အိမ်ပြန်မလာသေးဘူး မမလေး။ အဲဒါကြောင့် ခုနက...."
"ငါနားလည်ပြီ။ ဒေါ်လေးကိုဂရုစိုက်ထား။
ခဏနေငါဆေးရုံရောက်မယ်။"
"ဟုတ်ကဲ့ မမလေး။"
ရွက်ကြွေဝေပြောပြီးသည်နှင့်ဖုန်းကိုချလိုက်ကာအလုပ်ထွက်ပေါက်မှထွက်လာကာတွေ့သည့်တက္ကစီတစ်စီးငှားကာဒေါ်လေးရှိရာဆေးရုံသို့လာခဲ့သည်။တစ်လမ်းလုံးလည်းဒေါ်လေးဘာမှမဖြစ်စေရန်ဘုရားစာရွတ်ရင်းဆုတောင်းလာခဲ့သည်။"ကဲ ဒီနေ့တော့အစ်မတို့နှစ်ယောက်ပဲပေါ့။"
အလုပ်ထွက်ပေါက်သို့လျှောက်ရင်းပြောလာသည့်မသဇင်နွယ်၏စကားကိုနေ့တေးဆိုခေါင်းညိတ်ပြလိုက်တော့
"စကားပြောလို့ရပါတယ် ခင်ဗျားကိုအဲအမျိုးသမီးကကိုက်စားမှာစိုးလို့လားဗျ။"
စကားသံကမသဇင်နွယ်ဘေးတွင်နေ့တေးဆိုတို့နှစ်ယောက်နဲ့အတူလိုက်လျှောက်နေသောသရဲကောင်ဆီမှထွက်လာသည်။ထိုစဉ်အလုပ်ထွက်ပေါက်မှထွက်လာပြီးဖြစ်၍
"အစ်မသွားတော့မယ်နော်။ နောက်နေ့မှတွေ့ကြတာပေါ့။"
မသဇင်နွယ်ကနေ့တေးဆိုကိုနှုတ်ဆက်ပြီးသူ့ကားရှိရာသို့သွားကာကားပေါ်တက်၍ကားမောင်းကာပြန်သွားသည်။နေ့တေးဆိုလည်းမိမိကားနားရောက်မှကားတံခါးဖွင့်နေရင်းကားသို့လျှောက်လာသည့်တစ်လျှောက်လုံးဘေးကပါလာသည့်သရဲကောင်ကိုမေးခွန်းထုတ်လိုက်သည်က
"ဘာလို့ငါနားရောက်နေတာလဲ။ ရွက်ကြွေဝေနောက်လိုက်မသွားဘူးလား။"
"သူနဲ့ကျွန်တော်ကမိသားစုချင်းသိပ်မရင်းနှီးဘူးလို့ပြောဖူးတော့လိုက်သွားရမှာသိပ်အဆင်မပြေလို့။ ပြီးတော့လည်းကျွန်တော်သူဆီသို့ရောက်သွားမှာပဲကို။"
"ဘယ်လိုရောက်တာလဲ မင်းတွေးလိုက်တာနဲ့အလိုလိုသူရှေ့ရောက်သွားတာလား။"
"အဲလိုတော့မဟုတ်ပေမယ့် ဟိုတစ်ခါခင်ဗျားတို့နှစ်ယောက်လူနာသွားမေးတဲ့နေ့တုန်းကခင်ဗျားကားကြောင့်ကျွန်တော်လိုက်လို့မရခဲ့ပေမယ့်ခင်ဗျားတို့ဆီကျွန်တော်ရောက်လာခဲ့တာပဲ။"
"မင်းဘယ်ချိန်လောက်ရောက်လာတာလဲ။"
သရဲကောင်အဖြေစကားကြောင့်နေ့တေးဆိုမေးခွန်းမေးလိုက်ပြီးမှကားမှန်ကတဆင့်နေ့တေးဆိုကိုကြည့်နေသောလုံခြုံရေးအခန်းမှဦးလေးကြီးကြောင့်
"ကားပေါ်ရောက်မှဆက်ပြောမယ်။ မင်းကားပေါ်တက်လိုက်။"
နေ့တေးဆို,သရဲကောင်ကိုခပ်တိုးတိုးပြောပြီးဟန်မပျက်ကားပေါ်တက်လာခဲ့သည်။သရဲကောင်ကားနောက်ခန်းထဲရောက်မှနေ့တေးဆိုကားကိုအလုပ်ကားပါကင်မှမောင်းထွက်လာခဲ့သည်။လူသူရှင်းကာအခကြေးငွေပေးစရာမလိုပဲကားကြာကြာရပ်ခွင့်ရမည့်နေရာသို့နေ့တေးဆိုရွေးကာမောင်းလာပြီးကားကိုရပ်လိုက်ကာ
"ငါမေးတာဖြေ မင်းအဲနေ့ကဘယ်ချိန်လောက်လူနာခန်းဆီရောက်လာတာလဲ။"
နေ့တေးဆိုမေးခွန်းကြောင့်သရဲကောင်ကစဥ်းစားနေပုံရပြီးမှပြောလာသည်က
"သူနဲ့အခြားမိန်းကလေးတစ်ယောက်စကားများနေတဲ့အချိန်...ကျွန်တော်ရောက်သွားတဲ့အချိန်က။"
သရဲကောင်ပြန်ဖြေစကားအဆုံးတွင်နေ့တေးဆို,ထိုနေ့အကြောင်းပြန်တွေးလိုက်သည်။
"ကိုနေ့တေးဆို ခင်ဗျားအဆင်ပြေရင်ကျွန်တော်ကိုသွားကြည့်ပေးပါလား။ အမိကဒီရက်ပိုင်းအလုပ်များနေတာနဲ့ကျွန်တော်ကိုသွားမကြည့်ဖြစ်လို့။"
သရဲကောင်စကားကနေ့တေးဆို၏အတွေးကိုပြတ်တောက်စေသည်။နေ့တေးဆိုစိတ်ကငြင်းရန်ပြင်လိုက်သော်လည်းလက်ကတော့ရပ်ထားသောကားကိုစမောင်းကာဆေးရုံသို့မောင်းနေပြီဖြစ်၍နေ့တေးဆိုဘာမှပြန်မပြောဖြစ်ပဲဆေးရုံသို့သာမောင်းလာခဲ့သည်။