Unicode Version
အခန်း - ၃၈
တူတူစားဖြစ်တဲ့ထမင်းတစ်နပ်
"ကဲ စာရွက်စာတမ်းတွေအကုန်ပြည့်စုံတယ်။"
မနက်ဖြန်အတွက်စာရွက်စာတမ်းများကိုစစ်ဆေးပြီးသူ့အခန်းထဲမှထွက်လာသောမသဇင်နွယ်စကားကြောင့်ရွက်ကြွေ,နေ့တေးဆိုကိုကျေနပ်သည့်အကြည့်မျိုးဖြင့်ကြည့်လိုက်တော့
"ပျော်မနေနဲ့။ မနက်ဖြန်ကပိုခက်ခဲမလားမသိတာကို။"
"ကိုနေ့တေးဆိုကတော့ ပြောလိုက်ရင်ဒီအတိုင်းပဲ။ ရွက်ကြွေတို့ကအလုပ်လုပ်နေတာလေ။ ဂိမ်းဆော့တဲ့လူတွေတောင်တစ်ဆင့်ပြီးတစ်ဆင့်ဖြည်းဖြည်းနဲ့နိုင်အောင်ဆော့ကြတာပဲကို။ နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်ကိုယ်ကိုယ့်ကိုလွတ်လပ်အောင်ထားကြည့်ရအောင်ပါ။"
"ဟုတ်တယ် နေ့တေးဆို။ ကိုယ်ကိုယ့်ကိုအရမ်းတင်းကြပ်ပြီးမနေနဲ့။ ဒါပေမယ့်ရွက်ကြွေ,လွတ်လွတ်လပ်လပ်ဆိုတာမှာလည်းနယ်နိမိတ်တွေရှိတာကိုတော့မမေ့သင့်ဘူးနော်။"
"ဟုတ် မသဇင်နွယ်၊ ရွက်ကြွေ မှတ်ထားပါ့မယ်။"
"ပြောတာလမ်းကြောင်းလွဲတော့မလို့။ အစ်မပြောချင်တာက မနက်ဖြန်အတွက်မင်းတို့နှစ်ယောက်အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အစ်မ မင်းတို့ကိုညစာလိုက်ကျွေးမယ်။ မင်းတို့ဘာစားကြမလဲ။"
နေ့တေးဆို၏စကားကိုရွက်ကြွေပြန်ပြောလိုက်သည်ကိုကြားသွားပုံရသည့်မသဇင်နွယ်ကဝင်ပြောလာသည်။
"ရတယ် မသဇင်နွယ်။ ကျွန်တော်မစားတော့ဘူး။"
"အစ်မရယ် ကောင်းတာပေါ့။"
မသဇင်နွယ်၏စကားအဆုံးတွင်ဆန့်ကျင်ဘက်ဖြစ်စွာထွက်လာသည့်စကားနှစ်ခွန်းကြောင့်မသဇင်နွယ်ကပြုံးလိုက်ပြီး
"နှစ်မဲတစ်မဲနော် နေ့တေးဆို။ ပစ္စည်းတွေသေချာသိမ်းပြီးသုံးယောက်သားသွားကြတာပေါ့။ ကားကိုတော့နေ့တေးဆိုစိုက်လိုက်နော်။ အစ်မကားကပြင်ဆိုင်မှာနေနေလို့။"
မသဇင်နွယ်ကပြောပြီးသူ့အခန်းထဲပြန်ဝင်ကာပစ္စည်းများကိုသိမ်းနေသဖြင့်ရွက်ကြွေနဲ့နေ့တေးဆိုလည်းသိမ်းဆည်းစရာများကိုသေချာသိမ်းဆည်းကြပြီးနောက်သုံးယောက်သားအတူတူအလုပ်ရုံးခန်းမှတစ်ဆင့်နေ့တေးဆို၏ကားရပ်ထားသောအလုပ်၏ကားပါကင်သို့လျှောက်လာလိုက်သည်။
