Unicode Version
ဒီနေ့စက်ဝန်းတစ်ယောက်သူငယ်ချင်းကုမ္ပဏီတွင်အလုပ်နဲ့ပက်သက်၍ဆွေးနွေးစရာကိစ္စရှိ၍သူငယ်ချင်းကုမ္ပဏီကိုသွားရာမှစက်ဝန်း,သူ့ကိုထပ်တွေ့လိုက်ရသည်။သူ့ကိုစက်ဝန်းထပ်တွေ့လိုက်ရသည့်နေရာကစက်ဝန်းသူငယ်ချင်းကုမ္ပဏီ၏သန့်စင်ခန်းအဝတွင်ဖြစ်သည်။စက်ဝန်းသန့်စင်ခန်းထဲအဝင်၊သူကအထွက်ဖြစ်သည်။သူကရေစိုနေသောသူ့လက်ကိုခါနေရင်းသန့်စင်ခန်းထဲမှထွက်သွားသော်လည်းသူ့လက်ခါလိုက်ရာမှသူ့လက်ထဲကလက်စွပ်,လက်ကချော်ထွက်သွားသည်ကိုစက်ဝန်းမြင်လိုက်၍ကြမ်းပြင်ပေါ်လက်စွပ်လေးမကျခင်စက်ဝန်းလက်စွပ်လေးကိုအမြန်ဖမ်းကာနောက်ကလိုက်ပေးရန်,သူ့ကိုကြည့်သော်လည်းသူကစက်ဝန်းမြင်ကွင်းထဲမှပျောက်သွားပြီဖြစ်သည်။ထိုကြောင့်စက်ဝန်းလက်စွပ်ကိုကုတ်အင်္ကျီ၏အတွင်းအိတ်ကပ်ထဲထည့်ပြီးလုပ်စရာရှိသည်ကိုသာဆက်လုပ်လိုက်သည်။
သူငယ်ချင်းဖြစ်သူနဲ့အလုပ်ကိစ္စစကားပြောပြီးပြီဖြစ်၍အစည်းအဝေးအခန်းမှစက်ဝန်းထွက်လာပြီးမိမိကုမ္ပဏီကိုပြန်ရန်စဥ်းစားနေစဥ်ရုတ်တရက်ဝင်လာသောဖုန်းအဝင်ကောလ်ကြောင့်ဖုန်းကိုကိုင်ကာဖြေလိုက်သော်လည်း
ဖုန်းလိုင်းအဆင်မပြေကာတဂျီဂျီဖြစ်နေသဖြင့်စက်ဝန်းလူရှင်းသည့်အရေးပေါ်လှေကားသို့သွားကာဖုန်းပြောနေစဥ်
"အား"
အော်သံလိုအသံသဲ့သဲ့ကြားလိုက်၍ဖုန်းကိုင်ထားရင်းနဲ့ပင်စက်ဝန်းအသံလာရာကိုသွားကြည့်လိုက်မိသည်။မိမိလည်ပင်းကိုမိမိလက်ဖြင့်ညှစ်ကာလေထဲတွင်ဝဲနေသောသူ့ကိုစက်ဝန်းတွေ့လိုက်ရသဖြင့်လေထဲရောက်နေသောသူကိုလှမ်းဖက်၍ဆွဲချကာသူ့လည်ပင်းကိုညှစ်နေသောသူ့လက်တွေအား,စက်ဝန်းဖယ်ပေးမိသည်။သို့သော်လည်းပုံမှန်လက်တွေလိုမဟုတ်ပဲအလွန်ခိုင်မြဲနေသဖြင့်စက်ဝန်းအားအလွန်စိုက်ပြီးမှသာလက်တစ်ဖက်ကိုဖယ်ထုတ်ရလိုက်သည်နှင့်
"လက်စွပ်"
စက်ဝန်းကြားလိုက်ရသည့်လက်စွပ်ဆိုသောအလွန်တိုးသောလေသံနဲ့ပြောသည့်စကားဖြစ်သဖြင့်စက်ဝန်းအတွင်းအိတ်ကပ်ထဲတွင်ထည့်ထားသောသူကျကျန်ခဲ့သောလက်စွပ်ကိုအမြန်ထုတ်ကာသူ့လက်တွင်ဝတ်ပေးလိုက်သည်။ပြီးမှကျန်လက်တစ်ဖက်ကိုအားစိုက်ဖယ်ရန်စက်ဝန်း,ခွန်အားအလွန်သုံးမိသော်လည်းအားစိုက်မလိုပဲအလွယ်တကယပင်ဖယ်လိုက်နိုင်သဖြင့်စက်ဝန်းအံ့သြနေမိစဥ်သူကမျက်လုံးနှစ်လုံးကိုဖြည်းဖြည်းဖွင့်ကာလေကိုအငမ်းမရရှုနေသည်။စက်ဝန်း,သူပုံမှန်အသက်ရှုသလိုပြန်ဖြစ်သည်အထိကြည့်နေမိစဥ်
"ဟယ်လို.. ကိုကြီး ဟယ်လို ဟယ်လို"
ဆိုသောဖုန်းထဲကအော်ပြောသည့်မျက်ဝန်းအသံကိုကြားမှစက်ဝန်းသတိပြန်ဝင်ကာဖုန်းကိုယူပြီးထိုနေရာမှစက်ဝန်းထွက်လာရင်း
"ပြော မျက်ဝန်း ကိုကြီးနားထောင်နေတယ်။"
"ဘာဖြစ်သွားတာလဲ။ လိုင်းကတစ်ခုခုများဖြစ်သွားတာလားမသိဘူး။ မျက်ဝန်း,ကိုကြီးအသံမကြားရတော့လို့။"
"မျက်ဝန်းပြောပြစရာရှိတာဘာများလဲ။"
စက်ဝန်း,ညီမဖြစ်သူမျက်ဝန်းကိုစကားလမ်းကြောင်းလွှဲမိသည်။
"ဟိုဟာလေ ကိုလေးကိုလူစိမ်းတစ်ယောက်.."
မျက်ဝန်းဆီမှကြားလိုက်ရသည့်စကားကြောင့်စက်ဝန်းတစ်ယောက်အချိန်မဆွဲပဲကားရှိရာကားပါကင်သို့အမြန်ပြေးသွားကာကုမ္ပဏီသို့ပြန်ရန်စဥ်းစားထားသည်ကိုဖျက်ပြီးညီဖြစ်သူရှိရာဆေးရုံသို့သာကားကိုစက်ဝန်းအမြန်မောင်းလာခဲ့မိသည်။