Unicode Version
အခန်း - ၃၅
ပိုနီးလာတဲ့ခြေတစ်လှမ်း
မမလေးကိုအိမ်သို့ပြန်ပို့ပေးပြီးသည်နှင့်သူ,သူဌေးရှိသည့်အိမ်တော်သို့မပြန်ဖြစ်သေးပဲတစ်နေရာသို့ဦးတည်မောင်းနှင်လိုက်သည်။ သူဦးတည်မောင်းနှင်သောတစ်နေရာကားအခြားနေရာမဟုတ်သူအိမ်တော်၏သက်တော်စောင့်မဖြစ်ခင်ကသူဌေးတာဝန်ပေးထားသည့်သူသက်တော်စောင့်ဖြစ်ခဲ့သောအိမ်ကိုပင်။ သူမောင်းလာသောကားကိုခြံရှေ့တွင်ရပ်လိုက်ပြီဆိုလျှင်ပွင့်လျှက်ရှိနေသောခြံတံခါးနှင့်အတူကားပါကင်ထဲရောက်အောင်မရပ်ထားသည့်ကားတစ်စီးကိုတွေ့လိုက်ရသည်။
ကားနံပါတ်ကိုသူအမှတ်မမှားလျှင်ထိုကားသည်အစောပိုင်းကကားပါကင်တွင်မမလေးကိုတိုက်ရန်ကြိုးပမ်းသည့်ကားပင်။ သူ၏သံသဃများမှန်မမှန်စစ်ဆေးရန်၊သူကားပေါ်ဆင်းပြီးထိုကားနားကိုသွားကာအသေအချာစစ်ဆေးနေချိန်တွင်
"ဘယ်သူလဲ။"
မေးခွန်းကြောင့်သူ,နောက်သို့လှည့်ကြည့်လိုက်တော့မေးခွန်းမေးသူကအခြားလူမဟုတ်အိမ်၏ပိုင်ရှင်မပန်းသစ်ခွပင်။
"ဟင် နင် သက်တော်စောင့်ဟောင်း ငါနင့်ကိုမတွေ့တာကြာပါပြီ။ အဖြုတ်ခံရပါစေလို့တောင်းနေတဲ့ဆုပြည့်သွားပြီလို့ထင်နေတာ။"
"တောင်းတိုင်းဆုတွေပြည့်ရိုးရှိလို့လား မပန်းသစ်ခွရဲ့။"
ဆက်ပြောလာသည့်မပန်းသစ်ခွ၏စကားကိုသူ,ပြန်ပြောမိတော့သူလက်ခံရရှိသွားသည်ကပူနွေးသွားတဲ့ပါးပြင်တစ်ဖက်ကိုသာ။
"နင်လိုကောင်ကများအတင့်ရဲလို့ ရာရာစစငါ့နာမည်ကိုခေါ်ရဲတာလား။"
ပြောရင်းနောက်တစ်ချက်ရိုက်ရန်ပြင်ဆင်လာသည့်ပန်းသစ်ခွ၏လက်တို့ကိုသူ,လျင်မြန်စွာချုပ်ကိုင်လိုက်ပြီး
"တစ်ခါဆိုလုံလောက်ပြီ မဟုတ်ဘူး။ စကားထက်လက်မမြန်ရန်ကောင်းမယ် မပန်းသစ်ခွ။"
သူ့စကားအဆုံးတွင်သူ့ပါးပြင်ကိုထပ်မံရည်ရွယ်လာသောနောက်လက်တစ်ဖက်ကိုသူအမီအရဖမ်းဆွဲလိုက်တော့မရည်ရွယ်ပါပဲသူတို့နှစ်ယောက်အနေအထားသည်နီးကပ်သွားသည်။