သူမ သွားပြီးဆွေးနွေးခဲ့သည့် ကော်ဖီခြံနှင့်လုပ်ငန်းကိစ္စက နှစ်ဦးနှစ်ဖက်အဆင်ပြေစွာဖြင့် ပြောဆိုညှိနှိုင်းကာ တစ်ခါတည်းပင် ပူးပေါင်းဖို့အတွက်ကို သဘောတူညီချက်ရခဲ့လေသည်။သို့နှင့်ပင် လုပ်ငန်းကိစ္စတွေတိုင်ပင်ပြီးကြသည်နှင့် နေ့လည်စာစားပြီးချိန်တွင် ထိုကော်ဖီခြံ၏ CEO က သူမကို ခြံတစ်ခြံလုံးလိုက်လံပြသသည်။ပြီးလျှင် သူတို့၏ခြံထွက်ကော်ဖီစေ့ကိုကြိတ်ကာ ဖျော်ထားသည့်ကော်ဖီမျိုးစုံအား စိတ်ကြိုက္မြည်းစမ်းခိုင်းသည်။ထို့နောက် ခြံထဲတွင်ရှိသော Cafe မှာ Barista သင်တန်းတက်ဖူးသည့်သူမက ကိုယ်တိုင်ပင် ကော်ဖီစေ့လှော် ကြိတ်ကာဖျော်နှင့် အမျိုးမျိုးလက်တည့်စမ်းသည်။သူတို့၏ခြံက စီစဉ်ပေးသော Trekking လုပ်ငန်းသည် သူမတို့ Hostel နှင့် ပူးပေါင်းရခြင်းအကြောင်း၏ အဓိကအကြောင်းအရင်းဖြစ်သောကြောင့် နှစ်နာရီမျှကြာသည့် Trekking လမ်းကြောင်းကိုပါ သူမက အစမ်းအနေနှင့် တစ်ခါတည်းသွားဖို့ဆုံးဖြတ်ခဲ့လေရာ ဒေါက်ဖိနပ်နှင့်မို့ အတော်ပင်အီဆောင့်သွားရလေသည်။
ထိုသို့ဖြင့် Hostel ပြန်ရောက်လျှင် ညနေစောင်းနေပြီဖြစ်ပြီး လူကလည်း မဟန်နိုင်အောင် ညောင်းကိုက်နေရပြီဖြစ်သည်။ရောက်ရောက်ချင်း သီဟတို့ကိုအကျိုးအကြောင်းဝင်ပြော၍ ညစာမစားတော့သည့်အကြောင်းကိုပါ တစ်ခါတည်းပြောပြီးလျှင် အခန်းဆီသို့ မနည်းလမ်းလျှောက်ပြန်လာရသောခြေလှမ်းတွေမှာ ယိုင်တိုင်တိုင်၊ယိမ်းထိုးထိုးရယ်နှင့်သာပင်။
ထို့ကြောင့် အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်ပစ်လှဲရန် စိတ်ကူးလိုက်ပြီးမှ တစ်နေကုန်သွားလာထားသည့်အဝတ်အစားတွေက မချွတ်ရသေးသောကြောင့် စိတ်ကိုထိန်းကာ အရှိန်သတ်လိုက်ရသည်။
သို့နှင့် ဆိုဖာမှာ ခဏလောက်ကြာအောင် ခြေပစ်လက်ပစ်ထိုင်နားပြီး ရေတစ်ခွက်သောက်ပြီးမှသာလျှင် ရေချိုးရန်ပြင်ရသည်။တကယ်ဆို ဒီလိုနေ့မျိုးမှာ ရေပူနှင့်အားရပါးရစိမ်လိုက်ရမှ သူမအနေနှင့် သက်တောင့်သက်သာဖြစ်မည်ဆိုသော်လည်း ဒီအခန်းက ရေပူမရပေ။သီဟတို့အိမ်မှာလည်း Bathtub ရှိကာ ရေပူရပေမဲ့ ဇီဇာကြောင်သောသူမက သူများ Bathtub ထဲသွားမစိမ်ချင်။ထိုသို့ဖြင့် အမျိုးမျိုးတွေးနေရင်းနှင့်မှ နောက်ဆုံးတော့ ဘယ်လိုမှမဖြစ်နိုင်သည့်ရေပူစိမ်ခြင်းကိုလက်လျှော့လိုက်ကာ စိတ်နာနာနှင့်ပင် ရေအေးတွေကြားတိုးဝင်၍ ခေါင်းလျှော်ရေချိုးပစ်လိုက်သည်။ထို့နောက် ဆံပင်တွေကို အမြန်ခြောက်အောင်လေမှုတ်ကာ လိုးရှင်းပင်မလိမ်းနိုင်တော့ဘဲ ကုတင်ပေါ် ပစ်လှဲလိုက်လျှင် ခဏလေးအတွင်း၌ တစ်ချိုးတည်းအိပ်ပျော်သွားလေတော့သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...