ညနေရုံးဆင်း၍အိမ်ပြန်ရောက်လျှင် ရေချိုးခန်းထဲကထွက်လာသောသူမအား သူက
"အဲ့ဝန်ထမ်းရဲ့လိပ်စာကို ကိုယ် သဲဆီပို့ပေးထားတယ်နော် ကြည့်လိုက်ဦး..."
သူမက သူ့ခါးကိုတင်းနေအောင် ဝမ်းသာအားရဖက်၍ ခေါင်းလေးကိုရင်ဘတ်မှာဖိကပ်ကာ ကျေနပ်စွာပြုံးရင်းပြောမိသည်။
"ကျေးဇူးပါနော် ကို..."
သူက နဖူးလေးကိုဖွဖွငုံ့နမ်း၍
"ယောက်ျားကိုကျေးဇူးတင်ရင် မိန်းမက ဘယ်လိုကျေးဇူးပြန်ဆပ်ရလဲ သိလား..."
သူမက သူ့ရင်ခွင်ထဲကနေ ညစ်ကျယ်ကျယ်ပြုံးလိုက်မိရင်း
"မသိဘူး လောလောဆယ်မသိချင်သေးဘူး အလုပ်ရှုပ်နေသေးတယ်..."
"အဟွန်း ကိုယ်ကစတာပါ...။ကျန်တာတွေမတွေးဘဲနဲ့ ကိုယ့်အလုပ်ကိုယ်ပဲ စိတ်လွတ်ကိုယ်လွတ် အာရုံစိုက်ပြီးတော့လုပ်...။ဒီရက်ပိုင်း ကိုယ်က လွှတ်ပေးထားဦးမှာ..."
"အွန်း အဲ့အတွက်ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော်..."
"အဲ့ကျေးဇူးတွေကိုပြန်ဆပ်ဖို့ သေချာစာရင်းနဲ့မှတ်ထား..."
ထို့နောက် သူ ရေချိုးခန်းထဲဝင်သွားသည်နှင့် သူမက စာကြည့်ခန်းထဲဝင်ခဲ့ကာ ပို့ပေးထားသည်ကိုကြည့်လိုက်သည်။ထိုကောင်လေး၏လိပ်စာနှင့် မိသားစုအကြောင်းတွေပါ စုံစုံလင်လင်ပို့ပေးထားသည်မို့ အကုန်လုံးကိုသေချာဖတ်ကြည့်နေရင်းမှ ဖြေရှင်းရမည့်နည်းလမ်းအား တစ်ခါတည်းစဉ်းစားရသည်။
နံနက်ရောက်လျှင် ရုံးတက်ချိန်မှာ သူမက ဟိုတယ်ဘက်ကိုခဏသွား၍ မနန်းမိုအား မှာစရာရှိတာမှာထားခဲ့ပြီးလျှင် အပြင်သို့ထွက်ခဲ့လိုက်တော့သည်။ထိုကောင်လေးနေသော ညောင်ရွှေနားကရွာလေးဆီသို့ လိုက်သွားကြည့်ပြီး လိပ်စာအတိုင်းမေးမြန်းကာသွားလိုက်လျှင် ထိုအိမ်သို့ တန်းတန်းမတ်မတ်ပင်ရောက်သွားလေသည်။သူမက အိမ်ရှေ့မှာခဏရပ်ကာ တစ်ချက်အကဲခတ်ကြည့်လိုက်လျှင် အတော်အတန်ကျယ်ဝန်းသောခြံဝင်းထဲ၌ ရာသီပေါ်သီးနှံတို့စိုက်ပျိုးထားပုံရသည့်စိုက်ခင်းအသေးလေးနှင့် မြင်နေရသည့် တစ်ထပ်ထရံကာအိမ်လေးသည် မသားနားသော်လည်း သန့်ရှင်းသပ်ရပ်ပါသည်။ထို့နောက် လူရိပ်လူယောင်မတွေ့ရသေးသောကြောင့် ခြံထဲသို့ဝင်သွားလိုက်သောအခါတွင် အိမ်ထဲကနေ ကျောင်းသူအရွယ် ကောင်မလေးတစ်ယောက်ထွက်လာကာ သူမကို အံ့ဩစူးစမ်းသည့်ပုံစံနှင့်ကြည့်၍ ဘာမှမပြောသေးဘဲ အိမ်ထဲသို့ပြန်ဝင်သွားသည်။ဒီနေ့ သူမက ပုံမှန်ဝတ်နေကျအတိုင်း ခေတ်မီလွတ်လပ်သောပုံစံ သို့မဟုတ် ရုံးတက်သကဲ့သို့ သားနားသန့်ပြန့်သောပုံစံမျိုးလည်းမဟုတ်ဘဲ ရိုးရိုးတန်းတန်း ချည်သားရှမ်းအင်္ကျီပင်နီလေးကို ပတ်ထမီအနက်ရောင်လေးနှင့်သာ တွဲဝတ်ထားခြင်းဖြစ်သည်။ခဏလောက်အကြာမှာ ကောင်မလေးပြန်ထွက်လာလျှင် ပိန်ဖျော့ကာ ခြောက်ကပ်နေသောအသားအရေနှင့် လူကြီးတစ်ယောက်ပါလိုက်လာကာ အထုတ်တွေဆွဲရင်း အိမ်ရှေ့မှာရပ်နေသောသူမကိုကြည့်၍ အမေးစကားဆိုလာသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...