နိုးလာသည်နှင့် သူမက တင်းကျပ်စွာပွေ့ဖက်ထားသော လက်တွေကြားကနေ သူ့မျက်နှာကိုအရင်မော့ကြည့်လိုက်သည်။မနေ့ညက အိပ်ချင်လွန်းသောကြောင့် အဓိပ္ပါယ်မရှိတာတွေပြောလိုက်မိသည့်သူမကို စိတ်ကောက်သွားသောသူသည် အခုတော့ တည်ကြည်အေးဆေးစွာပင် အိပ်နေရှာလေသည်။အိပ်နေသည့်အချိန်မှာ ဘယ်လိုပဲနေနေ ချစ်ဖို့ကောင်းလွန်းသောမျက်နှာအား သေချာကြည့်နေမိရင်းမှ နက်မှောင်ထူတန်းနေသောမျက်ခုံးတွေကို လက်ညှိုးလေးနှင့်အသာအယာထိကိုင်လိုက်သည်။ပြီးလျှင် ဖြောင့်တန်းနေသောနှာတံဆီသို့တရွေ့ရွေ့ဆင်းလာရင်း ဖွဖွလေးတို့ထိကြည့်လိုက်လျှင် ယောက်ျားလေးတန်မဲ့ အဖုအပိန့်ကင်းကာ ကြည်ရှင်းနေသောအသားအရေက ဆားဝက်ခြံတောင်ရှိမနေပေ။အသားအရေကောင်းသည့်သူဆို အော်တိုသဘောကျတတ်သောသူမက သူ့မျက်နှာကိုသဘောကျစွာကြည့်နေရင်း မနေနိုင်တော့သည်ကြောင့် အသာဖိကပ်ကာနမ်းလိုက်မိသည်။
ထို့နောက် မျက်နှာအစိတ်အပိုင်းတွေကို တစ်ခုချင်းစီ ညင်သာစွာ ပွတ်တိုက်နမ်းရှိုက်နေသော်လည်း သူကတော့ အခုထက်ထိ မျက်တောင်တစ်ချက်လှုပ်မလာသေး။နေရာအနှံ့ရောက်အောင် တရွရွဖိကပ်နမ်းနေမိရင်း နောက်ဆုံးမှာ နှစ်သက်ရသောသူ့နှုတ်ခမ်းတွေဆီရောက်လျှင် ခါတိုင်းလို နူးညံ့စွာမနမ်းတော့ဘဲ သူနမ်းနေကျပုံစံအတိုင်း နှုတ်ခမ်းတစ်ခုလုံးကိုဆွဲယူကာ နမ်းရှိုက်ပစ်လိုက်သည်။အားအပြည့်နှင့်နမ်းနေသောသူမကြောင့် သူ့နှုတ်ခမ်းအပေါ်ထောင့်လေးက တစ်ချက်တွန့်သွားသော်လည်း မျက်လုံးတွေကတော့ဖွင့်မလာသေးပေ။သူမက အားရပါးရနမ်းနေတာတောင် တုတ်တုတ်မှမလှုပ်သောသူ့ကို အသည်းယားလာရလျှင် သူ့ကိုယ်ပေါ်တက်ကာ ရင်ဘတ်ချင်းထပ်၍ ပါးနှစ်ဖက်ကိုဖွဖွညှပ်ကိုင်ရင်း နောက်တစ်ကြိမ်ထပ်ပြီး မလွှတ်တမ်းနမ်းလိုက်ပြန်သည်။ထိုသို့ဖြင့် အနမ်းတွေကပို၍အားပါလာသောအချိန်တွင် သူ့ဆီမှ အသက်ရှုသံတွေမြန်လာသောကြောင့် သူမကရပ်လိုက်ကာ
"ကို နိုးပြီလား..."
တကယ်တော့ သူမ စတင်ထိကိုင်လိုက်သည့်အချိန်ကတည်းကပင် သူကနိုးလာခဲ့ခြင်းဖြစ်သည်။သို့သော် မနေ့ညကအရှိန်နှင့် သူမချော့တာကိုခံချင်သေးသည်ကြောင့် မထဖြစ်သေးဘဲ အသာငြိမ်နေလိုက်ကာ အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းပင်။မျက်နှာတစ်ခုလုံးကို နူးညံ့လှသောအထိအတွေ့လေးက တရွရွပြေးလွှားကာ သူ့စိတ်တွေကိုဖမ်းစားနေသော်လည်း သူက မတုန့်ပြန်မိစေရန် စိတ်ကိုထိန်းထားသည်။နေရာအနှံ့ရောက်နေသော သူမ၏နှုတ်ခမ်းလေးတွေက နမ်းနေရင်း သူ့နှုတ်ခမ်းတွေဆီကိုရောက်လာသည့်အချိန်တွင် သူက ယောင်ပြီးတုန့်ပြန်မိတော့မလိုဖြစ်သွားပေမဲ့ ရအောင်တင်းခံထားလိုက်နိုင်သေးသည်။သို့ရာတွင် သူ့ကိုယ်ပေါ်တက်လာကာ အနမ်းတွေကရှည်ကြာလာသောအချိန်မှာတော့ သူက ဆက်ပြီးချုပ်တည်းထားနိုင်စွမ်းမရှိတော့။သူမတစ်ချက်လှုပ်လျှင်တောင် စိတ်လှုပ်ရှားရင်ခုန်ရသောသူမို့ ဒီထက်ပိုပြီးစိတ်ကိုတင်းမထားနိုင်တော့ဘဲ အလိုလိုတုန့်ပြန်လာသောသူ့ခန္ဓာကိုယ်က ကိုယ်အပူချိန်တွေတက်၍ အသက်ရှုတွေပါမြန်လာရလေပြီ။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...